Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

စိုးထိတ်မှုတွေကြားက ကရင်နီပြည်ရဲ့ ကျောင်းဖွင့်ရာသီ

ကရင်နီပြည်က ကျောင်းသားမိဘ​တွေဟာ မြာ​မော်လိုပဲ ရင်​သွေးငယ်​တွေအတွက်​ကျောင်းဖွင့်ရာသီ​တွေမှာ စိုးရိမ်​နေကြရပါတယ် ။ ​ကျောင်းသားမိဘ​တွေ ဒီလိုသောက​တွေ​ဝေ​အောင်လည်း အာဏာသိမ်းစစ်ကောင်စီက အကြိမ်ပေါင်းများစွာကျောင်း​တွေကို ဗုံးကြဲခဲ့ပါတယ်။

(ကရင်နီပြည်မှ ​ကျောင်းသားငယ်များကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်က တွေ့ရစဥ်။ ။ဓါတ်ပုံ-ကိုလှိုင်း)
(ကရင်နီပြည်မှ ​ကျောင်းသားငယ်များကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်က တွေ့ရစဥ်။ ။ဓါတ်ပုံ-ကိုလှိုင်း)

ကိုလှိုင်း / People’s Spring

ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းက က​လေးမိခင်တစ်ဦးဖြစ်တဲ့ မြာမော် တစ်​ယောက် ဒီကျောင်းဖွင့်ရာသီမှာ သူငယ်တန်းတက်ရ​တော့မယ့် သားဖြစ်သူကို ​​ကျောင်းလည်း ပို့ချင်သလို၊ စစ်​ကောင်စီတပ်က​ကျောင်း​တွေကို ​လေ​ကြောင်းကဗုံးကြဲ​လေ့ရှိတာ​ကြောင့်လည်း ​ကျောင်းပို့ရမှာစိုးရိမ်​နေပါတယ် ။

” အရင်က စာသင်ကျောင်းတွေ လေကြောင်းတိုက်ခိုက်တာ ကြားခဲ့ မြင်ခဲ့ရတော့ ကလေးကို ကျောင်းပို့ဖို့ စိတ်မချဘူး။ ဒါပေမဲ့ ကျောင်းမပို့ရင်လည်း ကလေးက အခုမှ KGတက်ရမှာ။ KG က အခြေခံဆိုတော့ မဖြစ်မနေတော့ ကျောင်းပို့တယ်။ အခြေအနေမငြိမ်တဲ့ အချိန်မျိုးဆိုတော့ ကျောင်းက ခဏပြန်ပိတ်တာမျိုးတော့ ရှိမှာပါ” လို့ မြာမော်ကဖွင့်ဟပါတယ်။

ကရင်နီပြည်က ကျောင်းသားမိဘ​တွေဟာ မြာ​မော်လိုပဲ ရင်​သွေးငယ်​တွေအတွက်​ကျောင်းဖွင့်ရာသီ​တွေမှာ စိုးရိမ်​နေကြရပါတယ် ။ ​ကျောင်းသားမိဘ​တွေ ဒီလိုသောက​တွေ​ဝေ​အောင်လည်း အာဏာသိမ်းစစ်ကောင်စီက အကြိမ်ပေါင်းများစွာကျောင်း​တွေကို ဗုံးကြဲခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့နှစ် ကျောင်းဖွင့်ရာသီတုန်းက စာရေးသူ ကရင်နီပြည်နယ်ကို သွားရောက်ခဲ့စဉ်မှာ အာဏာသိမ်း စစ်ကောင်စီလေတပ်က စာသင်ကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဗုံးကျဲတိုက်ခိုက်တာ ကိုယ်တိုင်မျက်မြင် မြင်တွေ့ ခဲ့ရဖူးပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ဒီမော့ဆိုမြို့နယ်တစ်ခုတည်းမှာပဲ စာသင်ကျောင်း ၁၀ ခုတက်မနည်း ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီဘက်က ​မေလကစပြီး တကြော့ပြန်ထိုးစစ်ဆင်နေတဲ့ ကရင်နီပြည်မှာ ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်ကို ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ကပဲ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။

အခု စာသင်နှစ်အတွင်းမှာ ကရင်နီပြည်ရဲ့ တော်လှန်ရေးနယ်မြေအတွင်း ကိုယ်ထူကိုယ်ထ အခြေခံပညာ ကျောင်းပေါင်း ၄၀၀ ကျော်ကို ဖွင့်လှစ်ထားတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

၂၀၂၁ခုနှစ် စစ်တပ် အာဏာမသိမ်းခင်က လွတ်လွတ်လပ်လပ် ပညာသင်ကြားခွင့်ရခဲ့တဲ့ ကရင်နီဒေသခံ ရင်​သွေးငယ်​တွေဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စစ်ဘေးဒုက္ခသည်အနေနဲ့ တောကြိုတောင်ကြားက တာလပတ်မိုး၊ တာလပတ်ကာ ကျောင်းတော်မှာ မပြည့်စုံမှုကို ဖက်တွယ်လို့ ပညာသင်ကြားနေရတာပါ။

” အချိန်မရွေး အန္တရာယ်ကြုံရနိုင်တယ်ဆိုပေမဲ့ သမီးက အလယ်တန်းတက်ရတော့မယ်။ပညာတက်ဖြစ်စေချင်တယ်။ ဒါကြောင့် စိုးရိမ်ပေမဲ့လည်း ကျောင်းတော့ တက်ခိုင်းရမှာပါပဲ “ လို့ ဒီးမော့ဆိုအရှေ့ခြမ်းနေ ကျောင်းသူတဦးရဲ့ ဖခင်က ​ပြောပါတယ်။

အရင်တုန်းက ကယားပြည်နယ်လို့ခေါ်ပြီး ​နွေဦး​တော်လှန်​ရေးမှာ ကရင်နီပြည်လို့ ခေါ်တဲ့ဒေသဟာ တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ စစ်ဘေးဒဏ်ကို အကြီးအကျယ်ခံရတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။ ပြည်နယ်အတွင်းက မြို့နယ် ၇ ခုစလုံးမှာ တိုက်ပွဲမဖြစ်တဲ့မြို့ရယ်လို့မရှိဘဲ အားလုံးဟာ စစ်ဘေးဒဏ်ကို အပြင်းအထန် ခံစားခဲ့ရတဲ့ ၊ ခံစားနေရတဲ့ ဒေသတွေပါ။

ဒီလို အခြေအနေမှာ ပညာရေးကို ခက်ခက်ခဲခဲသင်ယူနေကြရတဲ့အပြင် စစ်ကောင်စီရဲ့ ကင်းထောက်လေယာဉ်တွေ၊ ကင်းထောက်ဒရုန်းတွေနဲ့ တိုက်လေယာဉ်တွေ မကြာခဏပျံဝဲနေတာကြောင့် ဆရာ၊ ဆရာမတွေနဲ့ကျောင်းသား ကျောင်းသူတွေဟာ လေယာဉ်သံကို အမြဲနားစွင့်ပြီး သတိနဲ့ နေနေကြရတာပါ။

“ကလေးတွေက စာသင်နေရင်တောင် စာကိုအာရုံမစိုက်နိုင်ဘူး။ ဘယ်အချိန်မှာ ဘယ်နေရာကနေ ဘာတွေ ပြုတ်ကျလာမလဲဆိုတာ စိုးရိမ်ကြောင့်ကြနေကြတယ်။ ကိုယ်တိုင်လည်း သင်နေရင်းနဲ့ ဘာဖြစ်သွားမလဲ ဆိုတာ အခြေအနေတွေကို သိနေမြင်ခဲ့ရတော့ အချိန်ပြည့် သတိနဲ့ သင်နေရတာပေါ့ “ လို့ စစ်​​ဘေး​ရှောင်​တွေကို စာသင်​ပေး​နေတဲ့ဆရာမကျော့မြာ က​ပြောပါတယ် ။

ဆရာမကျော့မြာ ဟာ ဒီမော့ဆိုမြို့နယ်၊ ဖူးကောင်းမအင်းတောင်ခြေ စစ်ဘေးရှောင်စခန်း၊ ပြည်သူ့အခြေပြုစာသင်ကျောင်းမှာ စာသင်ပေးနေတာပါ။

ကရင်နီပြည်မှာအာဏာသိမ်းစစ်ကောင်စီတပ်ဟာ အရပ်သားပစ်မှတ်ဖြစ်တဲ့ ဘာသာရေးအဆောက်အဦးတွေ ၊ ဆေးရုံဆေးခန်းတွေနဲ့ စာသင်ကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတယ်လို့ စစ်သုံးပန့်အဖြစ် အဖမ်းခံထားရတဲ့ စစ်ကောင်စီ တိုက်လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုးက ဝန်ခံ ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ဒီမော့ဆိုမြို့နယ်အတွင်းမှာရှိတဲ့ စာသင်ကျောင်း ၂ ခုကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးနဲ့ တိုက်ခိုက်ခဲ့သလို လက်နက်ကြီးနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စာသင်နေတဲ့ ကလေးငယ် ၄ ဦးနဲ့ အရပ်သားတဦး သေဆုံးခဲ့ပြီး ဆရာ၊ဆရာမအပါအဝင် ကလေး ၃၀ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ပါသေးတယ်။ ဒါကတော့ စာသင်ကျောင်းတွေ တိုက်ခိုက်ခံရမှု ဖြစ်ရပ်တွေထဲကမှ အနီးဆုံး ဖြစ်ရပ်တစ်ခုပါ။

လူမှုကွန်ယက်မှာ “စာသင်ကြားနေတဲ့ ကလေးငယ်တွေ ပြေးလွှားနေရ” ဆိုတဲ့ စာသားကို ရိုက်နှိပ်ပြီး ရှာကြည့်ရင်တောင် ကရင်နီပြည်က ကလေးတွေ စာသင်နေရင်း စစ်ကောင်စီရဲ့ လေယဉ်ပျံလာရောက်မှုကြောင့် စာသင်ခန်းထဲကနေ တောထဲကို ထွက်ပြေးနေရတဲ့ ရုပ်သံမှတ်တမ်းကို တွေ့နိုင်လောက်အောင် ဒီဖြစ်စဉ်တွေဟာ အဲ့ဒီဒေသမှာတော့ မထူးဆန်းတော့တဲ့ မဲပြာပုဆိုးဝဋ်ဒုက္ခလို့ ဆိုရမယ့် အနေအထားဖြစ်နေပါတယ်။

“အမုန်းတရားပွားအောင် လုပ်ပြီး ပညာမဲ့အောင်လုပ်တယ်။ အကြောက်တရားတွေ အာဃာတဖြစ်အောင် တမင်ကို စာသင်ကျောင်းတွေကို ဗုံးကြဲနေတာ။ လူတွေကို အပြန်အလှန် လေးစားမှုရှိအောင် ငြိမ်းချမ်းရေးကို အာမခံတဲ့ စာသင်ကျောင်းတွေကို ဗုံးကြဲတာဟာ ရိုးရိုး လူ့အခွင့်အရေးချိုးဖောက်တာမဟုတ်ဘဲနဲ့ လူတွေကို အတိ ဒုက္ခရောက်အောင် လုပ်တာ။ အတူတကွ နေထိုင်လို့ရမဲ့ အနာဂတ်တွေကို ဖျက်ဆီးတာ“လို့ စာသင်ကျောင်းတွေ ဗုံးကြဲခံရမှုနဲ့ ပက်သက်ပြီး ကရင်နီ လူ့အခွင့်အရေးအဖွဲ့ တာဝန်ရှိသူ ကိုဗညားက ပြောပါတယ်။

ဒီလို စာသင်ကျောင်းတွေကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့ လုပ်ရက်တွေအပေါ် တရားမျှတမှုရရှိအောင် သက်သေတွေနဲ့တကွ စာရင်းပြုစုထားတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း လေကြောင်း က​နေဗုံးကြဲတာ နဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် စာသင်ကျောင်းပေါင်း နှစ်ရာနီးပါးပျက်ဆီးခဲ့ပြီး ၁၈ နှစ်အောက်ကလေးငယ် ၆ ရာကျော် သေဆုံးခဲ့ရပြီးပြီလို့ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) ရဲ့ စာရင်းတွေအရ သိရပါတယ်။

ဒါပေမဲ့ နိုင်ငံတကာအနေနဲ့ ဒီလုပ်ရက်တွေအပေါ် ကန့်ကွက်ရှုံ့တာ​လောက်ပဲလုပ်ပြီး လက်​တွေ့ အရေးယူဖို့ ပျက်ကွက်နေသေးတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြဝေဖန်ကြပါတယ် ။

အမျိုးသားညီညွတ်ရေး အစိုးရရဲ့ လူ့အခွင့်အရေးဝန်ကြီးဦးအောင်မျိုးမင်းကတော့ “ ကျနော်တို့ ပြည်သူတွေ ဘယ်လောက်ထိ ဆက်ပြီး သေကြေပေးရအုံးမှာလဲ။ ကျောင်းခန်းထဲက ကလေးတွေ ဘယ်နှစ်ကြိမ်ထပ်ပြီး ဗုံးကြဲခံထိရမှာလဲ။ သေဆုံးသွားတဲ့ ကလေးတွေရဲ့ အလောင်းတွေကြည့်ပြီး မိဘတွေ ဘယ်လောက်ထိ ကြေကွဲရအုံးမှာလဲ “ လို့ နိုင်ငံတကာကို မေးခွန်းထုတ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နောင်ဝိုးရွာအနီးတွင်လည်း ထိတွေ့တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်မှုရှိကြောင်းလည်း ပင်လောင်းအခြေစိုက်စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် TNLAနှင့် အပစ်ရပ်စဲထားသော်လည်း TNLA တပ်စခန်း ရှိရာသို့ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လျက်ရှိသည်။

သတင်း

ဒရုန်းများကို ပိုမိုအသုံးပြုနိုင်လေ စစ်ဆင်ရေးအောင်မြင်စေရန် ပိုမိုအထောက်အကူပြုနိုင်လေဖြစ်ပြီး ရဲဘော်များ ထိခိုက်ဒဏ်ရာရရှိမှုကိုလည်း လျော့ချနိုင်လေဖြစ်သည်ဟု အသိပေးသည်။

သတင်း

တွန်းဇံမြို့သိမ်းတိုက်ပွဲကို ချင်းအမျိုးသားတပ်မတော်(CNA) နှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်များက မေလ ၁၇ရက်တွင် ဖော်ဆောင်ခဲ့ရာ တစ်ပတ်အတွင်း မြို့ကို သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဦးခန့် အရှင်ဖမ်းမိကာ လက်နက် ၁၀၀ ကျော်သိမ်းပိုက်ရရှိခဲ့သည်။