စစ်ကိုင်းတိုင်းမုံရွာမြို့တွင် စစ်ကောင်စီတပ်ကားများ ဖောက်ခွဲခံခဲ့ရပြီး ထိခိုက်သေဆုံးမှုများလည်းရှိကြောင်း ဒေသခံများက ပြောသည်။
စက်တင်ဘာ ၂၉ ရက် နံနက် ၆ နာရီခန့်က ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များနှင့် မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကိုယ်စားပြု) သံမဏိတပ်ဖွဲ့ဝင် ခွန်ဆာတို့ ပူးပေါင်း၍ မုံရွာတောင် ကညနရုံး ၊မုံရွာမြောက် အကောက်ခွန်ရုံး နှင့် စက်မှုဇုန်လမ်းခွဲထိပ် တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ၏ ကား သုံးစီးအား ဖောက်ခွဲခဲ့သည်။အဆိုပါဖောက်ခွဲမှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်မှငါးဦးအထက် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
“အသံက အုန်းခနဲပဲ တော်တော်ကျယ်တယ်။ အိပ်နေရာကနေကို ထထိုင်မိတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် Monywa The Boys နှင့် Monywa UG Group တို့သည် ယနေ့ညနေ ၄ နာရီဝန်းကျင်ခန့်က သာစည်လမ်း မြို့မရွှေဂူကျောင်းအနီးတွင် အကြမ်းဖက်စစ်ကောင်စီကို အားပေးအားမြှောက်ပြုခြင်း၊ အကြမ်းဖက်လုပ်ရပ်များတွင် ကိုယ်တိုင်ပါဝင်ခြင်း၊ စစ်မှုထမ်း ဟောင်း၊ ပျူစောထီးအဖွဲ့ဝင်၊ စစ်ကောင်စီသတင်းပေး၊ အကြမ်းဖက်စစ်ကောင်စီအတွက် လူသစ်စုဆောင်းပေးခြင်းများကို ပြုလုပ်နေသည့် သန်းဌေးဆိုသူအား သေ နတ်လေးချက်ပစ်၍ ရှင်းလင်းခဲ့ကြောင်း အဆိုပါအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

Public Service Announcement
ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များနှင့် မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကိုယ်စားပြု) သံမဏိတပ်ဖွဲ့ဝင် ခွန်ဆာတို့ ပူးပေါင်း၍ စက်တင်ဘာ ၂၃ရက်ကလည်း မုံရွာ-မန္တလေးလမ်းမပေါ်နတ်ရေကန်ရွာနှင့် ရေပိုးစားရွာအနီးတွင် မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခြောက်ဦးထက်မနည်း သေဆုံးသွားခဲ့ကြောင်း အသိပေးခဲ့သည်။


















































