Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

ကလေးငယ်တွေ ကိုဗစ်ကာကွယ်ဆေးဘာလို့မထိုးရသေးလဲ၊ ဘယ်တော့လောက်ထိုးလို့ရမလဲ

ကိုဗစ်ရောဂါဟာ ကလေးတွေမှာ ပြင်းထန်တဲ့ လက္ခဏာမျိုးတွေ ပြသတာ ရာခိုင်နှုန်း အတော်နည်းပြီး ပင်ကို သဘာဝအရ ကလေးတွေက ရောဂါဒဏ်ကို အရွယ်ရောက်ပြီး လူကြီးပိုင်းထက် ခံနိုင်ရည် ရှိသလို ဖြစ်နေပါတယ်။

ကပ်ရောဂါ ကာလမှာ မိဘတွေ အသိချင်ဆုံး မေးခွန်းတစ်ခုက ကလေးတွေအတွက် ကာကွယ်ဆေး ထိုးခွင့် ပြုလိုက်ပြီဆိုရင် ကိုယ့်ကလေးကို ဆေးထိုးပေးသင့်သလား ဆိုတဲ့ ကိစ္စပါပဲ။ ကိုဗစ်ရောဂါဟာ ကလေးတွေမှာ ပြင်းထန်တဲ့ လက္ခဏာမျိုးတွေ ပြသတာ ရာခိုင်နှုန်း အတော်နည်းပြီး ပင်ကို သဘာဝအရ ကလေးတွေက ရောဂါဒဏ်ကို အရွယ်ရောက်ပြီး လူကြီးပိုင်းထက် ခံနိုင်ရည် ရှိသလို ဖြစ်နေပါတယ်။ ဒါပေမဲ့ ရာနှုန်းပြည့် စိတ်ချရတာ မဟုတ်ဘဲ ရောဂါကြောင့် ကလေးငယ်တွေ သေဆုံးတာ၊ ဆေးရုံတက်ရတာတွေ ရှိပါတယ်။ အမေရိကန်မှာဆိုရင် Deltaမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ များပြားလာချိန်မှာ ဆေးရုံတက်ရတဲ့ ကလေးအရေအတွက် စံချိန်တင် မြင့်တက်တာမျိုး ကြုံခဲ့ရပါတယ်။ ဒီတော့ မိဘတွေ အနေနဲ့ ကလေးတွေကို ကာကွယ်ဆေး ထိုးစေချင်တာ ရှိသလို ဆေးတွေရဲ့ ဘေးကင်း လုံခြုံမှုအပေါ် ရာနှုန်းပြည့် စိတ်မချနိုင်တဲ့ ဝိရောဓိတွေကြား လွန်ဆွဲနေတာ ဓမ္မဓိဋ္ဌာန် ကျပါတယ်။

ကလေးတွေကို ကာကွယ်ဆေး ထိုးသင့်၊ မထိုးသင့် မဆွေးနွေးခင်မှာ အရင်တုန်းက ဘာကြောင့် ကလေးတွေကို ကာကွယ်ဆေး မထိုးပေးခဲ့သလဲဆိုတဲ့ အကြောင်းရင်းကို အရင် ပြန်တွေးဆဖို့ လိုပါတယ်။ ကလေးတွေမှာ ဆေးမထိုးပေးသေးတာဟာ ဆေးရဲ့ လုံခြုံ ဘေးကင်းမှုကို စိတ်မချရလို့၊ ပြဿနာတွေ ရှိနိုင်လို့ မဟုတ်ပါဘူး။ ကိုဗစ်ကပ်ရောဂါ စတင် ဖိစီးလာတဲ့နောက် ကမ္ဘာပေါ်က ဆေးသုတေသန ကုမ္ပဏီကြီးတွေဟာ ကာကွယ်ဆေး အမြန်ဆုံး ထုတ်လုပ်နိုင်ဖို့ တက်သုတ်ရိုက် ကြိုးစားခဲ့ကြပါတယ်။ ဒီအတွက် တိရစ္ဆာန်တွေမှာ ဆေးစမ်းသပ်တဲ့ စံသတ်မှတ်ချက် အဆင့်တွေကို ကျော်ပြီး လူသားတွေမှာ တိုက်ရိုက်ထိုးနှံ စမ်းသပ်ရတာမျိုးတွေတောင် ရှိခဲ့ပါတယ်။ လူတွေမှာ ကာကွယ်ဆေး စမ်းသပ်တဲ့အခါ ဆေးကုမ္ပဏီ အားလုံးလိုလိုက ဆန္ဒအလျောက် ပါဝင်သူတွေကို အသက် ၁၈ နှစ်အထက် ကျန်းမာရေး ကောင်းမွန်သူတွေကိုပဲ ရွေးချယ်ခဲ့ကြပါတယ်။ ကလေးတွေမှာ ဆေးထိုးပေးရင် ဖြစ်လာနိုင်တဲ့ အကျိုးအပြစ်တွေကို မှတ်တမ်းတင်ဖို့ သိပ္ပံနည်းကျ အချက်အလက်တွေ မရှိခဲ့ပါဘူး။ ဒါကြောင့် ကလေးတွေကို ကာကွယ်ဆေး ထိုးမပေးခဲ့တာသာ ဖြစ်ပါတယ်။

အခုအခါမှာတော့ ကာကွယ်ဆေးတွေ အရေးပေါ် သုံးစွဲလာတာ တစ်နှစ် ဝန်းကျင်လောက် ကြာမြင့်ခဲ့ပြီဖြစ်ပြီး ဒီအတောအတွင်း ဆေးဝါး ကုမ္ပဏီတွေက သူတို့ရဲ့ ဆေးတွေကို လူငယ်တွေနဲ့ ကလေးတွေမှာပါ စမ်းသပ်ဖို့ အချိန် လုံလုံလောက်လောက် ရရှိလာကြပါပြီ။ သိပ္ပံနည်းကျ စမ်းသပ်လေ့လာမှု ကနဦး ရလဒ်တွေက ကလေးတွေမှာလည်း ကာကွယ်ဆေး ထိုးသင့်တယ်၊ ဘေးအန္တရာယ် ကင်းရှင်းတယ်ဆိုတဲ့ အခြေအနေမျိုးဆီ ညွှန်ပြလာပါတယ်။ တကယ်တော့ ကပ်ရောဂါဆိုးရဲ့ ကူးစက်မှု ကွင်းဆက်တွေကို ဖြတ်တောက်ပြီး လူစုလူဝေးနဲ့ ကိုယ်ခံအား တည်ဆောက်ဖို့ဆိုရင် ကလေးတွေမှာ ကာကွယ်ဆေး ထိုးပေးဖို့ကလည်း အရေးကြီးတဲ့ လုပ်ငန်းစဉ် တစ်ခုလို့ ဆိုနိုင်ပါတယ်။ တချို့နိုင်ငံတွေမှာဆိုရင် အသက် ၁၂ နှစ်နဲ့ ၁၈ နှစ်ကြား အရွယ် ကလေးတွေကို ကာကွယ်ဆေး ထိုးပေးနေပြီဖြစ်ပြီး ဒီထက်ပိုငယ်တဲ့ အသက်အရွယ်တွေ အတွက်လည်း ဆေးထိုးပေးဖို့ ကျန်းမာရေးဌာန အာဏာပိုင်တွေက မီးစိမ်းပြမယ့် အရိပ်အယောင်တွေ တွေ့နေရပါတယ်။

အစောပိုင်းက မေးခွန်းကို ပြန်ကောက်ယူရမယ် ဆိုရင်တော့ မိဘတွေ အနေနဲ့ ပညာရှင်တွေက ထောက်ခံ အတည်ပြုပေးထားပြီး သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေက တရားဝင် ခွင့်ပြုလိုက်တဲ့ အချိန်ကျရင် ကလေးတွေကို ကာကွယ်ဆေး ထိုးပေးဖို့ စဉ်းစားသင့်ပါတယ်။ ကလေးတွေမှာ ကာကွယ်ဆေး ထိုးမယ့် ကိစ္စကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ဆီက တိတိကျကျ Guideline ပေးမထားသေးဘဲ Pfizerနဲ့ BioNTechတို့က ပူးပေါင်း ထုတ်လုပ်တဲ့ ကာကွယ်ဆေး တစ်မျိုးတည်းကိုသာ အသက် ၁၂ နှစ်အထက် အရွယ်တွေအတွက်ပါ ထိုးနှံနိုင်တယ်လို့ ထောက်ခံထားပါသေးတယ်။ ကလေးတွေမှာ ကာကွယ်ဆေး စမ်းသပ်မှုနဲ့ ပတ်သက်လို့ အချက်အလက်တွေ စုဆောင်း လေ့လာနေတုန်းလို့ WHOက ပြောထားပါတယ်။

Public Service Announcement

Public Service Announcement

တစ်ဖက်မှာတော့ ဆေးကုမ္ပဏီ အသီးသီးရဲ့ စမ်းသပ်မှုတွေက အပေါင်းလက္ခဏာဆန်တဲ့ ရလဒ်တွေ ဆက်တိုက် ထွက်ပေါ်နေတာကြောင့် မကြာခင်မှာ ကလေးတွေကို ကာကွယ်ဆေးထိုးဖို့ တရားဝင် တိုက်တွန်း ခွင့်ပြုလာမယ့် အလားအလာတွေတော့ တွေ့နေရပါပြီ။ Pfizerက သူတို့ရဲ့ ဆေးကို အသက် ၅ နှစ်နဲ့ ၁၁ နှစ်ကြား ကလေးငယ်တွေမှာ စမ်းသပ် ထိုးနှံပေးခဲ့ပြီး အာနိသင် ထိရောက်၊ ဘေးအန္တရာယ် ကင်းရှင်းတယ်လို့ ကြေညာလိုက်ပါတယ်။ ကုမ္ပဏီရဲ့ ထုတ်ပြန်မှုအရ ပိုပြီး အားတက်စရာ ကောင်းတာက ကာကွယ်ဆေးကြောင့် ထွက်ပေါ်လာတဲ့ ကိုယ်ခံအား Antibody လှုံ့ဆော်မှုဟာ လူကြီးတွေမှာထက် ကလေးတွေမှာ ပိုပြီးတောင် ကောင်းမွန်နေတတ်တယ် ဆိုတဲ့ အချက်ပါပဲ။ အမေရိကန်မှာ နေ့စဉ် တိုးပွားတဲ့ ရောဂါ ကူးစက်မှု ငါးပုံတစ်ပုံဟာ အသက် ၁၈ နှစ်အောက် အရွယ်တွေ ဖြစ်တာကြောင့် ကလေးတွေအတွက် ကာကွယ်ဆေး ရရှိရေး တောင်းဆိုမှုက ပိုကြီးမားလာနိုင်ပါတယ်။

တရုတ် အစိုးရ ကျောထောက်နောက်ခံ ပေးထားတဲ့ Sinopharm ကုမ္ပဏီက ထုတ်ပြန်ရာမှာလည်း သူတို့ရဲ့ ကာကွယ်ဆေးဟာ အသက် ၃ နှစ်အရွယ် ကလေးတွေထိ အန္တရာယ်ကင်းကင်း သုံးစွဲနိုင်တယ်လို့ ဖော်ပြထားပါတယ်။ တရုတ်မှာ မူကြိုနဲ့ မူလတန်းအရွယ် ကလေးငယ်တွေ ရောဂါကူးစက်မှု သတင်းတွေ ကြားသိရချိန်မှာ ဒီကြေညာချက် ထွက်ပေါ်လာတာပါ။ တရုတ် အစိုးရ အနေနဲ့ ငယ်ရွယ်တဲ့ အသက်အရွယ် အုပ်စုတွေထိ ကာကွယ်ဆေး ဖြန့်ကျက် ထိုးနှံပေးဖို့ အရှိန်မြှင့်လာမယ့် အလားအလာမျိုး ဖြစ်ပါတယ်။

တရုတ်မှာ ကလေးမိဘ အများစုနဲ့ ဆေးသိပ္ပံ ပညာရှင်တွေက ဒီသတင်းကို ကြိုဆိုနေကြပါတယ်။ ဒါပေမဲ့ ကလေးတွေအတွက် ဘေးကင်း စိတ်ချရတာ သေချာသထက် သေချာစေဖို့ ဆော်ဩ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။ Sinopharmက ထုတ်လုပ်တဲ့ BBIBP-CorV ကာကွယ်ဆေးကို လောလောဆယ် ပြည်တွင်းမှာ အသက် ၁၂ နှစ်အထက် ဆယ်ကျော်သက် အရွယ်တွေထိ ထိုးနှံပေးနေပြီ ဖြစ်ပါတယ်။ ကလေးတွေမှာ ထိုးပေးထားတဲ့ ကာကွယ်ဆေးဟာ လူကြီးတွေနည်းတူ ကိုယ်ခံအား Antibody ပမာဏကို အလုံးအရင်း ထုတ်ပေးနိုင်တယ်လို့လည်း Sinopharmက ပြောပါတယ်။

လောလောလတ်လတ် သတင်းတစ်ခုကတော့ ထိုင်းနိုင်ငံရဲ့ အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲမှုဌာန (FDA)က အသက် ၃ နှစ်အထက် ကလေးတွေမှာ ကာကွယ်ဆေး စမ်းသပ်ထိုးနှံခွင့်ပေးဖို့ Sinopharmရဲ့ တောင်းဆိုမှုကို ငြင်းပယ်လိုက်ပါတယ်။ ဒါဟာ ဆေးရဲ့ အာနိသင်ကို မယုံကြည်လို့ မဟုတ်ဘဲ လုံလောက်တဲ့ သိပ္ပံနည်းကျ အချက်အလက် မှတ်တမ်းတွေ မတင်ပြသေးလို့သာ ဖြစ်တယ်လို့ FDAက အကြောင်းပြပါတယ်။ ထိုင်းအစိုးရဟာ Pfizerရဲ့ ကာကွယ်ဆေးကိုတော့ မိဘခွင့်ပြုချက်နဲ့ ကာယကံရှင်က လိုလားရင် အသက် ၁၂ နှစ်နဲ့ ၁၇ နှစ်ကြား ကလေးတွေမှာ ထိုးနှံခွင့် ပေးထားပါတယ်။ Sinopharmရဲ့ ဆေးကို သီရိလင်္ကာမှာတော့ အသက် ၁၂ နှစ်အထက် ကလေးတွေထိ ထိုးပေးဖို့ လက်တွေ့ စီစဉ်နေပြီ ဖြစ်ပါတယ်။

ခြုံငုံသုံးသပ်ရမယ် ဆိုရင်တော့ ကလေးတွေကို ကာကွယ်ဆေး ထိုးခွင့်ရရေးဟာ ဆေးအမျိုးအစား၊ နိုင်ငံအလိုက် အစိုးရတွေရဲ့ ဆုံးဖြတ်ချက် အစရှိတဲ့ ညွှန်ကိန်းတွေပေါ် မူတည်ပြီး အပြောင်းအလဲတွေ မျိုးစုံ ဖြစ်နိုင်ပါတယ်။ နောက်ပြီး အရွယ်ရောက်ပြီး သူတွေအတွက်တောင် ကာကွယ်ဆေး အလုံအလောက် မရနိုင်သေးတဲ့ နိုင်ငံတွေလည်း အများကြီး ရှိနေသေးတဲ့အတွက် အဲဒီနိုင်ငံတွေမှာ ကလေးတွေကို ဆေးထိုးပေးဖို့ ဦးစားပေးအဆင့် လုပ်ဆောင်နိုင်ခြေ မရှိသေးပါဘူး။ ဘာပဲဖြစ်ဖြစ် သေချာတာကတော့ ဆေးကုမ္ပဏီကြီးတွေက သူတို့ရဲ့ ကာကွယ်ဆေးကို ကလေးတွေမှာလည်း ဘေးကင်းကင်း သုံးစွဲနိုင်တယ်ဆိုတာ သေချာစေဖို့ အစွမ်းကုန် သုတေသနပြု လေ့လာနေကြတယ် ဆိုတာပါပဲ။ ကပ်ရောဂါဆိုးကို နိုင်နိုင်နင်းနင်း တိုက်ဖျက်ဖို့အတွက် ကလေးတွေကို ကာကွယ်ဆေး ထိုးပေးရေးကလည်း အရေးကြီးတာကြောင့် ဖြစ်ပါတယ်။

WHO အပါအဝင် နိုင်ငံတကာ ကျန်းမာရေး အဖွဲ့အစည်းကြီးတွေက ကလေးတွေမှာ ကာကွယ်ဆေးတွေ ထိုးနှံသုံးစွဲခွင့် ပြုလိုက်ပြီဆိုတဲ့ အချိန်မျိုး ရောက်လာရင်တော့ မိဘတွေ အနေနဲ့ လူကြီးတွေနည်းတူ ဆေးထိုးပေးရေးကို အလေးအနက် စဉ်းစားသင့်ပါတယ်။ သိပ္ပံနည်းကျ လေ့လာမှု အချက်အလက်တွေ ပြည့်စုံပြီး စိတ်ချရတာ သေချာရင် ကလေးတွေပါ ဆေးထိုးသင့်တယ်လို့ နိုင်ငံတကာ ဆေးပညာရှင်တွေကလည်း တိုက်တွန်းထားကြပါတယ်။ လတ်တလော စမ်းသပ်မှုတွေကို ဆန်းစစ်ကြည့်ရင် ကာကွယ်ဆေးဟာ လူကြီးတွေနည်းတူ ကလေးတွေမှာလည်း ရောဂါ ကူးစက်မှုကို ဟန့်တားနိုင်စွမ်း၊ ကူးစက်ခံရရင်တောင် ရောဂါဒဏ်ကို ခံနိုင်စွမ်း ပိုတိုးလာစေတယ်လို့ ယေဘုယျ လက်ခံထားကြပါပြီ။ ဆေးကြောင့် ဖြစ်နိုင်တဲ့ ဘေးထွက် အာနိသင်တွေကလည်း လူကြီးတွေနဲ့ မကွာလှပါဘူး။ ပြီးတော့ ကလေးတွေပါ ဆေးထိုးထားတဲ့အခါ ဆက်စပ် လူ့အသိုက်အဝန်းထဲမှာ ရောဂါ ပျံ့နှံ့နိုင်မှုကိုလည်း သိသိသာသာ လျော့ပါးသွားစေမယ့် ကောင်းကျိုးတွေ ရှိနေပါတယ်။

ဂျွန်ဟော့ပ်ကင်းစ် တက္ကသိုလ်ရဲ့ သုတေသီတွေကတော့ မိဘတွေ အနေနဲ့ ပညာရှင်တွေဆီက အကြံဉာဏ် ယူနိုင်မယ်ဆိုရင်၊ ကာကွယ်ဆေး အမျိုးအစား ရွေးချယ်ခွင့်တွေလည်း ရှိနေမယ်ဆိုရင် အခြေအနေ ပေးလာတဲ့အခါ ကလေးတွေကို ကာကွယ်ဆေး ထိုးပေးသင့်ကြောင်း ထောက်ခံထားပါတယ်။ ကလေးတွေ လွတ်လွတ်လပ်လပ် အိမ်အပြင် ပြန်ထွက်ကြတဲ့အခါ၊ ကျောင်းတွေ ပြန်တက်ကြတဲ့အခါ ကာကွယ်ဆေးကြောင့် ရထားတဲ့ Antibody အသီးသီး ရှိနေကြမယ်ဆိုရင် မိဘတွေ အနေနဲ့ရော၊ လူ့အဖွဲ့အစည်း အတွက်ပါ ယုံကြည်မှု ပိုတိုးစေမှာတော့ သေချာပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက ထောက်ပို့လမ်းကြောင်းအဖြစ်အသုံးပြုနေသည့် ဗန်းမော်လေဆိပ်ကို KIA၊AAနှင့် PDF ပူးပေါင်းတပ်ဖွဲ့ကမတ်လ ၇ရက်တွင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေယာဉ်‌‌​ပြေးလမ်းပျက်စီးခဲ့ပြီး မတ်လ ၈ရက်မှစ၍လေဆိပ်အား စစ်ကောင်စီကပိတ်ပစ်ခဲ့သည်။

သတင်း

စစ်​ကောင်စီဗုံးကြဲတိုက်ခိုက်မှု​ကြောင့်ထိခိုက်​သေဆုံးမှုအ​ခြေအ​နေကို ​ဒေသခံများ ၊​တော်လှန်​ရေးအဖွဲ့များ ၊စစ်​ဘေူ​ရှောင်အ​ရေး​ဆောင်ရွက်​ပေး​နေသူများထံ People's Spring ကဆက်သွယ်စုံစမ်း​နေဆဲဖြစ်ပြီး ​နောက်ဆက်တွဲသတင်းများကို ဆက်လက်​ဖော်ပြ​ပေးပါမည်။

နိုင်ငံတကာ

ဇန်နဝါရီ ၃၁ ရက်နေ့၊ သေဒဏ်စီရင်မှုနဲ့ ပတ်သက်ပြီး အာရုံစိုက်ခံရတဲ့ နောက်ထပ် ရှုထောင့် တစ်ခုကတော့ သေဒဏ်စီရင်တဲ့ နည်းလမ်းပါ။ တရုတ်မှာ သေစေလောက်တဲ့ ဆေးဝါးတွေကို ထိုးသွင်းပြီး ကွပ်မျက်တဲ့ နည်းလမ်းကို ကျင့်သုံးနေပါတယ်။

ဆောင်းပါး

လုံခြုံရေးအခြေနေအရ တစ်မြို့ကနေအခြားတစ်မြို့ဆီ ပြောင်းရွှေ့ဖူးတာတော့ ရှိတယ်။ ဒါပေမဲ့ ခရီးသွားသက်သက် အနေနဲ့ ဘယ်မှ မထွက်ဖြစ်ခဲ့ဘူး။ ခုမှ မိသားစုကိစ္စနဲ့ ခရီးတစ်ခုသွားဖို့ ကြုံလာတာ။ မြို့တော်ရန်ကုန်ကနေတွက်ရင် မိုင် ၂၅၀ လောက်ဝေးတဲ့ ခရီးဆိုပါတော့။