စစ်ကိုင်းတိုင်း၊ ရွှေဘို – မန္တလေးလမ်းပိုင်းရှိ ဆားတောင်ရဲစခန်းကို ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်၍ ပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
အောက်တိုဘာ ၁ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က စစ်ကိုင်းမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားသည့် ဆားတောင်ရဲစခန်းအား ဒရုန်းဖြင့် (၆၀) မမ ဗုံးသီး ငါးလုံးချတိုက်ခိုက်ခဲ့ကြောင်း ကြောင်လက်သည်း Local PDFအဖွဲ့၏ တာဝန်ခံက ပြောသည်။
“တမြန်နေ့ညက အင်အား၃၀ဖြည့်ထားတာရယ်။ မနက်ပိုင်းမှာ ထိတွေ့မရှိဘဲ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်နေတာကြောင့် ညနေပိုင်းမှာ သွားတိုက်တာ။စခန်းပေါ်အတိအကျ ရတယ်(ကျတယ်)။”ဟု အထက်ပါတာဝန်ခံကဆိုသည်။

စစ်ကောင်စီဘက်ကလည်း (၆၀) မမ လက်နက်ကြီး လေးလုံးဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟုကြောင်လက်သည်း Local PDFအဖွဲ့က ပြောသည်။

Public Service Announcement
လက်နက်ကြီးကျည်မှာ လူနေရပ်ကွက်အတွင်းကျရောက်ပြီး အမျိုးသမီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။
စစ်ဆင်ရေးကို ကြောင်လက်သည်း Local pdf၊ Dynamite-2 Local pdf၊ နန်းတက်မင်း Local pdf အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
ဆားတောင်နယ်တွင် ပြီးခဲ့သည့် ဇွန်လအတွင်းက ပြည်သူ့ကာကွယ်ရေးစခန်းအချို့ စီးနင်းခံခဲ့ရပြီး ကျေးရွာ ၆ရွာခန့် မီးရှို့ဖျက်ဆီးခံခဲ့ရသေးသည်။


















































