စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းပျူစောထီးကျေးရွာရှိ စစ်ကောင်စီကင်းဂိတ်များအား ဝင်ရောက်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း Myanmar Defense Force – Shwebo အဖွဲ့တာဝန်ရှိသူက ပြောသည်။
စက်တင်ဘာ ၃၀ ရက် နံနက် ၃နာရီခန့်က မြင်းချင်းပျူရွာရှိ ကင်းဂိတ်သုံးခုအား တော်လှန်ရေးအင်အားစုများက တပြိုင်တည်း တိုက်ခိုက်ခဲ့ရာ နာရီဝက်ခန့်အပြင်းအထန် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း Myanmar Defense Force – Shwebo အဖွဲ့တာဝန်ရှိသူက ပြောသည်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးမှာ ကင်းနေရာတွင် သေဆုံးခဲ့ကြောင်း၊ တော်လှန်ရေး ရဲဘော်တစ်ဦး လက်နက်ကြီးစထိမှန်၍ အသေးစား ဒဏ်ရာရရှိခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။
“ရွာပတ်ပတ်လည်မှာချထားတဲ့ ကင်းစခန်းတွေပါ။ ရွာခြေကင်းစခန်းထိရောက်အောင် ပစ်နိုင်ခဲ့တယ်။ မီတာ ၂၀၀လောက်အထိရောက်ပြီး ထိပ်တိုက်ပစ်နေပြီ။ အဲဒီမှာပျူရွာတွေက တပ်ကူလာပြီးပစ်လို့ ဆုတ်ခဲ့တာ။ အဓိကကတော့ ရွာထဲကင်းတွေအထိ သိမ်းဖို့အထိ ရည်ရွယ်ပြီးတက်သွားတာ။”ဟု Myanmar Defense Force – Shwebo အဖွဲ့တာဝန်ရှိသူက ပြောသည်။

Public Service Announcement
ကျန်ပျူစောထီးများသည် မြင်းချင်းပျူရွာအတွင်းသို့ ပြန်ဆုတ်သွားကြောင်း၊ ၎င်းတို့အား လိုက်လံပစ်ခတ်သော်လည်း ပန်းရံရွာနှင့် လိပ်ချင်းကျေးရွာမှ ပျူစောထီးများ တပ်ကူရောက်လာ၍ ပြန်ဆုတ်ခဲ့ကြောင်း Shwebo Federal Armyအဖွဲ့က ဆိုသည်။
ယင်းစစ်ဆင်ရေးကို MDF-Shwebo နှင့် ဗိုလ်မိကျောင်း ၊မုံရွာခရိုင်တပ်ရင်း-၄ တပ်ခွဲ(၁)၊ ဇေယျာရွှေမြေ၊ မင်းညီနောင်၊ MONYWA SPECIAL ဒိတ်ဒိတ်ကြဲ၊ ဇေယျာရွှေမြေ၊ အနောက်မြောက်လွင်ပြင်၊ MC Shwebo (PDF)၊ ဒေါင်းဖြူဂျစ်တူး ၊ ဒေါင်းမာန်၊ မဟူရာရွှေဘိုသား၊ ဗိုလ်မဟာ၊ Shwebo Federal Army၊ Eye For Eye ၊HG Fighter ၊ ဒေါင်းစစ်သည် ၊ ဗိုလ်လင်းရောင် တပ်ဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်သည် မြင်းစီးပျူရွာ၌တပ်စွဲကာ ရွှေဘိုအနောက်ခြမ်းရှိ ကျေးရွာများအား စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်ကလည်း မြင်းချင်းရွာရှိ စစ်ကောင်စီတပ်အား ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့သေးသည်။


















































