အကြမ်းဖက်စစ်ကောင်စီက သကြ်န်မဏ္ဍပ်တွေဆောက်ပြီး ပျော်ပွဲရွှင်ပွဲအတွက် ဆွဲဆောင်စည်းရုံးနေပေမယ့် လက်တွေ့မှာ အရာမထင်လှပါဘူး။
နိုင်ငံ့ရဲ့နေရာအားလုံးနီးပါး တူးပို့သံပါ ဆိတ်သုဥ်းနေတဲ့ ကနေ့အခြေအနေဟာ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေ အောင်မြင်မှုမရှိဘူးဆိုတာ လှစ်ဟပြနေပါတယ်။
သင်္ကြန်အကြောင်းပြ နိုင်ငံရေးအမြတ်ထုတ်ဖို့လုပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့အကြံ မအောင်မြင်ရတဲ့အကြောင်းအရင်းတွေထဲမှာတော်လှန်ရေးအင်အားစုတွေရဲ့ တပ်လှန့်သံတွေဟာ အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်နေတယ်ဆိုရင် မှားမယ်မထင်ပါဘူး။
ဘာကြောင့်ပါလဲ။ လူထုရဲ့ အောင်စိတ်၊ ပြင်းပြတဲ့ ဆန္ဒနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ တပ်လှန်သံတွေဟာ တစ်သားတည်းကျနေလို့ပါပဲ။
အထူးသဖြင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့တဲ့ လူငယ်မျိုးဆက်သစ်တွေ၊ ဖမ်းဆီးအကျဥ်းချခံထားရသူတွေ၊ အကြမ်းဖက်စစ်ကောင်စီတပ်ကို အမြစ်ဖြတ်နိုင်ဖို့ တောထဲမှာ ၊အန္တရာယ်များလှတဲ့မြို့ပေါ်မှာပေးဆပ်စွန့်လွှတ်နေသူတွေရဲ့ အနစ်နာခံမှုတွေကို အသိအ မှတ်ပြု တန်ဖိုးထားကြောင်း ပြသကြတာလည်း ဖြစ်ပါတယ်။
ဒါကြောင့်ပဲ ပုံစံအမျိုးမျိုးနဲ့ဆွယ်နေတဲ့ စစ်ကောင်စီရဲ့ ဟန်ပြသကြ်န်ကို တော်လှန်သကြ်န်အဖြစ်ဖြတ်သန်းကြဖို့ အသင့်ဖြစ်နေကြတာပါ။
သည်ကနေ့(ဧပြီ ၁၂)မှာဆိုရင် ရန်ကုန်တိုင်းထဲက မြို့လေးတစ်မြို့ဆီ ရောက်ဖြစ်ပါတယ်။ ခါတိုင်းနှစ်တွေကဆိုရင် မြို့လေးဆီသွားတဲ့ ကားလမ်းမထက်မှာ ရေကစားမဏ္ဍပ် ၁၀ ခုထက်မနည်း တွေ့ရတတ်ပါတယ်။
ကားလမ်းမကြီးပေါ်မေးတင်ထားတဲ့ ကျေးရွာတိုင်းလိုလိုမှာ သကြ်န်ရေးကစားမဏ္ဍပ်တွေ ရှိနေတတ်တာပါ။ ဒါပေမဲ့ လက်ရှိ စစ်ကောင်စီအာဏာလုထားတဲ့ ဒီနှစ်တန်ခူးလမှာတော့ အ တာသကြ်န်နဲ့ သက်ဆိုင်တဲ့ ဘယ်လိုအထိန်းအ မှတ်မျိုးမှ မတွေ့မမြင်ရပါဘူး။
မြို့ထဲရောက်လို့ ကုန်စုံဆိုင်တွေနဲ့ စတိုးဆိုင်ပိုင် ရှင်တွေဆီ စုံစမ်းကြည့်တဲ့အခါမှာလည်း သကြ်န်ရေကစားတဲ့ ရေပြွတ်တွေ၊ သကြ်န်ပန်းကုံးတွေအပါအဝင် အတာရေပျော်ပွဲရွှင်ပွဲနဲ့သက် ဆိုင်တဲ့ပစ္စည်းတွေ အရောင်းထိုင်းတဲ့အ ကြောင်း ရင်ဖွင့်ကြပါတယ်။
“ရေကစားတဲ့ပစ္စည်းတွေက မရောင်းရသလောက်ပဲ။ ခုလက်ရှိရောင်းနေတာတွေကလည်း ပြီးခဲ့တဲ့နှစ်က လက်ကျန်တွေချရောင်းနေတာ။ အသစ်ထပ်တင်မထားဘူး”ဟု ရေက စားတဲ့ပစ္စည်းတွေရောင်းတဲ့ ဆိုင်ရှင်အမျိုးသမီးကြီးတစ်ဦးက ပြောပါတယ်။
တဆက်တည်းမှာပဲ အဲဒီဆိုင်ရှင်အမျိုးသမီးက ကြွပ်ကြွပ်အိတ်အကြည်ရောင်အိတ်အကြီးတွေနဲ့ ထုပ်ပိုးထားတဲ့ ရေကစားပစ္စည်းတွေကို လက် ညှိုးထိုးပြီး “အဲမှာလေ မြင်တဲ့အတိုင်းပဲ”လို့ ငြီးတွားသလို ပြောပါတယ်။
မနက်ဖြန်(ဧပြီ ၁၃)ကစလို့ အတာသကြ်န်ကာ လ စျေးတွေပိတ်တော့မှာဆိုတော့ ဒီနှစ်အဖို့ ရေကစားတဲ့ပစ္စည်းတွေ ရောင်းရဖို့ မျှော်လင့်ချက်မရှိတော့ဘူးလို့လည်း သူက ဆက်ပြောပါသေးတယ်။
ပုံမှန်အခြေအနေမျိုးဆိုရင် ဘယ်မြို့ဘယ်နယ်သွားသွား အတာသကြ်န်ရက်နီးလာတဲ့ ခုလိုကာ လမျိုးမှာ တူးပို့သံတွေ ညံနေတတ်တာပါ။ လက်တွန်းလှည်းနဲ့ ထီသည်၊ အသုပ်စုံသယ်ကစလို့ ဘတ်စကားတွေ၊ တက္ကစီကားတွေအပါ အဝင် လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်တွေအထိ သကြ်န်သီချင်းတွေနဲ့ သကြ်န်ကိုကြိုနေကြပါပြီ။
ခုတော့ မနက်ဖြန်(ဧပြီ ၁၃)ဆိုရင် သကြင်္န်အ ကြိုရက်ရောက်တော့မှာဖြစ်ပေမဲ့ အလုပ်တာဝန်တွေခေတ္တနားပြီး သကြ်န်သီချင်းလေးနဲ့ အေး အေးလူလူနားနေတဲ့သူရယ်လို့ မရှိသလောက်ပါပဲ။ ဒါကြောင့်လည်း အကြမ်းဖက်စစ်ကောင်စီဟာ သကြ်န်ပျော်ပွဲရွှင်ပွဲတော်စီစဥ်ပြီး အရာရာပုံမှန်ပြန်ဖြစ်နေသရောင် ဟန်ပြလုပ်ဖို့ ကြိုးပမ်းနေပါတယ်။
အထူးသဖြင့် ရန်ကုန်၊ မန္တလေး စတဲ့မြို့ကြီးတွေမှာ ဗဟိုရေကစားမဏ္ဍပ်ကြီးတွေဆောက်ပြီး စစ်အုပ်စုကို ထောက်ခံသူတွေနဲ့ ပွဲထုတ်ဖို့လုပ်နေတာပါ။ ဒါကို ရန်ကုန်မြို့ တာမွေမြို့နယ်မှာနေထိုင်တဲ့ လူငယ်တစ်ဦးကရှင်းပြရာမှာ ရပ်ကွက်တစ်ခုမှာ မဏ္ဍပ်တစ်ခုဆောက်ရမယ်လို့ အမိန့်ချထားတဲ့အကြောင်း ကြားသိရတယ်လို့ သူက ပြောပါတယ်။
ပြီးတော့ တစ်ရပ်ကွက်ကို ကားသုံးစီး ရေကစားထွက်ကြဖို့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေကို တာဝန်ပေးထားတယ်လို့လည်း သူက ပြောပါတယ်။
“ရပ်ကွက်တစ်ခုကို ကားသုံးစီးထွက်ရမယ်ဆိုတာက ဖော်ရှိုးလုပ်တာပေါ့။ ဒါကိုကြည့်ရင် အာဏာရှင်လုပ်တဲ့သကြ်န်ကို ဘယ်သူမှစိတ်မဝင်စားကြဘူးဆိုတာ ပေါ်လွင်နေတယ်”လို့ သူက မှတ်ချက်ပေးပါတယ်။
ပိုဆိုးတာကတော့အာဏာလုစစ်ကောင်စီလုပ်သကြ်န်မှာလူမရှိမှာစိုးတဲ့အတွက်စသ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေက တစ်ယောက်ငွေတစ်သောင်းပေးမယ်၊ အရက်တိုက်မယ် ၊ဘီယာတိုက်မယ်ဆိုပြီးတောင်ရပ်ကွက်တွေထဲ လူလိုက်ရှာနေရပါတယ်။
“အရက်သမားပေမယ့် သစ္စာရှိပါတယ်ဗျာ ကိုယ်တိုင်အာသာပြေတောင်မနည်းရှာနေရတာ။ အလကားတဝသောက် ကဲချင်တာပေါ့။ ဒါပေမယ့်သစ္စာရှိရမယ်လေ။ ဒီကောင်တွေ(စစ်ကောင်စီ) ပြည်သူကိုအထင်မသေးစေရဘူး ကျနော်တို့စောင့်ထိမ်းမှာပါ တော်လှန်ရေးအောင်ရင်တော့ သိတဲ့အတိုင်ပဲ မောင်းတီးချောင်းစီးတိုက်မယ့်သူအများကြီး အဲ့ကျမှ လိပ်ပြာသန့်သန့်မူးတော့မယ်”လို့ ယာမကာကြိုက်သူတစ်ဦးကလည်းပြောပါတယ်။
ပဲခူးမြို့မှာဆိုရင်လည်း လူမှုကူညီရေးအသင်းတိုင်းကို စစ်ကောင်စီတပ်ရဲ့ ဗဟိုမဏ္ဍပ်မှာ လူနာတင်ယာဥ်တစ်စီးစီ ထားပေးဖို့မထားရင် အသင်းဥက္ကဌတွေကို ဖမ်းဆီးပြီးတော့ အသင်းကို အရေးယူမယ်လို့ခြိမ်းခြောက်ထားပါတယ်။
ရန်ကုန်လူထုသပိတ်အပါအဝင် တော်လှန်ရေးအဖွဲ့အစည်း ၃၅ဖွဲ့ကလည်းအောက်ပါအတိုင်းသတိပေးထားပါတယ်။
“တိုင်းပြည်အတွက်ကိုယ်ကျိုးစွန့်ခဲ့သည့် ကျဆုံးအာဇာနည်သူရဲကောင်းများ၊ ထောင်တွင်းနှိပ်စက်မှုဒဏ်ခံ၍ ပေးဆပ်နေသောရဲဘော်များ၊ တောတွင်း တိုက်ပွဲဝင်နေသော ရဲဘော်များ၊ စစ်ဘေးရှောင်ဒုက္ခသည်ပြည်သူများနှင့် အဖိနှိပ်ခံလူမျိုးစုများအား စော်ကားသကဲ့သို့ ပြုမူဆောင်ရွက်နေမှုများ ရပ်တန့်ပေးပါရန် လေးနက်စွာသတိပေးအပ်သည်” ။
အလားတူ နိူင်ငံတစ်ဝန်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ၊ လူထုသပိတ်ကော်မတီအသီးသီးကလည်း စစ်ကောင်စီရဲ့ ဟန်ပြသကြ်န်မှာ ပြည်သူတွေမပါဝင်ကြဖို့ တိုက်တွန်းထားကြပါတယ်။ PDF အဖွဲ့တွေဆိုရင် သကြ်န်ကာလမှာ အကြမ်းဖက်စစ်ကောင်စီတပ်ကို အရှိန်မြှင့်ခုခံတိုက်ခိုက်မှာဖြစ်တဲ့အတွက် ပြည်သူတွေ အိမ်မှာပဲနေကြဖို့ ၊စစ်ကောင်စီမဏ္ဍာပ်တွေနားမသွားကြဖို့ သတိပေးထားကြပါတယ်။
စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ ခုလိုကာလမှာ အပျော်မရှာဘဲ တော်လှန်ပုန်ကန်ကြဖို့ တော် လှန်ရေးအင်အားစုအသီးသီးက အသိပေးတိုက်တွန်းနေချိန်မှာ တစ်ဦးချင်းတစ်ယောက်ချင်းဆီတိုင်း လိုက်နာကြဖို့ တာဝန်ရှိတယ်လို့ ရန်ကုန်မြို့နေပြည်သူတစ်ဦးကသူ့အမြင်ကိုပြောပါတယ်။
အရင်နှစ်ကစစ်တပ်က အာဏာသိမ်းပြီး နှစ်လကျော်မှာကြုံခဲ့ရတဲ့ သကြ်န်ကိုလည်း ပြည်သူတွေက တော်လှန်သကြ်န်အနေနဲ့အိမ်ထဲမှာနေပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒီနှစ်ကတော့ နိုင်ငံတစ်ဝန်း PDF တွေ ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အကြမ်းဖက်စစ်ကောင်စီကို အရှိန်မြှင့်ခုခံစစ်ပွဲတွေဆင်နွှဲနေချိန်မှာ ရောက်လာတဲ့ သကြ်န်က ဆန္ဓထုတ်ဖော်မှုတွေအပြင် သကြ်န်တွင်းခုခံတိုက်ပွဲတွေပိုများလာမှာမို့ ပြည်သူတွေနိုင်ငံရေး ၊စစ်ရေးသတင်းတွေပိုမိုလေ့လာကြပြီးနိုင်ရာတာဝန်ထမ်းပေးဖို့လည်းတော်လှန်ရေးအဖွဲ့အချို့ကတိုက်တွန်းထားပါတယ်။
ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်တဲ့ From Zero To Hero(ZTH)အဖွဲ့က တော်လှန်ရေးရဲဘော်တစ်ဦးကလည်း မကြာခင်ကျရောက်မဲ့ အတာသကြ်န်နဲ့ပတ်သက်လို့ ပြည်သူကို ခုလိုအသိပေးထားပါတယ်။
“အသက်ပေးသွားတဲ့ လူငယ်တွေရဲ့မျက်နှာကို ထောက်ပါ။ ပြီးတော့ အဖမ်းခံထားရသူတွေ၊ တောထဲရောက်နေတဲ့လူငယ်တွေ သူတို့အားလုံးကိုစာနာကြောင်းပြဖို့ စကစလုပ်တဲ့သကြ်န်မှာ အပျော်မရှာဘဲ တော်လှန်ကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်”လို့ သူကပြောပါတယ်။