Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

●အကြမ်းဖက်စစ်​ကောင်စီ​ကြောက်တဲ့ အသံတိတ်သပိတ်

အသံတိတ်သပိတ်ကို ​သွေးပျက်​အောင်​ကြောက်လန့်​နေသည့်အကြမ်းဖက်စစ်ကောင်စီသည် အာဏာသိမ်းတစ်နှစ်ပြည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်ပြည်သူများက ပြုလုပ်မည့် အသံတိတ်သပိတ်ကို ​ပျက်ပြား​​စေရန်​သွေရူး​သွေးတန်းကြိုးစား​နေ​တော့သည်။

(ဒီဇင်ဘာ ၁၀ ရက်က နိုင်ငံတစ်ဝန်း တိတ်ဆိတ်ခြင်းသပိတ်ပြုလုပ်​နေစဥ် ။ ဓါတ်ပုံ-ရိုက်တာ ၊CJ)

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြုလုပ်ခဲ့သည့် အသံတိတ်သပိတ်တွင် တစ်နိုင်ငံလုံး စျေးများ၊ ဆိုင်များ၊ အလုပ်ရုံစက်ရုံများ၊ လမ်းဘေးစျေးဆိုင်များ၊ ပြည်သူများက အိမ်အတွင်းမှာပင်​နေ၍ တညီတညွတ်တည်း ပါဝင်ဆန္ဒပြခဲ့သဖြင့် အသံတိတ်သပိတ်အောင်မြင်ခဲ့ရာ နိုင်ငံတကာကပင် အသိအမှတ်ပြုခဲ့မှုပြီး အကြမ်းဖက်စစ်ကောင်စီအား ဆက်ဆက်ခါနာစေခဲ့သည်။

ယခုလာမည့် အာဏာသိမ်းတစ်နှစ်ပြည့် ဖေဖော်ဝါရီလ တစ်ရက်နေ့တွင်လည်း အသံတိတ်သပိတ်ပြုလုပ်ကြမည်ဖြစ်ရာ အကြမ်းဖက်စစ်ကောင်စီက အတင်းအဓမ္မ လိုက်လံဖျက်ဆီးရန် အားထုတ်နေခြင်းပင်ဖြစ်သည်။

အသံတိတ်သပိတ်ပျက်စီးရန် အကြမ်းဖက်စစ်​ကောင်စီအသုံးပြု​နေ​သော နည်းလမ်းများ တစ်နည်းအားဖြင့် ပုံမှန်အတိုင်းမဟုတ်ဘဲ အတင်းလုပ်ကြံဖန်တီးထား​သောနည်းလမ်းများမှာ ဆယ်နှင့်ချီ၍ ရှိ​နေပြီး အချို့နည်းလမ်းများမှာ စာဖတ်သူများ ကို အံအားသင့်​စေပါလိမ်မည်။ထို​နောက် ဟားတိုက်ရယ်​မောစရာလည်းဖြစ်နိုင်သည်။

(ဒီဇင်ဘာ ၁၀ ရက်က နိုင်ငံတစ်ဝန်း တိတ်ဆိတ်ခြင်းသပိတ်ပြုလုပ်​နေစဥ် ။ ဓါတ်ပုံ-ရိုက်တာ ၊CJ)

ထိုထဲမှ နည်းလမ်းအချို့မှာရန်ကုန်တွင် စက်ရုံများ ၊အလုပ်ရုံများကို မနက်ဖြန်တွင် မဖြစ်မ​နေ ဖွင့်ခိုင်းထားပြီး ည​နေ သုံးနာရီ အလုပ်ဆင်း​ပေးရန် ဖိအား​ပေးခြင်း ၊ စစ်​ကောင်စီ ကိုလိုင်း​ကြေး​ပေးဖွင့်ရ​သော ကာရာအို​ကေ ဆိုင်များကို ဆိုင်​သေးလျှင် လူ ၅ ဦးမှ ဆိုင်ကြီးလျှင့် လူ ၂၀ ဦး ​တောင်းထားပြီး မြို့ထဲ ​လျှောက်လည်​စေခြင်း ၊ စစ်​ကောင်စီဝန်ထမ်းများကို ​နေ့ခင်း ၁၂ နာရီမှ ရုံးတက်​​စေခြင်း ၊ စစ်​ကောင်စီလက်​အောက်မှ ရုံးကားမစီး​သော စည်ပင်ဝန်ထမ်းများကို ဆူ​လေဘုရား နှစ်ပါတ် ပတ်ခိုင်းခြင်း ၊ ရန်ကုန်တွင်ဆိုင်ကယ်များကို အဖမ်းအဆီးမရှိဘဲ လွှတ်ခိုင်းထားခြင်း ၊မန္တ​လေးတွင်စစ်​ကောင်စီက စက်ဘီးစီးပြိုင်ပွဲ ပြုလုပ်ခြင်း ၊ ယ​​နေ့ (ဇန်နဝါရီ ၃၁)တွင် ဆိုင်ကယ်များကိုဖမ်းဆီးပြီး မနက်ဖြန် ဆန္ဒပြမည့်အချိန်တွင်မှလာ​ရွေးခိုင်းခြင်း ၊ စစ်​ကောင်စီလက်​အောက်ခံ ဆီဆိုင်အချို့မှ မနက်ဖြန်တွင်ပြည်သူများဆန္ဒပြမည့်အချိန်၌ ဆိုင်ကယ်တစ်စီးလျှင်ဆီ ၁ ဂါလံအခမဲ့ထည့်ပေးမည်ဟု​ကြေညာခြင်း၊စစ်​ကောင်စီ ​ထောက်ခံသူနှင့် ​နေစားများငှားရမ်း၍အကြမ်းဖက်စစ်တပ်​ထောက်ခံ​ကြောင်း ဆန္ဒပြပွဲပြုလုပ်​စေခြင်း စသဖြင့် တိတ်ဆိတ်ခြင်းသပိတ်ကို ပျက်စီးရန် စစ်​ကောင်စီက ဥာဏ်နီ ၊ဥာဏ်နက် အကုန်ထုတ်​နေ​တော့သည်။

Public Service Announcement

Public Service Announcement

အသံတိတ်သပိတ်မတိုင်မီ ဇန်နဝါရီလကုန်ပိုင်းတွင် လူမှုကွန်ရက်စာမျက်နှာမှတဆင့် ဖေဖော်ဝါရီလ တစ်ရက်နေ့ဆိုင်ပိတ်မည့်အကြောင်း အသိပေးခဲ့သည့် လုပ်ငန်းများ၊ စျေးဆိုင်များအား အကြမ်းဖက်စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီး ဆိုင်ရှင်နှင့်ဝန်ထမ်းများအား ခြိမ်းခြောက်ဖမ်းဆီးခြင်း၊ ဆိုင်အားချိပ်ပိတ်ခြင်းများ ပြုလုပ်ခဲ့သည်။

(ဒီဇင်ဘာ ၁၀ ရက်က နိုင်ငံတစ်ဝန်း တိတ်ဆိတ်ခြင်းသပိတ်ပြုလုပ်​နေစဥ် ။ ဓါတ်ပုံ-ရိုက်တာ ၊CJ)

ယမန်နေ့ ဇန်နဝါရီလ ၃၀ ရက်နေ့က မန္တလေးမြို့ရှိ နာမည်ကျော် ဆရာဂျီးမုန့်ဟင်းခါးဆိုင်အား အသံတိတ်သပိတ်အကြောင်း လူမှုကွန်ရက်တွင်တင်သည့်ကိစ္စဖြင့် စစ်ဆင်ရေးတစ်ခုအသွင် လက်နက်အင်အားလူအင်အားအပြည့်ဖြင့် ဝင်ရောက်စီးနင်းကာ ဖမ်းဆီးခဲ့သည်။

“အသံတိတ်သပိတ်လေး တင်တာလေးနဲ့ လက်နက်တွေကော ယူနီဖောင်းအပြည့်အစုံနဲ့ ဝင်လာကြတာ။ တကယ်တမ်းစစ်မြေပြင်သွားတိုက်တော့ ခြင်းကျားနဲ့ အာကာထွန်းဘောင်းဘီနဲ့”ဟု ပြည်သူတစ်ဦးကမှတ်ချက်
ပြုသည်။

အသံတိတ်သပိတ်မပြုလုပ်နိုင်စေရန် အကြမ်းဖက်စစ်ကောင်စီက အနယ်နယ်အရပ်ရပ်တွင် ဆိုင်ကြီး ကနားကြီးမှအစ လမ်းဘေးကွမ်းယာဆိုင်အဆုံး ဖိအားပေးလက်မှတ်ထိုးကာ အတင်းအကျပ်ဖွင့်ခိုင်းထားသည်။ တရုတ်နှစ်သစ်ကူးကာလတွင် ပိတ်​နေကြ ဆိုင်များကိုပါ အတင်းအကျပ်ဖွင့်ခိုင်းထား၍ လုပ်ငန်းရှင်များ၊လုပ်သားများအခက်​တွေ့​နေကြသည်။

“ကျွန်တော့်တစ်သက်နဲ့ တစ်ကိုယ်တော့ ကိုယ့်ဆိုင်ကိုယ်ပိတ်တာကို ပုဒ်မကြီး ၊ ပုဒ်မငယ်များစွာနဲ့ ထောင်ဒဏ်ချနိုင်တယ်ဆိုတာ အခုမှကြားဖူးတာပါ။ ဒီလိုခြိမ်းခြောက် အကျပ်ကိုင်နေတာဟာ အရပ်ရပ်မှ ကြားလို့မသင့်၊ အရှက်သိက္ခာမဲ့လုပ်ရပ်ဆိုတာ ပြည်သူမျာကလည်း ရှင်းရှင်းလင်းလင်းသိပါတယ်။ ဘယ်နိုင်ငံ၊ ဘယ်အစိုးရတွေကများ ကိုယ့်နိုင်ငံက ကွမ်းယာဆိုင်၊ စျေးဆိုင်ပိတ်တာကို ပုဒ်မထုတ်အရေးယူတယ်လို့ ကြားဖူးပါသလဲ။ ဒီဆိုင်ဖွင့်ကို စကစက ဘယ်နှပြားထောက်ပံ့ခဲ့လို့လဲ။ စည်ပင်ပိုင်မြေဖွင့်လည်း စည်ပင်ရဲ့များစွာသော အခွန်အခကိုပေးဆောင်ပြီးမှ ပြည်သူ့က ကိုယ့်ကုန်ကိုယ်ရောင်း၊ ကိုယ်စီးပွားကိုယ်လုပ်တာပေါ့။ ဒါကြီးကိုမှ အခုလို စည်ပင်ပိုင်မြေမို့ဘာမို့ ပိတ်ရင် ဖမ်းဆီချိတ်ပိတ်မယ်ဆိုတာဟာ သူ့ကိုယ်သူ အားကြီးတယ်ထင်နေပေမယ့် ရူးကြောင်ကြောင်လုပ်ရပ်တခုသာလျှင်ဖြစ်ပါတယ်။နိုင်ငံတကာမှာလူဝင်ဆန့်ချင်ပါတယ်ဆိုတဲ့ဟာ စစ်ကောင်စီရဲ့ အခုလိုလုပ်ရပ်တွေဟာ ကမ္ဘာကိုရော၊ မြန်မာကိုပါ ဒီလူတွေ ဘယ်လောင်တောင် အာဏာရူးသလဲဆိုတာ ရှင်းရှင်းကြီးကိုပြသနေပါတယ် ” ဟု တကသ ကျောင်းသားဟောင်းများအင်အားစု ကိုနန်းလင်းက ပြောသည်။

(ဒီဇင်ဘာ ၁၀ ရက်က နိုင်ငံတစ်ဝန်း တိတ်ဆိတ်ခြင်းသပိတ်ပြုလုပ်​နေစဥ် ။ ဓါတ်ပုံ-ရိုက်တာ ၊CJ)

စစ်ကောင်စီ၏ ဦးစားပေးအငြိုးထားသည့်နယ်များအတွင်း တစ်ခုအပါအဝင် ဖြစ်သည့် စစ်ကိုင်းတိုင်း၊မုံရွာမြို့တွင်လည်း အကြမ်းဖက်စစ်ကောင်စီက အသံတိတ်သပိတ်တွင် ဈေးဆိုင်ခန်းများပိတ်ထားပါက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)ဖြင့် အရေးယူမည်ဖြစ်ပြီး ဆိုင်ခန်းအားချိတ်ပိတ်မည်ဖြစ်ကြောင်း လိုက်လံခြိမ်းခြောက်နေသည်ဟု ဒေသခံများက ပြောသည်။

“အသံတိတ်လဲကြောက်၊ အသံကျယ်လဲကြောက်၊PDFလဲကြောက်၊ VPNလဲကြောက်၊နေမြင့်လေအရူးရင့်လေဆိုတာဒါမျိုးပြောတာ။”ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါနေ့လမ်းပေါ်တွင် လူရှိစေရန် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများအား နေ့လယ် ၁၂ နာရီမှ ရုံးတက်ကြရန်၊ စည်ပင်ဝန်ထမ်းများ ဆူ​လေဘုရားပါတ်လမ်း​လျှောက်ရန်နှင့် အစိုးရဝန်ထမ်းများကော ပုဂ္ဂလိကဝန်ထမ်းများကိုပါ ညနေ ၃ နာရီအလုပ်ဆင်းပေးရန်လည်း စစ်ကောင်စီကဖိအား​ပေးညွှန်ကြားထားသည်။

မြို့နယ်အချို့ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စည်ပင်ဝန်ထမ်းများကလည်း အဆိုပါနေ့တွင် မြောင်းဖော်ခြင်းလုပ်ငန်းများပြုလုပ်ရန် စီစဥ်ထားသည်ဟု ဆိုသည်။ ထို့အပြင် ဝန်ထမ်းများကိုလည်း စျေးဝယ်ထွက်ခိုင်းထားသည်ဟုဆိုပြီး အာဏာသိမ်းစစ်ကောင်စီ၏ စက်ရုံများမှ ကုန်ပစ္စည်းများကိုလည်း အထူး​လျော့စျေးဖြင့်ရောင်းချရန်
စီစဥ်နေသည်ဟု ပြည်သူအချို့က ပြောသည်။ မန္တလေးမြို့တွင်လည်း စက်ဘီးစီးပြိုင်ပွဲပြုလုပ်ကာ လမ်းပေါ်လူရှိစေရန် ကြိုးစားနေပြန်သည်။

ရန်ကုန်မြို့တွင်လည်း ဖေဖော်ဝါရီလ ၁ ရက်နေ့ လမ်းပေါ်တွင်လူရှိစေရန် ဆိုင်ကယ်စီးနင်းသူများအားမဖမ်းဆီးဖို့ညွှန်ကြားထားသည်ဟု သိရသည်။ နယ်မြို့များတွင်မူ ယခင်ရက်များကဖမ်းဆီးထားသည့် ဆိုင်ကယ်များအား တစ်ရက်နေ့တွင် လာရွေးခိုင်းထားသည်ဟုသိရကြောင်း ဒေသခံအချို့က ပြောသည်။

ထို့အပြင် အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီအား ထောက်ခံပွဲများလည်းပြုလုပ်ရန် စီစဥ်နေ​ကြသည်။ မည်သည့်ခံစားမှုမျှမပါ၊ ပေးထားသောစာရွက်များအတိုင်း စိတ်မပါလက်မပါအော်၊ ကျီးလန့်စာစားလမ်းလျှောက်ထောက်ခံကြမည့် လူလေးနှစ်ယောက်တစ်ပိုင်းဖြင့် ချောက်တိချောက်ကပ် နေ့စားဆန္ဒပြပွဲများကိုလည်း အသံတိတ်သပိတ်နေ့တွင် တွေ့မြင်ရဖို့ရှိနေပါသည်။​ကျောင်းများကိုလည်း မနက်ဖြန်တွင် မနက် ၁၀ နာရီဖွင့်၍ ည​နေ ၃ နာရီ ဆင်းရန် ဖိအား​ပေးညွှန်ကြားထားသည်။

တနသာ်ရီတိုင် ၊ ကော့သောင်း မြို့တွင် ​ဖေ​ဖော်ဝါရီ ၁၂ ရက်နေ့တွင် ပြည်တော်အေးဘုရားစိန်ဖူးတော်ပင့်ပြီး ပူဇော်အလှည့်လည်ခံရန် စီစဉ်ထားခြင်းကို ​ဖေ​ဖော်ဝါရီ ၁ ရက်သို့သို့ပြောင်းလိုက်ပြီး ၊ပြည်သူများကိုပါ မနက်ဖြန် အလှူငွေများထွက်ထည့်ကြပါရန် ​လော်စပီကာဖြင့် ​ကြေညာ​နေ​ကြောင်း ​ဒေသခံများက​ပြောသည်။

“ဘုရားလဲ အေးဆေးမနေရဘူး မင်း​အောင်လှိုင် ရယ်”ဟု​ဒေသခံတစ်ဦးက​ပြောသည်။ထိုအပြင် ထိုင်းမှ​နေရပ်ပြန်လာသူ ၁၀၀ ​ကျော်အတွက် ရုံးလုပ်ငန်းများကိုယခင်က မနက်အ​စောတွင် လုပ်​ပေး​နေရာမှ မနက်ဖြန်တွင်မနက် ၁၀ နာရီမှ ည​နေ ၄ နာရီအတွင်းလာသူများကိုသာလုပ်​ပေးမည်ဟု ​ကြေညာထား​ကြောင်း မြို့ခံအချို့က​ပြောသည်။

အမြို့မြို့အနယ်နယ်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့များကလည်း အသံတိတ်သပိတ်အောင်မြင်စေရန် ပံ့ပိုးနေကြပြီး ပုံဖျက်ရန်ကြိုးစားနေသည့် အကြမ်းဖက်စစ်ကောင်စီထောက်တိုင်များကိုလည်း လိုက်လံဆုံးမနေသည်။

ညောင်ဦးမြို့တွင် အသံတိတ်သပိတ်ပြုလုပ်ရန်စီစဥ်နေသည့် တပ်မတော်ထောက်ခံပွဲပြုလုပ်ရန်စီစဥ်နေသည့် အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးအားလည်းကောင်း၊ နတ်တလင်းမြို့နယ်တွင် အသံတိတ်သပိတ်မပြုလုပ်ရန် အော်လံတစ်လုံးဖြင့် ရပ်တကာလှည့်အော်ဟစ်ခြိမ်းခြောက်နေသည့် စစ်ကောင်စီထောက်တိုင် အမျိုးသားတစ်ဦးကိုလည်းကောင်း၊ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပစ်ခတ်သတိပေးခဲ့သည်။

ပြည်သူများအနေဖြင့် ဒီမိုကရေစီတိုက်ပွဲအတွင်း အသက်ပေးသွားကြသူများ၊ ထောင်တွင်းအကျဥ်းချခံနေရသူများ၊ CDM. ပြုလုပ်နေကြသော ဝန်ထမ်းများ၊ စစ်ဘေးရှောင်ပြည်သူများ၊ နေအိမ်မီးရှိူ့ခံရသူများအား စာနာလေးစားတန်ဖိုးထား အသိအမှတ်ပြုခြင်းနှင့် မတရားဖိနှိပ်
ရက်စက်ယုတ်မာ သတ်ဖြတ်နေသော အကြမ်းဖက်စစ်တပ်နှင့် အာဏာရှင်စနစ်ကို လုံးဝလက်မခံကြောင်း ပြသသည့်အနေဖြင့် လာမည့်ဖေဖော်ဝါရီလ ၁ ရက်နေ့ အသံတိတ်သပိတ်တွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ အပြင်သို့လုံးဝမထွက်ခြင်းဖြင့် ပူးပေါင်းပါဝင်ပေးကြရန် မေတ္တာရပ်ခံတိုက်တွန်းကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက တိုက်တွန်းထားသည်။

စျေးဆိုင်များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ အန္တရာယ်ပေးခြင်းမှ ကင်းဝေးစေရန် ဆိုင်ဖွင့်ထားပြီး သက်မှတ်အချိန်အတွင်း ဆိုင်အတွင်းသာနေထိုင်ကာ အပြင်သို့သွားလာခြင်း မပြုလုပ်ဘဲ ပူးပေါင်းပါဝင်ပေးရန်၊ ပြည်သူများအနေဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့မတိုင်မီ စျေးတစ်ရက်ကြိုဝယ်ထားပြီး အသံတိတ်သပိတ်ပြုလုပ်နေ့ချိန်တွင် စျေးဝယ်ခြင်း၊ အပြင်ထွက်ခြင်း မလုပ်ခြင်းဖြင့် အာဏာရှင်စနစ်ကိုတွန်းလှန်သော သပိတ်တွင် ပူးပေါင်းပါဝင်ပေးကြရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက တိုက်တွန်းထားကြသည်။

“ကျွန်တော်တို့ တော်လှန်ရေးအင်အားစုများကတော့ မိဘပြည်သူများကို ခြိမ်းလည်းမခြိမ်းခြောက်ဘူး။ ဖိအားလည်းမပေးဘူး။ ကိုယ့်ယုံကြည်ချက် ၊ ကိုယ့်ခံယူချက်နဲ့သာပါဝင်ဖို့ တိုက်တွန်းတယ်၊ တောင်းဆိုတယ်၊ လှုံ့ဆော်တယ်။ ရှေ့ ၂ ခေါက်များမှာလည်း ဒီနည်းဒီပုံပဲသွားခဲ့တာဖြစ်ပါတယ်။ လူထုကလည်း သူတို့ယုံကြည်ချက်အတိုင်း အင်ပြည့်အားပြည့်ကို ပါဝင်ခဲ့၊ သက်သေပြခဲ့ပြီးဖြစ်ပါတယ်။ ဆိုင်ပိတ်ရမလားဆိုတဲ့မေးခွန်းကို ကျွန်တော်ကတော့ ဦးစွာဖြေကြားလိုတာက ပိတ်လို့ရနိုင်ရင်ပိတ်ပေးပါလို့ပဲ တောင်းဆိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အခု ၁ ရက်နေ့ လှုပ်ရှားမှုဟာ အသံတိတ်အာဏာဖီဆန်ရေးလှုပ်ရှားမှုပါ။ အာဏာဖီဆန်တယ်ဆိုကတည်းက မတရားတဲ့အမိန့်အာဏာဟူသမျှကိုဖီဆန်ရမှာဖြစ်ပါတယ်။ အခု စကစက ဆိုင်တွေကိုထုတ်လာတဲ့ အမိန့်ကြေညာစာတွေဟာ ဘယ်လောင်တောင်မတရားသလဲ၊ ဘယ်လောင်တောင်ရူးကြောင်ကြောင်နိုင်သလဲဆိုတာ အားလုံးအသိပဲမို့ ဆိုင်တွေ ပိတ်ဖို့ကိုသာ ဦးစားပေးတိုက်တွန်းပါတယ်။ အခြေအနေအရ မပိတ်နိုင်ဘူး ဆိုရင် ကျွန်တော်တို့ ဒုတိယ တောင်းဆိုတာကတော့ လူတွေ၊ ကိုယ်ပိုင်ကားတွေ၊ taxi တွေ အပြင်မထွက်ကြဖို့ ဖြစ်ပါတယ်။ ၁၀ နာရီကနေ ၄ နာရီအတွင်း တနိုင်ငံလုံးရှိ လူကုန် အပြင်မထွက်ပဲ အာဏာဖီဆန်ကြဖို့ ဖြစ်ပါတယ်။ ကားမရှိ၊ လူမရှိ၊ အလုပ်သမားမရှိပဲနဲ့ ဘယ်ဆိုင်မှ run နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ပိတ်လို့မရနိုင်တဲ့အခြေအနေရှိရင် ပါးနပ်တဲ့ နည်းလမ်းပေါင်းစုံနဲ့ ပါဝင်ကြပါ ” ဟု ကိုနန်းလင်းက ပြည်သူများကို ​မေတ္တာရပ်ခံသည်။

ထို့အပြင် ” ရုံးသမားတွေ အလေးအနက် မေတ္တာရပ်ခံပါတယ်။ လမ်းဘေးစျေးသည်တွေတောင် risk ယူနေချိန်မှာ ရုံးသမား၊ ကုမ္ပဏီဝန်ထမ်းများကလည်း အဲ့နေ့ အဲ့ရက်မှတော့ အစွမ်းကုန်ပါဝင်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ ကျွန်တော်ကတော့ ယုံကြည်တယ်။ စကစက လူထုကို ဓားမိုး၊ သေနတ်မိုးအုပ်ချုပ်ဖို့ကြိုးစားတယ်။ ကျွန်တော်တို့လူထုကတော့ ဓမ္မကိုချစ်သောစိတ်၊ မတရားမှုကိုရွံ့မှန်းတဲ့စိတ်ဆိုတဲ့ အင်မတန်အားကြီးမားတဲ့စိတ်ဓာတ်အင်အားများနဲ့ အကြမ်းဖက်စစ်အုပ်စုကို လှလှပပ တု့န့်ပြန်နိုင်လိမ့်မယ် ဆိုတာကို အလေးအနက် ယုံပါတယ်။ ကျပ်တည်းခက်ခဲမှုတွေကို လွတ်မြောက်နိုင်ရာသည် ရုန်းကန်တော်လှန်ခြင်းမှတပါး အခြားမရှိတာမို့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ လူထုအင်အား၊ လူထုစိတ်ဓာတ်ကို ထပ်မံပြီး ပြတ်ပြတ်သားသားပြသ တိုက်ပွဲဝင်ကြပါစို့ ” ဟုတက္ကသိုလ် ကျောင်းသားဟောင်းများအင်အားစုမှ ကိုနန်းလင်းကတိုက်တွန်းသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ပြည်သူ​တွေကလည်း ​ ၅ ကြိမ်​မြောက်အသံတိတ်သပိတ်ကို​အောင်မြင်​အောင်လုပ်ပြီး စစ်အာဏာရှင်​တွေကိုလုံးဝမလိုလားပဲ စစ်အာဏာရှင်​စနစ် အမြစ်ပြတ်တယ်အထိ့​ ပြတ်ပြတ်သားသားတော်လှန်ကြဖို့ဒီက​နေ့မှာပဲ လမ်းမကြီး​တွေကတစ်ဆင့်အကျယ်​လောင်ဆုံးအသံပေးပါတယ်။

သတင်း

လာမည့်ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်း၊ ဦးပိန်တံတားတွင် စစ်ကောင်စီက "တောင်သမန်မယ်ဇယ်လွင်ပြင်ဖွင့်ပွဲ"အခမ်းအနားပြုလုပ်ရန် စီစဥ်နေကြောင်း မြို့ခံများက ပြောသည်။

သတင်း

အသံတိတ်သပိတ်ကို ယမန်နေ့(ဖေဖော်ဝါရီ ၁) နံနက် ၁၀ နာရီမှ မွန်းလွဲ ၃ နာရီအထိ ပြုလုပ်ခဲ့ရာ ရန်ကုန်၊ မန္တ လေး၊ နေပြည်တော် အပါအဝင် နိုင်ငံတဝန်းရှိ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ ခြိမ်းခြောက် ဖိနှိပ်မှုများအကြားမှ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်သည့် လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြခြင်းဖြစ်သည်။

သတင်း

"ဓာတ်ပုံလေးရိုက်တာတောင် ကြောက်ချီးပန်းနေမှတော့ စစ်ကောင်စီ တပ်တွေဟာ အရမ်းကို ကြောက်စိတ်တွေဝင်ပြီး လုံး၀တပ်ပျက်နေပါပြီ”ဟု Indaw Revolution က ဖော်ပြသည်။