Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

တရားဝင်အစိုးရဖြစ်ရေး သံတမန်ခင်းနိုင်ငံ‌ရေးအသိအမှတ်ပြုမှုလမ်းပေါ် လျှောက်လာတဲ့ တာလီဘန်

တာလီဘန်ပါ၀င်တဲ့ အသိအမှတ်ပြုခံအစိုးရတရပ် အာဖဂန်နစ္စတန်မှာပေါ်လာမယ့် လမ်းပြမြေပုံတွေ မကြာခင်ထွက်လာနိုင်ခြေရှိပါတယ်။

—ငြိမ်းငြိမ်းပြည့်
(ဩဂုတ်၁၅၊ ၂၀၂၁)

ကုလအထွေထွေညီလာခံက အာဖဂန်နစ္စတန်ထိုင်ခုံကို တောင်းဖို့ဆိုပြီး ၁၉၉၇ခုနှစ် ဇန်နဝါရီလက နယူးယောက်ခ် ကုလသမဂ္ဂဌာနချုပ်ကို တာလီဘန်ကိုယ်စားလှယ်အဖွဲ့ ချီတက်ခဲ့ပါတယ်။ ကာဘူးလ်ကိုသိမ်းပိုက်ပြီး လေးလအကြာ ဖြစ်ပါတယ်။ ကုလအတွင်းရေးမှူးချုပ်ဟာ ကုလသမဂ္ဂရဲ့စော်ဘွားမဟုတ်သလို၊ ဒီကိစ္စမှာလည်း အထွေထွေညီလာခံဆုံးဖြတ်ချက်အတိုင်းလိုက်နာရသူသာဖြစ်တယ် ဆိုတာကို အဲဒီ့အချိန်က တာလီဘန်ဟာ သဘောမပေါက်ခဲ့ပါဘူး။

၁၉၉၄ခုနှစ် အာဖဂန်တောင်ပိုင်းမြို့တော် ကန်ဒါဟာတဝိုက်မှာ စတင်ပေါ်ထွက်ခဲ့တဲ့ “ကျောင်းသားများ”လို့ အဓိပ္ပါယ်ရတဲ့ တာလီဘန်ဟာ နိုင်ငံတကာရေးရာတွေကိုသော်လည်းကောင်း၊ နိုင်ငံတကာအသိအမှတ်ပြုမှုကိုသော်လည်းကောင်း ရှေးရှုပြီး ပေါ်ထွက်လာခဲ့တာ မဟုတ်ပါဘူး။

အဲဒီ့နောက်ပိုင်းနှစ်တွေမှာ စစ်ရေးနည်းလမ်းအသုံးပြုခဲ့တဲ့ တာလီဘန်ဟာ အကြမ်းဖက်နည်းလမ်းနဲ့ နယ်မြေသိမ်းပိုက်မှု အာဏာသိမ်းပိုက်မှုတွေ လုပ်ခဲ့ပြီး နိုင်ငံတကာအသိအမှတ်ပြုမှု မရခဲ့ပါဘူး။ ပါကစ္စတန် အပါအ၀င် သုံး၊လေး နိုင်ငံကသာ အသိအမှတ်ပြုမှုရှိခဲ့ပါတယ်။ တခြားနိုင်ငံအများစုကြီးနဲ့ ကုလသမဂ္ဂကတော့ ကာဘူးလ်မြို့တော်မြောက်ပိုင်းပြည်နယ်တွေကိုထိန်းချုပ်ထားတဲ့ အဖွဲ့ကိုသာ တရားမှန်ကန်ဖြစ်ထိုက်တဲ့စောင့်ဆိုင်းအစိုးရအဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။ အမေရိကန်နဲ့ကုလသမဂ္ဂက တာလီဘန်ကို ဆန်ရှင်ချမှတ်ခဲ့ပြီး နိုင်ငံအများစုကလည်း တာလီဘန်ကို သံတမန်ရေးအရ အသိအမှတ်ပြုမယ့်အရိပ်အရောင် မပြသလောက် နည်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

၁၉၉၆ခုနှစ်မှာ မြို့တော်ကထွက်ခွာတိမ်းရှောင်ခဲ့ရတဲ့အာဖဂန်အစိုးရနဲ့ တာလီဘန်ခေါင်းဆောင်အဖွဲ့ဟာ ၁၉၉၇ခုနှစ်မှာ ကုလသမဂ္ဂ credentials အပြိုင်အဆိုင်တင်ခဲ့ကြပါတယ်။ ပထမနှစ်တုန်းက တာလီဘန်က credentialsတင်တာ မရှိခဲ့ပါဘူး။ အဲဒီ့အတွက် အာဖဂန်အစိုးရရဲ့ ကုလမှာရှိနေတဲ့ ကိုယ်စားလှယ်ကိုပဲ အာဖဂန်နစ္စတန်နိုင်ငံခုံနေရာအတွက် “ယာယီအရှင်ကိုယ်စားလှယ်”အဖြစ် ဆက်ထားဖို့ ကုလအထွေထွေညီလာခံက ဆုံးဖြတ်ခဲ့ပါတယ်။

နောက်နှစ်ကစပြီး တာလီဘန်ကလည်း credentialsတင်ပါတော့တယ်။ ဒါပေမဲ့ လူ့အခွင့်အရေးဆိုးဆိုးရွားရွားဆက်ချိုးဖောက်နေပြီး နိုင်ငံတော်အင်စတီကျူးရှင်းတွေကို အကြမ်းဖက်သိမ်းပိုက်ခဲ့တဲ့ တာလီဘန်ကို ကုလအထွေထွေညီလာခံက ငြင်းပယ်ပါတယ်။ နှစ်တိုင်း အဲဒီ့လိုလုပ်ပါတယ်။ အဲဒါ တာလီဘန်ကို ၂၀၀၁ခုနှစ်မှာ ဖြုတ်ချတဲ့အချိန်ထိပါပဲ။

ကုလသမဂ္ဂမှာ အာဖဂန်နစ္စတန်ကိုယ်စားလှယ်အဖြစ် ထိုင်ခုံနေရာကိုတော့ တာ၀န်ထမ်းဆောင်ဆဲပုဂ္ဂိုလ်ကို “ယာယီအရှင်ကိုယ်စားလှယ်”အဖြစ် ဆက်လက်ထားရှိခဲ့ပါတယ်။ တာလီဘန်ဟာ ကုလသမဂ္ဂရဲ့ အာဖဂန်နစ္စတန်ခုံနေရာကို တနှစ်မှ ထိုင်ခွင့်မရခဲ့ပါဘူး။

တာလီဘန်ရဲ့မူဝါဒတွေဖော်ဆောင်ပုံတွေဟာ နိုင်ငံတကာစံတန်ဖိုးတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေခဲ့ပါတယ်။ အထူးသဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အမျိုးသမီးတွေအပေါ် ဖိနှိပ်ခွဲခြားဆက်ဆံမှုတွေ ကျူးလွန်ခဲ့ပါတယ်။

ဒါပေမဲ့ အခုအခါမှာတော့ ခြေလှမ်းတွေဟာ ဆင့်ကဲ့ပြောင်းလဲတိုးတက်လာနေပါတယ်။ စစ်ရေးနည်းလမ်းချည်းပဲ သုံးရာကနေ နိုင်ငံရေးနည်းလမ်းနဲ့အသိအမှတ်ပြုခံရဖို့ သံခင်းတမန်ခင်းတွေ လုပ်‌နေပြီဖြစ်ပါတယ်။

မကြာသေးခင်က ရုရှားသမ္မတဦးဆောင်လုပ်ပြီး ရုရှား၊ တရုတ်၊ အမေရိကန်၊ ပါကစ္စတန် တို့ပါ၀င်တဲ့ ထရွိုင်ကာအစည်းအဝေး၊ ဒိုဟာသဘောတူညီချက်ဟာ အာဖဂန်နစ္စတန်အပေါ်သက်ရောက်မှုကြီးမားတဲ့သဘောတူညီချက်ဖြစ်လာပါတယ်။ အမေရိကန်တပ်ရုပ်သိမ်းမှု ဖြစ်လာပါတယ်။ အခုအခါမှာ တာလီဘန်အနေနဲ့ အာဏာယူပြီး ရက်စက်ကြမ်းကြုတ်မှုတွေကျူးလွန်မယ်ဆိုရင် အာဖဂန်နစ္စတန်ဟာ အပယ်ခံနိုင်ငံဖြစ်လာမယ်လို့ ရာဇသံပေးပြီး၊ တာလီဘန်အနေနဲ့ နယ်မြေသိမ်းရာမှာ အကြမ်းဖက်အင်အားသုံးအဓမ္မသိမ်းလို့မရဘူး ဆိုတာအပါအ၀င် နှစ်နိုင်ငံ‌ဆက်ဆံရေးဆိုင်ရာ မူဘောင်သဘောတူညီချက်တွေ လုပ်ကြပါတယ်။ မကြာသေးခင်ကပဲ တာလီဘန်-တရုတ် တွေ့ဆုံဆွေးနွေးမှု ဘေဂျင်းမှာ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒီကနေ့ ကာဘူးလ်ကို တာလီဘန်တွေ၀င်ရာမှာတော့ ငြိမ်းချမ်းစွာအာဏာလွှဲပြောင်းရေးစေ့စပ်ညှိနှိုင်းတယ်ဆိုတဲ့အချက်ကို အသားပေးထုတ်ပြန်ခဲ့ကြပါတယ်။
တရုတ်က တာလီဘန်ကို တရား၀င်အစိုးရတရပ်အဖြစ် အသိအမှတ်ပြုနိုင်ကြောင်း သင်္ကေတအချက်ပြလာကြပါတယ်။

၁၉၉၆-၂၀၀၁အတွင်း အာဖဂန်နစ္စတန်ကို တာလီဘန်သိမ်းပိုက်ထားချိန်က တရုတ်ဟာ အာဖဂန်နစ္စတန်နဲ့ ဆက်ဆံရေး ရပ်ဆိုင်းခဲ့ဖူးပါတယ်။ ပြည်တွင်းစစ်ဖြစ်ပွားတဲ့နောက် ၁၉၉၃ခုနှစ်မှာ အာဖဂန်နစ္စတန်က တရုတ်သံတမန်တွေကို ဌာနေပြန်ခေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ရုရှားတို့ အမေရိကန်တို့နဲ့ မတူတာကတော့ – တရုတ်ဟာ တာလီဘန်တွေနဲ့ တခါမှ မတိုက်ခိုက်ခဲ့ဖူးတာပါပဲ။

တာလီဘန်နဲ့နိုင်ငံတကာအသိအမှတ်ပြုရေးခရီးရှည်၊ စူပါပါဝါနိုင်ငံတွေရဲ့ ညှိနှိုင်းမှုတွေအကြောင်း မှတ်တမ်းတွေ သုတေသနအစီရင်ခံစာတွေ အများအပြားစိတ်၀င်စားစရာ ရှိနေပါတယ်။ အခုဒီပုံထဲက- ကုလသမဂ္ဂမှာရော အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနမှာရော အာဖဂန်နစ္စတန်အရေး ထဲထဲ၀င်၀င်ပါ၀င်လုပ်ဆောင်သူ အကြီးတန်းအကြံပေးတဦး ရေးထားတဲ့ပေပါမှာလည်း အဓိကကျတဲ့အချက်အလက်တွေ ပါ၀င်ပါတယ်။ (USIP websiteမှာတင်ထားပါတယ်။) တာလီဘန်ကို တရား၀င်အစိုးရတရပ်အဖြစ် နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်ပြုအောင်လှမ်းလာတဲ့ သံတမန်ရေးခြေလှမ်းတွေမှာ လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့၀င်နိုင်ငံကြီးတွေရဲ့ သဘောတူညီချက်တွေကိုရအောင်ယူနိုင်တာ လေ့လာစရာပါပဲ။

တာလီဘန်ပါ၀င်တဲ့ အသိအမှတ်ပြုခံအစိုးရတရပ် အာဖဂန်နစ္စတန်မှာပေါ်လာမယ့် လမ်းပြမြေပုံတွေ မကြာခင်ထွက်လာနိုင်ခြေရှိပါတယ်။

(ဒါပေမဲ့ နိုင်ငံတကာအသိအမှတ်ပြုမှုရဖို့ဆိုရင် တာလီဘန်အနေနဲ့ လူ့အခွင့်အရေးနဲ့အမျိုးသမီးအခွင့်အရေးတွေကို လေးစားဖို့လိုနေပါတယ်။)

(ဆောင်းပါးရှင် ငြိမ်းငြိမ်းပြည့်ရဲ့ ဆောင်းပါးကို ပြန်လည်မျှဝေလိုက်ခြင်းဖြစ်ပါတယ်။)

ကိုးကား-

1.UN Doc. A/51/548, 23 October 1996

2.UN Doc. A/52/719, 11 December 1997, para 10

3.Reuters

4.FactboxNational

5.GeographicUSIP

ဆက်စပ်သတင်းများ

ဆောင်းပါး

“မြန်မာပြည်သူလူထုကို ကိုယ်စားပြုတဲ့၊ မြန်မာပြည်သူလူထုက လက်ခံတဲ့ ထောက်ခံတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ဆက်လက်ပြီးတော့ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ပေးမယ်ဆိုတာ မျှော်လင့်ယုံကြည်ပါတယ်” ဟု ဦးကျော်ဇောက ပြောသည်။

သတင်း

ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်တွင်း ကို လာရောက်ခဲ့တဲ့ ခရီးစဉ်အပြီး မြန်မာ့နိုင်ငံရဲ့ အခြေအနေကို UNOCHA အကြီးအကဲက သြဂုတ်လ ၁၇ ရက်မှာ ထုတ်ပြန်ချက် ထုတ်ပါတယ်။

သတင်း

နိုလင်းဟေဇာဟာ နာဂစ်ကာလအတွင်း အကူအညီပေးရေးလုပ်ငန်းစဉ်တွေအတွက် စစ်အစိုးရ ခေါင်းဆောင်ပိုင်းနဲ့ ထိတွေ့ဆက်ဆံခဲ့ဖူးသူလည်းဖြစ်ပါတယ်။

သတင်း

မုန်တိုင်းဝင်ပြီး တစ်ပတ်ကြာချိန်မှာတော့ ထိခိုက်ပျက်စီးမှုအခြေအနေအားလုံးကို ရှင်းရှင်းလင်းလင်းသိနေရပြီလို့ ကုလက ဆိုပါတယ်။