ရောဂါဖြစ်တယ်ဆိုရင် ဆေးမှီဝဲခြင်း
ကုသမှုခံယူခြင်းစတာတွေလုပ်ကြရတာ ကျွန်တော်တို့ လုပ်လေ့လုပ်ထရှိတဲ့ အခြေအနေတစ်ခုပါ။
ခုဆို ကိုဗစ် နိုင်တီး ကပ်ရောဂါဟာ ကမ္ဘာ့နိုင်ငံတိုင်းမှာ ကူးစက်ပြန့်ပွားနေပြီး ကူးစက်ခံရသူအများအပြားလည်း အသက်ဆုံးရှုံးနေကြရပါတယ်။
ရောဂါဖြစ်ပွားမှုနဲ့ ကူးစက်ပြန့်နှံ့မှုအခြေအနေကိုကြည့်ရင် မြန်မာနိုင်ငံသည်ပင် ကပ်ရောဂါတတိယလှိုင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး ဖြစ်ပါတယ်။
သည်တော့ ကူးစက်ရောဂါပိုးရဲ့ မျိုးရိုးဗီဇတွေ ပြောင်းလဲလာသလို ကုသရေးနည်းနာတွေဟာလည်း တဆင့်ပြီးတဆင့် ပြောင်းလဲလာရတာကို တွေ့ကြရပါတယ်။
ဒါကြောင့် ခုတစ်ပတ်မှာတော့ ကိုဗစ်နိုင်တီး ရောဂါကုထုံးတွေတဲ့ အသုံးများတဲ့ ဆေးတချို့နဲ့ သည်ဆေးတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို စုစည်းတင်ပြလိုပါတယ်။ အဓိကထား တင်ပြလို့တဲ့ ဆေးဝါးတွေထဲမှာ သွေးမခဲဆေး ၊သွေးကြဲဆေးနဲ့ ကိုယ်ခန္ဓာရောင်ရမ်းမှုကိုလျော့ကျစေတဲ့ဆေးတွေရဲ့ နောက်ဆက်တွဲအခြေအနေတွေပဲ ဖြစ်ပါတယ်။

Public Service Announcement

●ခန္ဓာကိုယ်က သွေးထွက်နိုင်
ဆေးဝါးတွေရဲ့ နောက်ဆက်တွဲအခြေအနေတွေကို အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနကတင်ဆက်တဲ့ COVID-19 ဗဟုသတအစီအစဉ် မှာ အထူးကုဆရာဝန်ကြီးလေးဦး ဆွေးနွေးထားတာကနေ ပညာယူကြရအောင်ပါ။
ဒီနေရာမှာ ကိုဗစ်လူနာအတော်များများ အသုံးပြုရတဲ့ Aspirin လို့ခေါ် သွေးမခဲဆေး(သွေးကျဲဆေး)နဲ့ စချင်ပါတယ်။ သူက Virus ရဲ့တိုက်ခိုက်မှုကြောင့် ခန္ဓာကိုယ်တွင်းဖြစ်ပေါ်လာနိုင်တဲ့ သွေးခဲခြင်းကို ကာကွယ်ပေးပါတယ်။
သို့သော်လည်း သွေးမခဲဆေးတွေ လိုတာထက်ပိုသုံးမိရင် ခန္ဓာကိုယ်အတွက် ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်တယ်လို့ ဆွေးနွေးမှုမှာပါဝင်တဲ့ အထူးကုဆရာဝန်ကြီးတွေက ဆိုပါတယ်။
ဘာကြောင့်လည်းဆိုတော့ သည်ဆေးရဲ့ဘေးထွက် ဆိုးကျိုးတွေထဲမှာ ခန္ဓာကိုယ်တွင်းကသွေးတွေ အပြင် ကိုစီးယိုထွက်ခြင်းကို ဖြစ်စေနိုင်လို့ပါပဲ။ ဒါကို ဆွေးနွေးမှုမှာပါဝင်တဲ့ အင်္ဂလန်ရောက် အတိုင်ပင်ခံသမားတော် ဒေါက်တာယုသန္တာအောင်က ခုလိုရှင်းပြပါတယ်။
“သွေးမခဲဆေး သွေးကျဲဆေးတွေက ပေးတာ(အသုံးပြုပုံ)မမှန်ဘူးဆိုလို့ရှိရင် သူ့ရဲ့အကျိုးဆက်တွေကဘာလဲဆိုရင် ဟာလူနာက သေသွားပြန်ပြီ။ ဦးနှောက်မှာ သွေးကြောပြတ်သွားတာ ဖြစ်နိုင်တယ်။ တစ်ခုခုသွေးကြောပေါက်ပြီးတော့ (သေတာ)ဖြစ်နိုင်တယ်။ အမျိုးမျိုးဖြစ်နိုင်တယ်”
သူ့မိတ်ဆွေထံကတဆင့် သိခွင့်ရတဲ့ လူနာတစ်ဦးဆိုရင် သွေးကျဲဆေးကို လိုအပ်တာထက်ပိုသုံးမိတဲ့အခါမှာ ခန္ဓာကိုယ်တွင်း သွေးထွက်များပြီး ညိုမဲစွဲသလို အကွက်အကွက်တွေ ပေါ်လာတယ်လို့ ဒေါက်တာယုသန္တာအောင်က ပြောပါတယ်။
ဆေးရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ အဲဒီလို အကွက်ကွက်တွေ ထွက်လာနိုင်သလို ကိုယ်တွင်းကလီဇာတွေ အူနဲ့ အစာအိမ်လမ်းကြောင်းတွေအပြင် ဦးနှောက်သွေးကြောပါ ပေါက်နိုင်တာကို သတိပြုရမယ်လို့ သူက ဆိုပါတယ်။
ဒါကြောင့် သွေးမခဲဆေးနဲ့ သွေးကျဲဆေးတွေ အသုံးပြုရာမှာ ရောဂါအခံရှိသူတွေက ပိုပြီးသတိထားရမယ်လို့ ဆွေးနွေးမှုအစီအစဉ်မှာပါဝင်သူနောက်တစ်ဦးဖြစ်တဲ့ အထူးကုဆရာဝန်ကြီး ဒေါက်တာဝင်းနိုင် က ဖြည့်စွက်အကြံပြုပါတယ်။
“နှလုံးအားနည်းတဲ့သူတွေ အဆုပ်ရောဂါရှိတဲ့သူတွေ ပြီးတော့မှ သူတို့ရဲ့ကြောက်ကပ်က ပုံမှန်အလုပ်မလုပ်နိုင်တဲ့သူတွေ နောက်ပြီးတော့ အသည်းရောဂါရှိတဲ့သူတွေ သူတို့က တခြားသူတွေထက် သွေးထွက်နိုင်မှု ပိုများတယ်”လို့ သူက ပြောပါတယ်။
ပုံမှန်ဆိုရင် သွေးမခဲဆေးနဲ့ သွေးကျဲဆေးတွေကို အောက်ဆီဂျင်ကျတဲ့သူတွေ မထနိုင်အောင် ကုတင်ပေါ်လှဲနေရသူတွေကိုသာ ပေးပါတယ်။ ဒါတောင်မှ လူနာတစ်ယောက်ကို ဆေး ၄၀ မီလီဂရမ်ပဲပေးပြီး လိုအပ်မှ ၈၀ မီလီဂရမ်ကနေ ၁၂၀ မီလီဂရမ်အထိ တိုးပေးတာမျိုးရှိတယ်လို့ ဒေါက်တာဝင်းနိုင်က ရှင်းပြပါတယ်။
ဆေးပေးတဲ့အခါမှာလည်း ရောဂါအခံရှိသူတွေ ခန္ဓာကိုယ်ဝတဲ့သူ ပိန်တဲ့သူ စတဲ့အခြေအနေတွေကို ချိန် ဆပြီးမှ ဆေးအတိုးအလျှော့ ချိန်ညှိသင့်တယ်လို့ သူက ဆိုထားပါတယ်။

●သွေးချိုလည်းတက် အရိုးလည်းပါးနိုင်မှု
ကိုဗစ်လူနာတွေကို ကုသရာမှာ နောက်ထပ်အသုံးများတဲ့ ဆေးတစ်မျိုးကတော့ Dixaခေါ် ခန္ဓာကိုယ်ရောင်ရမ်းမှုကို ကာကွယ်ပေးတဲ့ ဆေးပါ။
ဒီဆေးကို အောက်ဆီဂျင်ကျတဲ့ လူနာတွေအတွက်သာ သုံးပြီး အောက်ဆီဂျင်မကျရင် သုံးဖို့မလိုအပ်ဘူးလို့ COVID-19 ဗဟုသုတအစီအစဉ်မှာ အထူးကုဆရာဝန်ကြီးတွေက ထည့်သွင်းဆွေးနွေးပါတယ်။
လူနာအတွက်လိုအပ်လို့ အသုံးပြုရမယ်ဆိုရင်လည်း အများဆုံး ၁၀ ရက်လောက်သာ အသုံးပြုသင့်တယ်လို့ ဆရာဝန်ကြီးတွေက အကြံပြုပါတယ်။
ဘာကြောင့်လည်းဆိုတာ ဒီဆေးဟာ ခန္ဓာကိုယ်တွင်း သွေးထွက်ခြင်းကို အားပေးတဲ့အပြင် ဆီချိုရှိသူအဖို့ သွေးချိုတက်နိုင်ပြီး အရိုးပါးတဲ့ အခြေအနေတွေနဲ့လည်း ကြုံရနိုင်တယ်လို့ ဆီးချိုသွေးချိုနဲ့ အထွေထွေအကုသမားတော် ဒေါက်တာအေးမြင့်က ရှင်းပြပါတယ်။
“Dexamethasone က ဆီးချိုရှိတဲ့သူတွေကို သွေးချိုတက်စေတယ်။ နောက်ပြီး ဆီးချိုမရှိတဲ့သူပင်လျှင် သွေးချိုတက်စေပါတယ်။ ဒါကြောင့်မို့လို့ ဒီအခြေအနေတွေကို သေချာကြည့်ရှူ့ပေးသင့်တယ်”
ဒါ့အပြင် သည်ဆေးကိုအသုံးခြင်းကြောင့် အစာအိမ်အူလမ်းကြောင်းတွေ ပါးစေပြီး သွေးထွက်ခြင်းကြောင့် အစာအိမ်မှ အက်စစ်ထွက်နှုန်းနည်းစေတဲ့ ဆေးတစ်မျိုးဖြင့် တွဲပေးသင့်တယ်လို့ ဒေါက်တာအေးမြင့်က ပြောပါတယ်။

ပါဝင်ဆွေးနွေးသူနောက်တစ်ဦးဖြစ်တဲ့ ဒေါက်ယုသန္တာအောင်ကလည်း သူကုသပေးနေရသူတွေရဲ့အခြေအနေကို သုံးသပ်ပြီး ခုလိုသုံးသပ်ပါတယ်။
“သူက အရိုးတွေပါးတယ်။ အထူးသဖြင့် အမျိုးသမီးပေါ့နော်။ ဟိုမုန်းကလည်း မရှိတော့ဘူး။ အဲဒီသူတွေ အရမ်းဂရုစိုက်ရပါမယ်”
သည်တော့ Dexamethasone ကို အောက်ဆီဂျင်စကျချိန်ကနေ အများဆုံး ၁၀ ရက်အထိသာ အသုံးပြုသင့်တယ်လို့ အထူးကုဆရာဝန်ကြီးတွေက အကြံပြုပါတယ်။ အဲလိုအသုံးပြုရာမှာလည်း လူနာဟာ လေးရက်နဲ့သက်သာသွားရင် လေးရက်နဲ့ဆေးပေးတာကိုရပ်ရမှာဖြစ်ပြီး ၁၀ ရက်ပြည့်အောင် ဆက်မပေးသင့်ဘူးလို့ သူတို့က ဆိုပါတယ်။
အများဆုံးပမာဏအဖြစ်သတ်မှတ်ထားတဲ့ ၁၀ ရက်အတွင်းမှာလည်း လူနာတစ်ဦးအတွက် ၆ မီလီဂရမ်အ ထိသာ ဆေးကိုပေးသင့်ပြီး သူ့ထက်ကျော်သွားရင် ဘေးထွက်ဆိုးကျိုးပိုများတယ်လို့ သုတေသနရလဒ်တွေကို ကိုးကားပြီး အထူးကုဆရာဝန်ကြီးတွေက အကြံပြုထားပါတယ်။
