▪︎စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဘုရားဂေါပကအဖွဲ့ လုံခြုံရေးတာဝန်ယူထားစဉ် ပျောက်ဆုံးသွားခြင်းဟုဒေသခံများပြော
ရွှေသင်္ကန်းကပ်ရန်ပြင်ဆင်နေသည့် ရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိတ်မြို့မှ နာမည်ကြီး ရွှေတိဂုံစေတီတော်ပုံစံတူစေတီအား စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဘုရားဂေါပကအဖွဲ့ လုံခြုံရေးတာဝန်ယူထားစဉ် ကျပ်သိန်းပေါင်းသုံးသောင်းခန့်တန်ကြေးရှိသော စိန်ဖူးတော် ပျောက်ဆုံးသွားကြောင်း ဒေသခံများကပြောသည်။
“စိန်ဖူးတော် အခိုးခံရပြီ။ ဘတ် ၂၈ သန်းထက်မနည်းတန်တယ်။ ရင်ပြင်မှာက စစ်တပ်နဲ့ ရဲတွေရယ် ဘုရားဂေါပကရယ်လုံခြုံရေးယူထားတုန်း ပျောက်တာ။ အခု တစ်မြို့လုံးပွက်လောရိုက်နေပြီ” ဟု မြို့ခံတစ်ဦးကပြောသည်။
တာချီလိတ်ရွှေတိဂုံစေတီတော်မှ စိန်ဖူးတော် ပျောက်ဆုံး နေသည်ကို ယမန်နေ့( မတ်လ၁၄) ညကမှ စတင်သိရှိရခြင်းဖြစ်သည်။ စေတီတော်အား ရွှေသင်္ကန်းကပ်ရန် ငြမ်းဆင်နေပြီး ယခုကဲ့သို့ စိန်ဖူးတော် ပျောက်ဆုံးနေမှုကို ဒေသခံများက ထင်ကြေးအမျိုးမျိုးပေးနေကြသည်။

Public Service Announcement
“ခေတ်ပျက်မှာ ဘုရားစိန်ဖူးတော်ပါ တက်ခိုးပြီထင်တယ်။ ကျတော်တို့ကတော့ စစ်အုပ်စုအပေါ် သံသယရှိတယ်။ မှောင်ခိုရောင်းဝယ်ရေးလောကလည်း ဒီကောင်တွေပဲ သိတာ။ ဟိုတလောကလည်း ရွေးကောက်ပွဲအရာရှိဦးဆောင်တဲ့ ဓားပြအဖွဲ့ ဖမ်းမိထားတာရှိတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။
တာချီလိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံး၏ ဒုဦးစီးမှူး အေးကိုကိုဦး (၃၂ နှစ် ) ဆိုသူဦးဆောင်သည့် ဓားပြအဖွဲ့ကို ဖေဖော်ဝါရီ ၂၉ ရက်တွင်ဒေသခံများ၏သတင်းပေးမှုဖြင့် အဆိုပါရုံးဝန်ထမ်းအိမ်ရာ၌ ရဲကဖမ်းဆီးခဲ့မှုကို အဆိုပါဒေသခံက ပြန်ပြောခြင်းဖြစ်သည်။
စိန်ဖူးတော်ပျောက်ဆုံးမှုနှင့်ပတ်သက်၍ စေတီတော်အနီး ဈေးရောင်းနေသည့် ဈေးသည်အချို့အား ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးနေကြောင်း သိရှိရသည်။ ဘတ်သန်းဆယ်ချီတန်ကြေးရှိသော စိန်ဖူးတော်အား တစ်နေ့လုပ်တစ်နေ့စား ဈေးသည်များက ခိုးယူရဲမည်မဟုတ်ကြောင်း မြို့ခံအချို့ကထင်ကြေးပေးပြောကြားသည်။
တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်အတွင်း တည်ရှိသည့် ရွှေတိဂုံစေတီတော်ပုံစံတူ အဆိုပါစေတီသည် ၁၉၉၅ ခုနှစ်တွင် တည်ခဲ့ပြီးဉာဏ်တော်အမြင့် ၁ဝ၈ ပေခန့် ရှိသည်။


















































