Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုမြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

တောင်းခမ်း အမတ(၃၅၄)တွင် တိုက်ပွဲဖြစ်ဟု TNLAအသိပေး

နောင်ချိုမြို့အား စစ်ကောင်စီလေကြောင်းမှ တိုက်ခိုက်ပြီးနောက် TNLA ရဲဘော်များက လာရောက်စစ်ဆေးနေစဥ်။ ဓာတ်ပုံ - TNLA

ဟန်နွေ/People’s Spring

တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထိန်းချုပ်ထားသည့်နောင်ချိုမြို့ကို စစ်ကောင်စီက ယနေ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး တောင်းခမ်းကျေးရွာရှိ အမတ(၃၅၄)တပ်ရင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု TNLAက ယနေ့ ည အသိပေးထုတ်ပြန်သည်။

စစ်ကောင်စီသည် စက်တင်ဘာ ၁၃ရက် နေ့လည်ပိုင်းတွင် နောင်ချိုမြို့ရှိ အရပ်သား ပြည်သူလူထုအား ဦးတည်ကာ လေကြောင်းမှ ဗုံး ၁၃လုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ နေ့လည် ၁၂နာရီခွဲမှစ၍ ၁နာရီကြာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် နောင်ချိုရဲစခန်းဝင်းအတွင်းနှင့် လူနေရပ်ကွက်အတွင်းကျရောက် ပေါက်ကွဲခဲ့ပြီး အဆောက်အဦးများ ထိခိုက်ပျက်စီသွားခဲ့သည်ဟု ဖော်ပြသည်။ လူထိခိုက်သေဆုံးရှိ၊မရှိ အခြေမနေကိုဖော်ပြမထားပေ။

Public Service Announcement

Public Service Announcement

တောင်းခမ်းတိုက်ပွဲမှ ရဲဘော်များ ရှေ့တန်းမှပြန်လာရာ ဒေသခံပြည်သူအချို့က ကြိုဆိုကြသည် ဆို​သောရုပ်သံမှတ်တမ်းတစ်ခု လူမှုကွန်ရက်တွင် ပြန့်နှံ့လာပြီးနောက် စစ်ကောင်စီလော်ဘီများက ဗုံးကြဲတိုက်ခိုက်ရန် စတင်လှုံ့ဆော်ပြီး မကြာမီ လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ရဲစခန်းနဲ့အထကမှာ ရဲဘော်တွေရှိနေတယ်ဆိုပြီး လှုံ့ဆော်လာတာ။ ရဲဘော်တွေက ရှေ့တန်းကနေ နောက်တန်းပြန်လာကြတာ”ဟု နောင်ချိုဒေသခံက ပြောသည်။

အခြား နောင်ချိုမြို့ဒေသခံတစ်ဦးကလည်း ” ဒီနေ့ တောင်းခမ်းက ရဲဘော်တွေပြန်လာတယ်။ ပြည်သူတွေက ကြိုဆိုကြတယ်။ စခန်းတွေအားလုံးရတယ်ပြောတယ်”ဟု ပြောသည်။

နောင်ချိုမြို့နှင့် မိုင်(၂၀)ခန့်ဝေးသော တောင်းခမ်းကျေးရွာရှိ စစ်ကောင်စီ၏ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်အပါအဝင် အမြောက်တပ်ရင်းလေးခုအား တအာင်းတပ်မတော် (TNLA)ပူးပေါင်းတပ်က သိမ်းပိုက်ရပြီဟု နောင်ချိုဒေသခံများက ပြောသည်။

သို့သော် တောင်းခမ်းကျေးရွာ၌ တိုက်ပွဲမဖြစ်ဘဲငြိမ်သက်နေသည်မှာ ၂ရက်ရှိပြီဟု TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက People’s Springသို့ ယနေ့နံနက်တွင် ပြောသည်။ တောင်းခမ်းကျေးရွာရှိ အမြောက်တပ်ရင်းများအား သိမ်းပိုက်ရရှိပြီဟု သတင်းတက်မလာသေးဘဲ တိုက်ပွဲသတင်းမရသည်မှာ ၂ ရက်ရှိပြီဟု လွေးယေဦးက ပြောသည်။

“ဒီတစ်ရက်၊နှစ်ရက်တိုက်ပွဲသတင်းတက်လာတာ မတွေ့ရသေးဘူး”ဟု ၎င်းက ပြောသည်။

သို့သော် ယနေ့ညပိုင်း TNLA၏ ထုတ်ပြန်ချက်တွင် တောင်းခမ်း၌ စစ်ကောင်စီ၏ အမတ (၃၅၄) တပ်စခန်းတွင် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟု ဖော်ပြထားသည်။

နောင်ချိုမြို့တောင်ဘက် ဒုဋ္ဌဝတီမြစ်ကူးတံတား အနောက်ဘက်၌ရှိသော တောင်းခမ်းကျေးရွာ၌ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)နှင့် ယင်းလက်အောက်ခံ အမြောက်တပ်ရင်း သုံးရင်းဖြစ်သော အမတ(၃၅၄)၊ အမတ (၂၀၆)၊ အမတ(၄၀၆)တို့ တည်ရှိသည်။ မစခ-၉၀၂ သည် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ) နယ်မြေအတွင်း တစ်ခုတည်းသော အမြောက်တပ်ကွပ်ကဲမှုဌာနချုပ်ဖြစ်ပြီး ၎င်း၏ လက်အောက်တွင် အမြောက်တပ်ရင်း ၁၃ ရင်းရှိသည်။

TNLA က အမတ(၄၀၆)နှင့် အမတ(၂၀၆)တို့ကို သြဂုတ် ၂၈ရက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်းသြဂုတ် ၂၉ရက်တွင် ထုတ်ပြန်ထားသည်။ ထို့ကြောင့် လက်ကျန်ဖြစ်သော မစခ-၉၀၂နှင့် အမတ(၃၅၄)တပ်ရင်းနှစ်ခု ဆက်လက်သိမ်းပိုက်ရန် ကြိုးပမ်းရာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တိုက်ပွဲအတော်ပြင်းထန်ခဲ့သည်။ အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သားများ သေဆုံးမှုများပြားခဲ့သည်ဟု လွေးယေဦးက ပြောထားသည်။

ထို့ကြောင့် ယနေ့ည ထုတ်ပြန်ချက်တွင် အမတ(၃၅၄)တပ်ရင်းတွင်သာ တိုက်ပွဲဖြစ်ပွားသည်ဟုဖော်ပြထားပြီး မစခ-၉၀၂နှင့်ပတ်သက်၍ မပါရှိပေ။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်အချို့ကလည်း တောင်းခမ်းရှိ မစခ-၉၀၂အပါအဝင်တပ်ရင်းများအားလုံး ကျသွားပြီဟု ဆက်တိုက်ဖော်ပြနေကြသည်။ ထို့အပြင် စစ်ကောင်စီတပ်များ ပြန်လည်စုဖွဲ့ပြီးထိုးစစ်ဆင်လျက်ရှိရာ တပ်များ ပြန်ရမရ စောင့်ကြည့်ရမည်ဟုလည်း ရေးသားထားသည်။

ထိုသို့ဖော်ပြမှုနှင့် ဒေသခံများက တောင်းခမ်းရွာသိမ်းပိုက်ရပြီဟု ပြောဆိုနေမှုများနှင့်ပတ်သက်ပြီး TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးထံ ယနေ့ ညနေပိုင်းတွင် ထပ်မံမေးမြန်းရာ အတည်မပြုနိုင်သေးဟုသာ ပြောသည်။

တောင်းခမ်းတိုက်ပွဲတွင်TNLAနှင့်အတူ ပါဝင်တိုက်ခိုက်နေသည့် ဓနုတပ်ဖွဲ့ DPLF/DPFAသို့တောင်းခမ်းအခြေအနေကို မေးမြန်းရာ သတင်းပြန်ကြားရေး တာဝန်ရှိသူက “ကျနော်တို့လည်း အတိအကျ သိရတာတော့ မရှိသေးပါဘူး”ဟု ယနေ့ ညပိုင်း၌ ဖြေကြားထားသည်။

တောင်းခမ်းတိုက်ပွဲများအတွင်း လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သော စစ်ကောင်စီ၏ ပြင်ဦးလွင်မြို့ အခြေစိုက်သိပ္ပံနှင့် သုတေသနနည်းပညာဌာနချုပ်(သသန)တပ်ရင်းက စက်တင်ဘာ ၁၃ ရက်တွင် နောင်ချိုမြို့သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု နောင်ချိုဒေသခံများက ပြောသည်။

အမြောက်တပ်ရင်းများရှိရာ တောင်းခမ်းရွာအနီးရှိ စစ်ကောင်စီတပ်များအား တော်လှန်ရေးတပ်များက ထိုးစစ်တင်တိုက်ခိုက်နေသည်မှာ ဇူလိုင်လကုန်ပိုင်းကတည်းကဖြစ်ပြီး ယခုရက်ပိုင်းအတွင်း၌ တောင်းခမ်းရွာရှိ အမြောက်တပ်ရင်းများအား ဦးတည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သြဂုတ် ၂၅ရက်ကစပြီး တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်သည်။ တောင်းခမ်းကျေးရွာသည် နောင်ချိုမြို့မှ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့သို့သွားသောလမ်းပိုင်းပေါ်တွင်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။