Connect with us

Hi, what are you looking for?

ဆောင်းပါး

ကျန်ရစ်သူ

အကြမ်းဖက်စစ်ကောင်စီဟာ အရပ်သားပြည်သူတွေရှိတဲ့ ကျေးရွာတွေဘက်ကိုပါ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ လေကြောင်းပစ်ခတ်တာတွေ အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့တာကြောင့် ဆင်တောင်ရွာအပါအဝင် ရွာပေါင်း နှစ်ဆယ်နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

တိတ်ဆိတ်​ငြိမ်သက်နေတဲ့ ရွာလယ်လမ်းမကြီးပေါ်မှာ အဘွားအိုတစ်ဦးတည်း တုတ်တစ်ချောင်းကို အားပြုလျှောက်လှမ်းလာနေတယ်။ အရင်ကသွားလာစည်ကားခဲ့ကြတဲ့၊ တစ်အိမ်နဲ့တစ်အိမ်ဝင်ချည်ထွက်ချည် ကူးလာဆက်ဆံခဲ့ကြတဲ့အိမ်တွေလည်း အခုတော့ လူသူမရှိ သော့ပိတ်ထားကြတယ်။

အဘွားအိုက ကရင်နီပြည်နယ်(ကယားပြည်နယ်) ဒီး​မော့ဆိုမြို့နယ်၊ ဆင်တောင်ရွာကပါ။ အဘွားတို့ရွာလေးဟာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် တစ်ရွာလုံးလိုလို ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်သွားခဲ့ကြပါပြီ။ အသက် ၇ဝ ကျော်အရွယ် အဘွားအိုကတော့ သူချစ်မြတ်နိုးလှတဲ့အိမ်ကလေးထဲမှာ တစ်ဦးတည်း ကျန်နေခဲ့ပါတယ်။

အဘွားတို့ဆင်တောင်ရွာဟာ တိုက်ပွဲစတင်ဖြစ်ပွားရာရွာနဲ့ မဝေးလှပါဘူး။ အကြမ်းဖက်စစ်တပ်ဟာ ဖေဖော်ဝါရီလကုန် မတ်လဆန်းမှာ အဘွားနေတဲ့ ဆင်တောင်ရွာထဲ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရွာခံပြည်သူ(၃)ဦးကို ပစ်သတ်ကာ အိမ်တစ်လုံးထဲသို့ ထားခဲ့ပြီး ၄င်းအိမ်ကို ဖောက်ခွဲဖျက်ဆီးသွားခဲ့ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ တခြားနေအိမ်နှစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့ကြတယ်။ လူသတ်ပြီး မီးရှို့ဖျက်ဆီးသွားတဲ့အိမ်တွေဟာ အဘွားအိမ်ရဲ့ မလှမ်းမကမ်းမှာပဲတည်ရှိတာပါ။ အဲဒီအိမ်တွေထဲမှာဆိုရင် အရိုးစုတွေ ခုထိရှိနေပါသေးတယ်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်ဟာ ဆင်တောင်ရွာက ပြည်သူ့နေအိမ်တွေကို ဝင်ရောက် မွှေနှောက်ကာ တန်ဖိုးရှိ ပစ္စည်းများယူသွားခြင်း၊ မီးဖိုမှာ တွေ့ရာချက်ပြုတ်စားသောက်ကြခြင်း၊ ပြည်သူ့ပိုင်ဆိုင်မှုများကို ရိုက်ခွဲဖျက်စီးခြင်းများ ပြုလုပ်သွားခဲ့ကြပါသေးတယ်။

ရွာကလူတွေထွက်ပြေးကြပြီဆိုတော့ မိသားစုအပါအဝင် ရွာကလူတွေက အဘွားကိုအတူတူထွက်ပြေးကြဖို့ခေါ်တယ်။ အဘွားမလိုက်နိုင်တော့ဘူး။ အဘွားရဲ့အသက်အရွယ်နဲ့ ကျန်းမာရေးအရ အဘွား ဟိုပြေးသည်လွှား လုပ်နိုင်ပုံမပေါ်တော့ဘူး။ ဒါကြောင့်ရွာထဲမှာပဲ တောင်ဝှေးတစ်ချောင်းကိုအဖော်ပြုရင်း အဘွားနေရစ်ခဲ့ပါတော့တယ်။

အကြမ်းဖက်စစ်ကောင်စီဟာ အရပ်သားပြည်သူတွေရှိတဲ့ ကျေးရွာတွေဘက်ကိုပါ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ လေကြောင်းပစ်ခတ်တာတွေ အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့တာကြောင့် ဆင်တောင်ရွာအပါအဝင် ရွာပေါင်း နှစ်ဆယ်နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

အ​ကြမ်းဖက်စစ်​ကောင်စီတပ်ရဲ့ဘေးရန်ကြောင့် ကရင်နီပြည်နယ်မှာ မတ်လဆန်းအထိ နေအိမ်စွန့်ခွာထွက်ပြေးနေသူ နှစ်သိန်းဝန်းကျင်အထိ ရှိလာနေပါပြီ။

မတ်လဆန်းမှာတင် အကြမ်းဖက်စစ်ကောင်စီရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် လယ်ထွဲကျေးရွာက ကလေးငယ် ၃ ဦး သေဆုံးခဲ့ရပါတယ်။

အဘွားတို့ရဲ့ဆင်တောင်ရွာအပါအဝင် အ​ကြမ်းဖက်စစ်​ကောင်စီတပ်တို့ စစ်ကြောင်းထိုးပြီး တိုက်ပွဲဖြစ်ပွားခဲ့တဲ့ လမ်းကြောင်းတစ်လျှောက်က ရွာတွေမှာ လူသူကင်းမဲ့တိတ်ဆိတ်နေပါတယ်။ သက်ရှိဆိုလို့ အဘွားအိုနဲ့ ရွာထဲကခွေးလေးတွေ၊ ကြောင်လေးတွေနဲ့ ဝက်၊ ကျွဲ၊ နွား အိမ်မွေးတိရိစ္ဆာန်လေးတွေသာ ကျန်ရစ်ခဲ့ပါတယ်။

အဘွားနဲ့ ရွာထဲကိုအခြေအနေတွေလာကြည့်တဲ့ ဒေသခံကာကွယ်ရေးအဖွဲ့ KNDFက
လူငယ်တွေနဲ့ ဆုံမိကြတယ်။ လူသတ်အလောင်းဖျောက်မီးရှို့ခံရပြီး တစ်ရွာလုံးထွက်ပြေးလို့ ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေတဲ့ ဒီရွာထဲမှာ အဘွားအိုတစ်ယောက်တည်း နေနေတာတွေ့ရတော့ KNDFက လူငယ်လေးတွေ စိတ်မကောင်းဖြစ်ခဲ့ကြတယ်။

အဘွားက လေလ​ည်းဖြတ်ထားဖူးတာမို့ စကားကသိပ်မပီပါ။ အိမ်ကိုမခွဲနိုင်တဲ့အဘွားကို
သားဖြစ်သူက မကြာမကြာလာရောက်ပြီး ရိက္ခာနဲ့ လိုအပ်တာလုပ်ပေးလေ့ရှိတယ်လို့ဆိုပါတယ်။

KNDF က ရဲဘော်တွေနဲ့ အခုအဘွားလိုမျိုး နေအိမ်ကနေတစ်ဖဝါးမှမခွာလိုတော့တဲ့ သက်ကြီးရွယ်အိုတွေကို ကြုံခဲ့ရဖူးတယ်။ မတ်လဆန်းကပဲ ရွာတစ်ရွာမှာခုလိုပဲအဘွားအိုတစ်ဦးတည်း ကျန်နေခဲ့တယ်။ အသက်ကြီးလို့အကြားအာရုံပါ ချို့ယွင်းစပြုနေတဲ့အဘွားအိုဟာ မိုးပေါ်ကတိုက်လေယာဥ်သံမပြောနဲ့ အနားနားကပ်ပြောနေတဲ့ ရဲဘော်လေးရဲ့အသံကိုတောင် မနည်းနားထောင်နေရတယ်။
“ရွာထဲမှာဘယ်သူမှမရှိတော့ဘူးအဘွား။ ကျွန်တော်တို့ခေါ်သွားမယ်နော်။” ရဲဘော်လေးရဲ့အသံကို အဘွားအားစိုက်နားထောင်နေတယ်။

“အဘွားက ဘုရားသခင်ကိုလည်း အားကိုးတယ်။ ဘုရားသခင်ကိုလည်းဆုတောင်းတယ်။ သေလည်းသေပစေပေါ့။ ရှင်လည်းရှင်ပစေပေါ့။ ဘုရားလက်ထဲမှာပဲအပ်တယ်။ အဘွားတစ်ယောက်တည်းပဲဒီမှာကျန်တယ်။ ဘုရားသခင်ဘယ်လိုစီစဥ်မယ်တော့မသိပါဘူး။ ဘယ်နေရာမှမပြေးဘူး။ ပြေးတဲ့နေရာမရှိ၊ ပြေးစရာမြေမရှိ၊ ပြေးစရာလည်းငွေမရှိ။”လို့ အဘွားက တစ်လုံးချင်းပြောတယ်။

ရဲဘော်လေးတွေစိတ်ထိခိုက်ရတယ်။ သို့ပေမယ့် စိတ်ကိုထိန်းရင်း အဘွားကိုအားပေးရတယ်။ “အဘွား အချိန်တွေ အများကြီးရှိသေးတယ်လေ အဘွား။” “ဘုရားသခင်က အဘွားကို အသက်ရှင်ဖို့အလိုရှိတယ်အဘွား။”

ရဲဘော်လေးတွေက ပြောတယ်။ နောက်ဆုံးတော့အဘွားဟာ လာခေါ်တဲ့ ရဲဘော်လေးတွေစိတ်ချမ်းသာအောင် ရဲဘော်လေးတွေခေါ်ရာ စိတ်ချရတဲ့ဆီလိုက်ပါခဲ့ပါတယ်။

ရဲဘော်တွေက ဆင်တောင်ရွာက အဘွားကိုလည်း တခြားစိတ်ချရတဲ့နေရာ ခေါ်ထုတ်သွားမလို့ လိုက်ဖို့ဆန္ဒရှိမရှိ မေးတော့ အဘွားက ပြောင်းလိုပုံမရတော့။ ဒါကြောင့် ရွာထဲက ဆီနဲ့အခြားစားနပ်ရိက္ခာများ ရှာဖွေပြီး အဘွားနေထိုင်ရာအိမ်တွင် ပို့ဆောင်ပေးခဲ့ရတယ်။ လုပ်သာလုပ်ပေးခဲ့ရတယ်။ ရဲဘော်လေးများ အဘွားအတွက် စိတ်မချ။

သို့သော် တော်လှန်ရေးအတွက် ရဲဘော်တွေ ရှေ့ခရီးကို ဆက်ထွက်ရဦးမှာပါ။ “အဘွားအိမ်မှာ သုံးစရာ ရေများရှိသေးရဲ့လား။”လို့တွေးရင်း KNDF ရဲဘော်လေး စိတ်မဖြောင့်စွာ ဆင်တောင် ရွာထဲကနေ တစ်လှမ်းချင်းထွက်ခွာသွားခဲ့ပါတယ်။ တိတ်ဆိတ်ခြောက်ကပ်ပြီး ပြာအတိဖုံးနေတဲ့အရိုးစုတွေရှိတဲ့ရွာလေးမှာ အဘွားအိုတစ်ယောက်ကတော့ သူ့နေအိမ်လေးမှာ တစ်ကိုယ်တည်း ကျန်ရစ်ခဲ့ပါတော့တယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်မှာ အသက် (၇၁)နှစ်အရွယ် အမျိုးသမီး ၁ဦး အသတ်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။