အောင်ဇေယျ/People’s Spring
အာဏာသိမ်းစစ်ကောင်စီအား ခုခံတော်လှန်မှုအားကောင်းသည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဒေသအချို့တွင် စစ်အုပ်စုပြဿနာရှာ၍ တောင်သူများ အခက်အခဲတစ်ခုနှင့် ရင်ဆိုင်နေရသည်။ ထိုအခက်အခဲမှာတောင်သူများအားထားအသုံးပြုကြလေ့ရှိသော ပုလဲမြေဆီများအား ဖမ်းဆီးနေခြင်းပင် ဖြစ်သည်။
အမိုနီယမ်နိုက်ထရိတ်ပါ ပုလဲမြေဆီများအား မိုင်းလုပ်ရာတွင် အသုံးပြုသည်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် မြို့နယ်အချို့၌ စတင်ကန့်သတ်ခဲ့သည်။ ယခုနှစ်တွင်မူ မြို့နယ်အများစု၌ ပုလဲမြေဆီအား ပိုမိုဆိုးရွားစွာ ဖမ်းဆီးလာကြောင်း စစ်ကိုင်းတိုင်းရှိ ဒေသခံတောင်သူများက ပြောသည်။
“ကျွန်တော်တို့ဘက်တော့ကြာပြီ။တော်လှန်ရေးစလုပ်ကတည်းက အကုန်လုံးလိုက်ပိတ်ပင်တော့တာပဲ။ အခုဆိုရင် ပုလဲမြေဆီဝယ်လို့မရတော့ဘူး။ ပေါ်တင်လည်း မရောင်းရဲကြတော့ဘူး”ဟု မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာနေ တောင်သူတစ်ဦးက ပြောသည်။
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင်လည်း စစ်ကောင်စီတပ်၏စစ်ဆေးရေးဂိတ်များတွင် ပုလဲမြေဆီအိတ်သယ်ဆောင်လာပါက အိတ်များအားသိမ်းကာ လူကိုပါ ဖမ်းဆီးကြောင်း ဒေသခံများက ပြောသည်။ အထူးသဖြင့် မြို့ အဝင်အထွက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များဖြစ်သည်ဟုတောင်သူများကပြောသည်။ ကျေးရွာများတွင်တော့ PDF များစိုးမိုးနယ်မြေများ၍ စစ်ကောင်စီတပ် ဂိတ်သိပ်မရှိတော့ပေ။
“ဖောက်ခွဲရေးအတွက် ပုလဲက အသုံးဝင်လို့ပြောတယ်။ ဘထရီအိုးမသယ်ရဘူး။ ဓာတ်ခဲမသယ်ရဘူး။ ဝါယာကအစ”ဟု ဆိပ်ဖြူဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

ဆိပ်ဖြူမြို့နယ်ရှိ တောင်သူများသည် ကြက်သွန်နီကို အဓိက အားထားစိုက်ပျိုးနေရပြီးကြက်သွန်စိုက်ခင်းတွင် ယူရီးယား(ခေါ်)ပုလဲမြေဆီကို မဖြစ်မနေ ကျွေးပေးရကြောင်း၊ ယနေ့အချိန်ထိ ပုလဲမြေဆီကို ခက်ခက်ခဲခဲသယ်ယူနေရ၍ အခက်အခဲဖြစ်နေကြောင်း တောင်သူများကပြောသည်။
စစ်ကိုင်းတိုင်းတွင်လည်း ပုလဲမြေဆီအိတ်ကိုတွေ့ပါက ဖမ်းဆီးလေ့ရှိ၍ ခက်ခက်ခဲခဲရှာဝယ်ကာအသုံးပြုနေရသည်ဟု ဒေသခံတောင်သူများက ပြောသည်။
“အခုကအဲလိုပစ္စည်းတွေ့တာနဲ့ဖမ်းတာ။ တောင်သူကောဘာကောမစစ်ဆေးတော့ဘူး။ ပုလဲဆိုတာနဲ့တန်းဖမ်းတာ။”ဟု ရွှေဘိုနှင့်မုံရွာခရိုင်တို့တွင် စစ်ရှောင်အရေးကူညီပေးနေသည့် S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဖမ်းဆီးခံရပါက မည်မျှပင်အကျိုးအကြောင်းခိုင်လုံပါစေ ငွေပေးမှသာပြန်လွှတ်ပေးကြောင်း ဒေသခံများက ရင်ဖွင့်သည်။
“ဘာမြေဆီနေနေ ပုလဲမှမဟုတ်ဘူး။ မြေဆီတွေတင်မယ်ဆိုရင်မတင်ရဘူး။ ဂိတ်ကိုချခဲ့ရတယ်။ ပိုက်ဆံပေးမယ်ဆိုလည်း သူတို့တောင်းသလောက်ပေးရတယ်။လွတ်လွတ်ကျွတ်ကျွတ်သယ်လို့မရဘူး။ သယ်မယ်ဆိုရင်လည်း တကယ်ကိုပိုင်တဲ့ကားသမားတွေမှ သယ်လို့ရတာ။
အဲလိုပိုင်တဲ့ကားသမားတွေကိုလည်း အများကြီးမသယ်ခိုင်းဘူး။ ဒဏ်ငွေရိုက်တယ်။ နောက်တစ်ခါသယ်ရင်ဘာလုပ်မယ်ညာလုပ်မယ် ခြိမ်းခြောက်တယ်။”ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
စစ်ကိုင်းတိုင်းတွင်စစ်ကောင်စီစစ်ဆေးရေးဂိတ်များနည်းတူ ကျေးရွာများ၊တောဘက်တွင် PDF ဂိတ်များရှိသော်လည်း မြေဆီအိတ်များနှင့်ပတ်သက်၍ ကန့်သတ်မှုများလုံးဝမရှိကြောင်း ခင်ဦးမြို့နယ်မှ တောင်သူတစ်ဦးက ပြောသည်။
ယခု စက်တင်ဘာလအတွင်း အညာမှာ မိုးကုန်ခါနီးမှ မိုးကကောင်းလာခဲ့သည်။ လလယ်အတွင်းက ကောင်းခဲ့သည့်မိုးကြောင့် စပါးခင်းအချို့ ရေမြုပ်သည်။ ရေမြုပ်၍ စပါးဆက်ရှင်သန်ရန် ပုလဲမြေဆီကျွေးရန် လိုအပ်လာသည်။ သို့သော် ပုလဲမြေဆီက တောင်သူတွေလက်ထဲမှာမရှိ။
ပြီးခဲ့သည့် နှစ်ပတ်ဝန်းကျင်က ခင်ဦးမြို့နယ်အတွင်း ကျေးရွာအချို့တွင် မိုးများ၍ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး လယ်အချို့ ပျက်စီးနိုင်သည့်အနေအထားအထိ ရောက်ရှိခဲ့ကြောင်း ဒေသတွင်းတောင်သူများက ပြောသည်။

“ပြောမယ်ဆိုသေတော့မယ့်အနေအထားမှာ အားဖြည့်အောင် မြေဆီပက်ရမယ့်လယ်တွေရှိတယ်။ အဲလိုလယ်တွေ မြေဆီဝယ်မရလို့ မပက်နိုင်ဘဲ ဖြစ်နေတယ်။”ဟု ခင်ဦးနယ်ရှိ စပါးစိုက်တောင်သူတစ်ဦးက ပြောသည်။
“မြေဆီပက်ရမယ့်အချိန်မှာ မြေဆီကအလုံအလောက် မရှိဘူး။ ရှိတဲ့လယ်ဧကနဲ့ မြေဆီအလုံးအရေအတွက်ကမမျှဘူးဖြစ်နေပြီ။ ပက်ထားတဲ့လယ်တွေရှိပေမဲ့ တချို့လယ်တွေက မပက်ရသေးတဲ့အနေအထားမျိုးတွေ ရှိနေတယ်။”ဟု အခြားတောင်သူတစ်ဦးကရင်ဖွင့်သည်။
ဒီပဲယင်းနှင့် ရေဦးနယ်တွင်လည်း စစ်ကောင်စီဂိတ်များက ပုလဲမြေဆီအိတ်များကိုဖမ်းဆီးနေကြောင်း ဒေသခံများက ပြောသည်။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတင်သာမက ရှမ်းပြည်တောင်ပိုင်း အောင်ပန်းနှင့် ပင်လောင်းမြို့နယ်များတွင်လည်း စစ်ကောင်စီစစ်ဆေးရေးဂိတ်များက ပုလဲမြေသြဇာအပါအဝင် မြေဆီအိတ်များကို သယ်ယူခွင့်မပေးခြင်းများ ရင်ဆိုင်နေရသည်။
စစ်အုပ်စုတင်းကျပ်နေသည့်ကြားက အသက်ကိုပဓာနာမထားဘဲ ပုလဲမြေဆီကို ရအောင်ဝယ်ယူသယ်ယူနေကြသူများလည်းရှိပါသည်။
“ခိုးသယ်ရတာကလည်း အများကြီးမသယ်နိုင်ဘူး။ တစ်ခါသယ်မှ နည်းနည်းပဲသယ်ရတာဆိုတော့ ခါတိုင်းလိုအလွယ်တကူမရတော့ တောင်သူတွေလည်းအကြပ်ရိုက်တယ်။”ဟု ရွှေဘိုနယ်မှ တောင်သူတစ်ဦးက ရင်ဖွင့်သည်။
မြေဆီအိတ်များသယ်ဆောင်လာပါက စစ်အုပ်စုသည် ပစ္စည်းများအား သိမ်းဆည်းပြီး လူကိုဖမ်းဆီးလေ့ရှိသည်။ စိုက်ပျိုးရေးအတွက်သုံးပါမည့်အကြောင်း မည်မျှအာပေါက်အောင်ပြောပြောမရ။ ငွေပမာဏများများပေးမှသာ ပြန်လွတ်နိုင်ကြောင်း ဒေသခံများက ပြောသည်။
“မသင်္ကာမှုနဲ့ တားတာဆီးတာဖမ်းတာတွေကတော့ သူတို့ဖမ်းချင်ဖမ်းတယ် လွှတ်ချင်ရင်လည်းလွှတ်ပေးတယ်။ ပုံမှန်တော့မရှိဘူး။ တခါတလေကျတော့လည်း အဖမ်းခံရလို့ အကျိုးအကြောင်းပြောပြလိုက်လို့ နားလည်တဲ့သူရှိသလို ဒါပေမဲ့ဖမ်းတာတော့ပိုများတာပေါ့ဗျာ။ ခုနောက်ပိုင်း ကြာလေပိုကျပ်လာလေပဲ။”ဟု ရွှေဘိုအခြေစိုက် တောင်သူတစ်ဦးက ရင်ဖွင့်သည်။
သို့သော် ခြွင်းချက်တစ်ခုတော့ရှိသည်။ စစ်ကောင်စီကထုတ်သည့် ဓာတ်မြေသြဇာများကိုမူ စစ်ဆေးရေးဂိတ်များ၊ အဖွဲ့များက မဖမ်းရဲကြ။ ထို့ကြောင့် စစ်ကောင်စီထုတ် မြေဆီများဝယ်သုံးလျှင်တော့ အခက်အခဲမရှိ သုံးခွင့်ရပါလိမ့်မည်။ တောင်သူများ ဝယ်သုံးကြရောလား။ အဖြေကတော့ နိုးပင်ဖြစ်သည်။ မည်သည့်တောင်သူမျှ စစ်အုပ်စု၏ မြေဆီများ ယောင်လို့ပင်ကိုင်မကြည့်။
စစ်ကောင်စီက ဒါကိုပင် တမျိုးတမည်ကြံစည်ပြန်ပါသည်။ စစ်ကောင်စီထုတ် ဓာတ်မြေသြဇာများကို တောင်သူများက လုံးဝသုံးစွဲခြင်းမရှိ၍ အခြားဓာတ်မြေသြဇာကုမ္ပဏီများနှင့်လက်ဝါးချင်းရိုက်ကာ အခြားကုမ္ပဏီ အိတ်ခွံများဖြင့် ရောင်းချနေကြောင်း ရွှေဘိုခရိုင်မှတောင်သူများက ပြောသည်။

“ဝယ်သုံးတဲ့သူမရှိလို့ဘဲ အိတ်တွေပြောင်းထည့်ကြရတာ။ Boycoat လုပ်ထားတာဘာအမျိုးအစားလဲဆိုတာ ပြည်သူတွေကသိကြတယ်လေ။ သူတို့ဟာရောင်းမရမှန်းသိတော့ တခြားဓာတ်မြေသြဇာတံဆိပ်သစ်တွေ လျှောက်ထုတ်ပြီးတော့ ကုမ္ပဏီထုတ်လိုလို စျေးကွက်ထဲတော့ဖြန့်နေတာရှိတယ်။”ဟု S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
အာဏာမသိမ်းမီက ပုလဲမြေသြဇာ တစ်အိတ်လျှင် ကျပ် ၂၅,၀၀၀ ဝန်းကျင်သာရှိပြီး ကုန်စျေးနှုန်းများမြင့်တက်လာခြင်းနှင့် သယ်ယူရန်အခက်အခဲဖြစ်လာခြင်းများကြောင့် ယခုအခါ ကျပ်တစ်သိန်းကျော်အထိ ပေါက်စျေးရှိလာကြောင်း စစ်ကိုင်းတိုင်းရှိ တောင်သူများက ပြောသည်။
“အခုဟာက ဝယ်ရခက်တဲ့အပြင် စျေးကလည်းတက်၊ မိုးကလည်းအဆက်မပြတ်ရွာ၊ တောင်သူလည်းရင်တထိတ်ထိတ်နဲ့ပေါ့။အခုစပါးကပျက်မလားမသိ၊ ရေနစ်မလားမသိ။”ဟု ခင်ဦးနယ်ခံတောင်သူတစ်ဦးက ဆိုသည်။
တောင်သူများမှာ ကျည်ဆန်၊ ဗုံးဆန်၊ မြေမြုပ်မိုင်းများကြားမှ လုပ်ကိုင်နေရခြင်းဖြစ်ပြီး ယခင်ကလို စိုက်ပျိူးစရိတ်ချေးငွေများ၊ ထောက်ပံ့စရိတ်များလည်း မရကြတော့။ အခက်အခဲမျိုးစုံကြားမှ တောင်သူဘဝကို ဆက်လက်ရုန်းကန်နေရခြင်းဖြစ်သည်။
ဒီပဲယင်းနယ်မှတောင်သူတစ်ဦးက ပုလဲမြေဆီအခက်အခဲနှင့်ပတ်သက်၍ “တောင်သူတွေ ပိုက်ဆံရှိလို့တောင် မြေဆီမဝယ်နိုင်ဘူး။ ကိုယ့်လက်ထဲရောက်မှသာရောက်ပြီလို့သက်မှတ်ရတာ။အခက်အခဲတွေကတော့ မျိုးစုံပါပဲ။”ဟု ပြောရင်း သက်ပြင်းချလိုက်လေသည်။ ။
