ဟန်နွေ/ People’s Spring
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ဆင်နွှဲနေတဲ့ ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ဗန်းမော်လေဆိပ် နဲ့ သံချပ်ကာ တပ်ရင်း အပါအဝင် စစ်တပ် တပ်စွဲရာနေရာတွေ တပ်စခန်းတွေ ထပ်မံသိမ်းပိုက်ရရှိပြီး တမြို့လုံးသိမ်းပိုက်ဖို့နီးစပ် လာတဲ့အကြောင်း ဒီတစ်ပတ်မှာပြောပြချင်ပါတယ်။
ကချင်ပြည်နယ်ရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်သလို စစ်ရေးအရ အရေးပါတဲ့ စစ်ကောင်စီ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁) အခြေစိုက်ထားတဲ့ ဗန်းမော်ကို KIA ဦးဆောင်တဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၄ ဒီဇင်ဘာ ၄ရက်မှာစတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။

Public Service Announcement
ဗန်းမော်နဲ့အတူ တပြိုင်တည်း ထိုးစစ်ဆင်ခဲ့တဲ့ ကချင်ပြည်နယ် မံစီမြို့နယ်က လက်ကျန် စစ်ကောင်စီတပ်စခန်းတွေကို ဇန်နဝါရီ ၈ ရက်မှာ အပြီးသတ်ာသိမ်းပိုက်နိုင်ခဲ့ပါတယ် ။ဗန်းမော်မြို့ကိုအပြီးသတ်သိမ်းပိုက်နိုင်ဖို့ KIA က စစ်ဆင်ရေးကိုလည်းတဆင့်ပြီးတဆင့် အရှိန်မြှင့်ခဲ့ရာ အောင်မြင်မှုတွေရရှိခဲ့ပါတယ်။
ဧရာဝတီမြစ် အရှေ့ဘက်ကမ်းမှာရှိတဲ့ ဗန်းမော်မြို့ဟာ ကချင်ပြည်နယ် ရဲ့ဒုတိယမြို့တော် ဖြစ်ပြီးတော့ တရုတ်နယ်စပ်နဲ့ မိုင် ၄၀ ခန့်ကွာဝေးပါတယ် ။ မြို့တော် မြစ်ကြီးနားမြို့ ရဲ့တောင်ဘက် ၁၁၅ မိုင်အကွာမှာတည်ရှိပါတယ် ။
၂၀၁၄ သန်းခေါင်စာရင်းအရ ဗန်းမော်မြို့မှာ လူဦးရေ ၅၈၀၀၀ ကျော် ၊ မြို့နယ်အတွင်းက ကျေးရွာတွေမှာ လူဦးရေ ၇၇၀၀၀ ကျော်ရှိပြီးတော့ ဗန်းမော်မြို့နယ်တစ်ခုလုံးမှာ လူဦးရေ စုစုပေါင်း ၁၃၅,၀၀၀ ကျော်နေထိုင်ပါတယ် ။
မြို့အရှေ့ဘက်မှာ မိုးမောက်မြို့နယ် နဲ့ လွယ်ဂျယ်မြို့ ၊ တောင်ဘက်မှာ မံစီမြို့ ၊ အနောက်ဘက်မှာ ရွှေကူ မြို့ နဲ့ မြို့လှမြို့ ၊ မြောက်ဘက်မှာဆင်ဘိုနဲ့ ဒေါ့ဖုန်းယန်မြို့တို့ရှိပါတယ် ။ ဗန်းမော်မြို့အနီးက မိုးမောက် ၊လွယ်ဂျယ် ၊မံစီ ၊ မြို့လှ ၊ဆင်ဘို ၊ဒေါ့ဖုန်းယန် မြို့တွေကို KIA နဲ့ မဟာမိတ်တပ်တွေကသိမ်းပိုက်ထိန်းချုပ်ထားပြီးချိန်မှာ ဗန်းမော်မြို့ကို ထိုးစစ်ဆင်လာတာဖြစ်ပါတယ် ။
နှစ်သစ်ကူးကာလမှာ တိုက်ပွဲတွေအနည်းငယ် ငြိမ်သက်သွားတဲ့ ဗန်းမော်နဲ့ မံစီ မြို့သိမ်းစစ်ဆင်ရေးကို KIAက ဇန်နဝါရီ ၆ရက်မှ စစ်ရှိန်မြှင့် ထိုးစစ်ဆင်ခဲ့ရာ မံစီအခြေစိုက် တပ်ရင်းဌာနချုပ်တွေဖြစ်တဲ့ ခမရ(၃၁၉)၊ အမှတ် (၆၀၁) ခြေလျင်တပ်ရင်း (ခမရ-၆၀၁)နဲ့ အမှတ် ၃၅၂ အမြောက်တပ် (အမတ-၃၅၂)တပ်စခန်းတွေကို ဇန်နဝါရီ ၈ရက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။မံစီက တပ်စခန်းတွေကနေ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းအများအပြားကိုလည်း KIA ပူးပေါင်းတပ်ကရရှိခဲ့ပါတယ်။
မံစီသိမ်းပြီးတဲ့ KIAပူးပေါင်းတပ်ဟာ ဗန်းမော်က စကခ(၂၁)၊ ခလရ(၄၇) အပါအဝင် မြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းဌာနချုပ်တွေကို ဆက်လက်ထိုးစစ်ဆင်ခဲ့သလို စစ်ကောင်စီဘက်ကလည်း လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းအသုံးပြု ပြီးအပြင်းအထန်ခုခံခဲ့ပါတယ်။
ဇန်နဝါရီ လလယ်မှာ ဗန်းမော်မြို့ပေါ်မှာ ပြောက်ကျားတိုက်ပွဲတွေ ဆက်ရှိနေပြီး နေ့စဉ်ဆိုသလို လေကြောင်း တိုက်ခိုက်မှု၊ ဒရုန်း၊ လက်နက်ကြီး အပြန်အလှန် တိုက်ခိုက်မှုတွေရှိနေခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်ရေးဗျူဟာအရ နားလိုက် စစ်ရှိန်မြှင့်လိုက်နဲ့ စစ်ကောင်စီကို နည်းမျိုးစုံနဲ့ ထိုးစစ်ဆင်နေတဲ့ KIAဟာ ဇန်နဝါရီ ၂၄ရက်မနက်မှာတော့ စစ်ဆင်ရေး အရှိန်ထပ်မြှင့်လိုက်ပါတယ် ။
စကခ(၂၁) အနီးက စစ်ကောင်စီတပ်ရင်းဌာနချုပ်တွေကိုတိုက်ခိုက်ခဲ့ရာ အဲဒီနေ့မှာပဲ အမှတ်(၆၀၀၇) သံချက်ကာ တပ်ရင်းကို စီးနင်းနိုင်ခဲ့ပြီး စစ်ကောင်စီရဲ့ သံချပ်ကာ ယာဉ် ၄စီးကို သိမ်းပိုက်ရရှိခဲ့ပါတယ်။
တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ပြီး ဇန်နဝါရီ ၂၅ရက်ညနေမှာ သံချပ်ကာ တပ်ရင်းကို အပြီးသတ်သိမ်းနိုင်ခဲ့ပြီး စစ်ကား ၁စီးနဲ့ သံချပ်ကာယာဉ်တွေကို ထပ်မံရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ KIA သတင်းပြန်ကြားရေးဌာနရဲ့ အသိပေးချက်မှာ ၆၀၀၇ သံချပ်ကာ တပ်ရင်းက သိမ်းရတဲ့ သံချပ်ကာယာဉ် ၇စီးရှိတယ်လို့ ဖော်ပြထားပါတယ်။
ကချင်စစ်ရေးသတင်းရင်းမြစ် အချို့ကတော့ ဇန်နဝါရီ ၂၄ရက်မှာ သံချပ်ကာ ၄စီး၊ ၂၅ရက်တိုက်ပွဲမှာ နောက်ထပ် သံချပ်ကာ ၄စီးနဲ့ စစ်သုံးထရပ်ကား၁စီး တို့ သိမ်းရခဲ့တာကြောင့် KIA သိမ်းရတဲ့ သံချပ်ကာယာဉ်ဟာ ၈စီးဖြစ်တယ်လို့ ဆိုပါတယ်။
သံချပ်ကာ တပ်ရင်းကို သိမ်းပိုက်နိုင်ခဲ့တဲ့ KIA ပူးပေါင်းတပ်ဟာ စကခ(၂၁) အနီးက အမြောက်တပ်နဲ့ လေယာဉ်ကွင်းက စစ်ကောင်စီတပ်တွေကို ဆက်လက်တိုက်ခိုက်ခဲ့ပြီး ဗန်းမော်လေယာဥ်ကွင်းကိုပါထပ်မံသိမ်းပိုက်နိုင်ခဲ့ပါတယ်။
စကခ(၂၁)နဲ့ ဆက်စပ်တည်ရှိနေတဲ့ အမြောကတပ် အမတ(၃၆၆) တိုက်ပွဲမှာဆိုရင် KIAပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အမြောက်တပ် လက်နက်ခဲယမ်းသိုလှောင်ရုံဟာ ဇန်နဝါရီ ၂၅ရက် ညပိုင်းမှာ ၃နာရီကြာ မီးလောင်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၂၃ ရက်နေ့မှာလည်း ဗန်းမော်မြိုသိမ်းတိုက်ပွဲဟာ ပြင်းထန်ခဲ့ပြီးစကခ(၂၁)စကခမှူး ဗိုလ်မှူးချုပ်တင်မင်းလတ် ဒဏ်ရာအပြင်းထန်ရခဲ့တဲ့အတွက်အဲဒီ နေ့လယ်ပိုင်းမှာပဲ .စစ်ကောင်စီကရဟတ်ယာဉ်နဲ့ သယ်ဆောင်သွားတယ် လို့ ကချင်စစ် ရေးသတင်းရင်းမြစ်အချို့ကလည်းပြောပါတယ် ။ဗိုလ်မှူးချုပ်တင်မင်းလတ်ဟာ စစ်တက္ကသိုလ်အမှတ်စဉ်(၄၁) ဆင်းဖြစ်ပါတယ်။
ဇန်နဝါရီ ၂၆ရက်မှာ စကခ(၂၁)အနီးက ဗန်းမော်လေယာဉ်ကွင်းကို KIA ပူးပေါင်းတပ်တွေ ဝင်ရောက်နိုင်ခဲ့တဲ့ ရုပ်သံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့လာပြီး အဲဒီနေ့ ညနေမှာတော့ လေယာဉ်ကွင်းကို အပြီးသတ် သိမ်းနိုင်ခဲ့ပါတယ်။
နွေဦးတော်လှန်ရေးမှာ MNDAA နဲ့ပူးပေါင်းတပ်တွေရဲ့လားရှိုးမြို့သိမ်းတိုက်ပွဲ နဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် သိမ်းတိုက်ပွဲမှာ လားရှိုးလေယာဥ်ကွင်းကိုသိမ်းပိုက်ခဲ့ပါတယ် ။ AA ရဲ့ငပလီ နဲ့သံတွဲမြို့သိမ်းတိုက်ပွဲမှာ သံတွဲလေးယာဥ်ကွင်းကို သိမ်းပိုက်ခဲ့ပါတယ် ။ အမ်းမြို့သိမ်းတိုက်ပွဲနဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) သိမ်းတိုက်ပွဲမှာ အမ်းလေဆိပ်ကို လည်း အာရက္ခခတပ်တော်က အမ်းလေဆိပ်ကို သိမ်းပိုက်ခဲ့ပါတယ် ။
ဒါအပြင် ချင်းညီနောင်က မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ ဖလမ်း မြို့သိမ်းတိုက်ပွဲမှာ ဖလမ်းအခြေစိုက် ဆူရ်ဘုန်လေဆိပ်ကို သိမ်းပိုက်ရရှိထားတဲ့ မှတ်တမ်းဓာတ်ပုံအချို့လည်း တွေ့ရပါတယ်။
ဒါကြောင့် ဗန်းမော်လေယာဥ်ကွင်းသိမ်းနိုင်တာဟာတော်လှန်ရေးတပ်တွေအတွက် ငါးခုမြောက်လေယာဥ်ကွင်းပါ ။KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်းဗန်းမော် လေယာဉ်ကွင်း သိမ်းတာကို အတည်ပြုပါတယ် ။
စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးတွေကိုလည်း KIA နဲ့ ပူးပေါင်းတပ်တွေက ထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်းကိုလည်း ဇန်နဝါရီ ၂၇ ရက်မှာအတည်ပြုပါတယ်။ ဒါပေမယ့် စစ်ကောင်စီတပ်ဟာ စကခ (၂၁ ) ကိုစုပြုံဆုတ်ပြီး ဝိုင်းဝန်းခုခံနေကြတာဖြစ်သလို KIA နဲ့ ပူးပေါင်းတပ်တွေကလည်း ပိတ်ဆို့ဝန်းရံတိုက်ခိုက်နေတာဖြစ်ပါတယ် ။
ဗန်းမော်မှာ တပ်စခန်းတွေ တပ်စွဲရာ နေရာအများအပြားတွေ ဆုံးရှုံးထားရတဲ့ စစ်ကောင်စီတပ်ဟာ လေကြောင်း ၊ လက်နက်ကြီး ဒရုန်း အသုံးပြု တိုက်ခိုက်ခုခံနေပါတယ် ။ ဗန်းမော်မြို့သိမ်းတိုက်ပွဲ အထိနာရင် စစ်တပ်ဟာ KIA ဌာနချုပ် လိုင်ဇာကိုပါ အသေခံ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေလည်း ရှိခဲ့ပါတယ်။
ဒီလို တိုက်ခိုက်ခံရမှုတွေရှိပေမယ့် KIAဟာ နှစ်လနီးပါး ကြာပြီဖြစ်တဲ့ ဗန်းမော် မြို့ စစ်ဆင်ရေးကို ဆက်လက် ဆင်နွှဲနေပြီး ဗန်းမော်မြို့ ဧရိယာ အများစုနဲ့ စစ်ကောင်စီရဲ့ အရေးပါတဲ့ တပ်ရင်းဌာနချုပ် အချို့ကို သိမ်းပိုက်ရရှိထားပါတယ်။
ဒီလို စစ်ရေးအောင်မြင်မှုတွေ ဆက်တိုက်ရရှိနေတဲ့ KIA အနေနဲ့ ကုန်းကြောင်း၊ရေကြောင်း၊ လေကြောင်း အရ ဆက်သွယ်သွားလာနိုင်ပြီး စစ်ရေးဗျူဟာကျတဲ့ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို မဖြစ်မနေ အောင်မြင်မှုရအောင် လုပ်ဆောင်လိမ့်မယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီကလည်း ကချင်ပြည်နယ် စစ်ရေးအတွက် အရေးပါတဲ့ ဗန်းမော်မြို့ မကျဖို့ လေကြောင်း ၊ ဒရုန်း၊ လက်နက်ကြီးတွေ အလွန်အကျွံအသုံးပြု ခုခံနေတာကြောင့် တိုက်ပွဲဟာ ဆက်လက်ပြင်းထန်နေပါတယ်။ဒါ့အပြင် နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေလည်း အများအပြား ရှိနေတယ်လို့ ကချင်စစ်ရေး၊ နိုင်ငံရေး လေ့လာသူ ဦးဇော်ဆန်ကပြောပါတယ်။
KIA အနေနဲ့သူ့ရဲ့ စစ်ရေး ၊နိုင်ငံရေး ရည်မှန်းချက်အရ ဗန်းမော် ကို အရသိမ်းပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(မပခ) အခြေစိုက်ရာ မြစ်ကြီးနားနဲ့ ဝိုင်းမော်၊ ဖားကန့်စတဲ့ လက်ကျန်မြို့တွေကို ဆက်လက် သိမ်းနိုင်ဖို့ ထိုးစစ်ဆင်မှုတွေ ဆက်ရှိမယ်လို့လည်း ဦးဇော်ဆန်က ခန့်မှန်းပါတယ်။
ဒါကြောင့် ၂၀၂၄ မတ်လ ၇ရက်က အစပြုပြီး KIA က ဖော်ဆောင်နေတဲ့ စစ်အာဏာရှင် အမြစ်ဖြတ်သိမ်းရေး စစ်ဆင်ရေးဟာ တစ်နှစ်မပြည့်မီမှာပဲ ကချင်ပြည်နယ်အတွင်း မြို့ပေါင်း ၁၄ မြို့နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဘိမ်းမြို့ နဲ့ နမ့်ဖက်ကာဗျူဟာတို့ကို သိမ်းပိုက်ထားပါတယ်။ဒါကြောင့် ကချင်ပြည်နယ်မှာ KIA ဦးဆောင်တဲ့ ပူးပေါင်း တပ်တွေရဲ့၁၅ မြို့မြောက်အဖြစ် ပြည်နယ်အတွင်း ဗျူဟာမြောက် လှတဲ့ ဗန်းမော်မြို့ကိုအပြီးသတ်သိမ်းနိုင်ဖို့ နီးကပ်လာပြီလို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ် ။
