Connect with us

Hi, what are you looking for?

ဆောင်းပါး

ထမင်း​​လေးမှ စားလို့မပြီး​သေးခင် …

ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညနေပိုင်းက ချောင်းဦးမြို့နယ်၊ ကျေးရွာတရွာက နေအိမ်တအိမ်မှာ မိသားစုဝင်တွေ ထမင်းလက်ဆုံစားနေကြတယ်။ ကလေးတစ်ယောက်နဲ့လူကြီးနှစ်ယောက်က ထမင်းအရင်စားပြီးလို့ ထမင်းဝိုင်းကထွက်သွားကြပြီ။ ပန်းကန်ဆေးသူကဆေးနေပြီ။

ဟာနာဆန်/People’s Spring

ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညနေပိုင်းက ချောင်းဦးမြို့နယ်၊ ကျေးရွာတရွာက နေအိမ်တအိမ်မှာ မိသားစုဝင်တွေ ထမင်းလက်ဆုံစားနေကြတယ်။ ကလေးတစ်ယောက်နဲ့လူကြီးနှစ်ယောက်က ထမင်းအရင်စားပြီးလို့ ထမင်းဝိုင်းကထွက်သွားကြပြီ။ ပန်းကန်ဆေးသူကဆေးနေပြီ။

ချွေးမနဲ့သမက်ရယ်၊ တခြားအိမ်သားတယောက်ရယ်က ထမင်းဆက်စားနေတုန်း ဝုန်းကနဲအသံကြီးကြားလိုက်ရပြီး ထမင်းဝိုင်းတခုလုံး ပြောင်းဆန်သွားတယ်။ ထမင်းစားနေတဲ့မိသားစုဝင် ၃ ဦး ခုံအောက်တွေ မှောက်ရက်လဲကျပြီး ထမင်းစားမပြီးခင်မှာပဲ အသက်ပျောက်သွားခဲ့ရတယ်။

မုံရွာနယ်ဘက်က စစ်ကောင်စီစခန်းတခုကနေ အကြောင်းမဲ့ လက်နက်ကြီးနဲ့ထုလို့ အခုလို မိသားစုထမင်းဝိုင်းမှာ လက်နက်ကြီးကျပြီး စက္ကန့်ပိုင်းအတွင်းမှာ မိသားစုဝင် သုံးဦး ​သေဆုံခဲ့ရတာပါ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ မတ်လကနေ ၂၀၂၅ ဇန်နဝါရီလအတွင်း စစ်အုပ်စုရဲ့ အကြမ်းဖက်မှု​တွေကြောင့် စစ်ကိုင်းတိုင်းထဲမှာ အရပ်သား ၅၃၀၄ဦး သေဆုံးပြီး ၃၇၈၈ဦး ဒဏ်ရာရရှိခဲ့တယ်လို့ Data for Myanmar ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ အဲဒီ ငါးထောင်ကျော်ထဲမှာ ချောင်းဦးနယ်က ဖြစ်စဥ်လို မိသားစုလိုက် သေဆုံးခဲ့ရတဲ့သူတွေလည်း အများကြီးပါ။

၂၀၂၅ ခုနှစ် ဇန်နဝါရီ တလတည်းမှာတင် စစ်ကိုင်းတိုင်းထဲက မြို့နယ် ၂၂ ခုမှာ အရပ်သား သေဆုံးသူ၄၃ ဦး၊ ဒဏ်ရာရသူ ၆၆ ဦး ရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်းထဲက ရွှေဘိုခရိုင်မှာ အရပ်သားသေဆုံးသူ ၁၄၀၀ ကျော် ရှိခဲ့လို့ ထိခိုက်မှု အများဆုံးဖြစ်ခဲ့ပါတယ်။ မုံရွာနဲ့ စစ်ကိုင်းခရိုင်မှာ သေဆုံးသူ ၆၀၀ ကျော်စီရှိပြီး ကန့်ဘလူ၊ ယင်းမာပင်နဲ့ ကလေးခရိုင်တွေမှာ သေဆုံးသူ ၆၀၀ ကျော်စီ ရှိခဲ့တယ်လို့ Data for Myanmar ရဲ့ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

စုစုပေါင်း အရပ်သားသေဆုံးမှုရဲ့ ၇၃ ရာခိုင်နှုန်းဟာ အရပ်သားတွေကို ပစ်မှတ်ထား သတ်ဖြတ်မှုကြောင့်ဖြစ်ပြီး ၂၁ ရာခိုင်နှုန်းကတော့ လက်နက်ကြီး၊ ဒရုန်း၊ မိုင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဖြစ်တယ်လို့ Data for Myanmar ကဆိုပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးသူ ၄၇၈ ဦးနဲ့ ဒဏ်ရာရသူ ၅၃၂ ဦး ရှိခဲ့ပါတယ်။ အရပ်သား သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အထက် အမျိုးသားတွေက ၇၀ ရာခိုင်နှုန်းအထက် ရှိပါတယ်။ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ သေဆုံးရတဲ့ အဓိက အကြောင်းရင်းကတော့ လက်နက်ကြီး၊ ဒရုန်း၊ မိုင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဖြစ်တယ်လို့ သိရတယ်။

မုံရွာ၊ စစ်ကိုင်း၊ ရွှေဘို၊ ကန့်ဘလူ၊ မြင်းမူ၊ ခင်ဦး၊ ရေဦး၊ ဝက်လက်၊ ကလေးနဲ့ ချောင်းဦးမြို့နယ်တွေမှာ အရပ်သားတွေကို ပစ်မှတ်ထားသတ်ဖြတ်တာတွေ အဖြစ်များတယ်လို့ Data for Myanmar က ဆိုပါတယ်။

၂၀၂၁ ခုနှစ် မတ်လကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်းထိ စစ်ကိုင်းတိုင်းထဲမှာ လက်နက်ကြီးထိမှန်လို့ အရပ်သားသေဆုံးသူ ၄၂၈ ဦးနဲ့ ဒဏ်ရာရသူ ၁၀၀၆ ဦး ရှိခဲ့ပါတယ်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးမှုများတဲ့ မြို့နယ်တွေကိုကြည့်ရင် ကလေးမြို့နယ်မှာ ၇၉ ဦး၊ ရွှေဘိုမြို့နယ်မှာ ၄၂ ဦး၊ ယင်းမာပင်မြို့နယ်မှာ ၄၁ ဦး၊ ကန့်ဘလူမြို့နယ်မှာ ၃၂ ဦး၊ မုံရွာမြို့နယ်မှာ ၃၀ ဦးနဲ့ ခင်ဦးမြို့နယ်မှာ ၂၅ ဦး ရှိခဲ့တယ်လို့ Data for Myanmar က အသိပေးပါတယ်။

စစ်ကိုင်းတိုင်းအတွင်း အရပ်သားထိခိုက်သေဆုံးမှုတွေကိုကြည့်ရင် စစ်ရေးကျင့်ဝတ် လိုက်နာမှုအားနည်းတာ၊ အရပ်သားနဲ့ လက်နက်ကိုင်ခွဲခြားမှု မရှိတော့ဘဲ လက်လွတ်စပါယ်တိုက်ခိုက်တာ၊ အရပ်သားတွေ ထိခိုက်မှုနည်းအောင် ကြိုတင်ကာကွယ်တာတွေ အားနည်းတာကြောင့် ဖြစ်ရတာလို့ သုံးသပ်တဲ့အကြောင်း၊ အရပ်သားထိခိုက်မှုနည်းအောင် လက်နက်ကိုင်အဖွဲ့အစည်းတွေက ပိုတာဝန်ရှိပြီး ပြည်သူတွေဘက်က လုပ်ဆောင်နိုင်တာ နည်းပါတယ်လို့ Data for Myanmar က မှတ်ချက်ပြုပါတယ်။

မတ်လ ၄ ရက်​နေ့ ည​နေပိုင်းကလည်း မုံရွာ-မန္တ​လေးလမ်း​ပေါ်က ချောင်းဦးမြို့နယ်တစ်​နေရာမှာ တိုက်ပွဲဖြစ်​နေလို့ ခရီးသည်တင်ကားကရပ်​နေစဥ်မှာ စစ်သား​တွေက ယာဥ်​မောင်းကို ​သေနတ် နဲ့​ထောက်ပြီး ခရီးသည်​တွေကိုလူသားဒိုင်းလုပ် တိုက်ပွဲဖြစ်တဲ့​နေရာကို ​မောင်းပို့ခိုင်းတာ​ကြောင့်က​လေးငယ်တစ်ဦး အပါအဝင် ၃ ဦး​သေဆုံးခဲ့ရပါတယ် ။ စစ်သား​တွေက တိုက်ပွဲ​ဖြစ်တဲ့​နေရာအ​ရောက်ဆင်း​ပြေးသွား​ပေမယ့် ခရီးသည်​တွေက ကား​ပေါ်ဝပ်​နေခဲ့ရပြီး ပစ်ခတ်သံစဲချိန်မှာ ​PDF ​တွေက ကယ်ထုတ်​ပေးလို့​ ပြေး​နေစဥ် စစ်တပ်ရဲ့ စက်တပ်​လေထီး (ပါရာ​မော်တာ)ကဗုံးချလို့ က​လေးငယ် နဲ့ မိခင်သားအမိအပါအဝင်ပြည်သူ သုံးဦး​သေဆုံးခဲ့တာဖြစ်ပါတယ် ။

“စစ်ကောင်စီက သူတို့အာဏာတည်မြဲရေးအတွက် ပြည်သူသောဘာသော ဘာမှစဥ်းစားနေမှာမဟုတ်ဘူး။ ပြည်သူတွေအနေနဲ့ကတော့ တော်လှန်ရေးကို အဆုံးထိပါဝင်ကြဖို့နဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာကြဖို့ ပြောချင်ပါတယ်။”လို့ ချောင်းဦးပကဖအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ ဒေသက ပြည်သူလူထုအနေနဲ့လည်း စစ်ကြောင်းထိုး ဝင်ရောက်လာချိန်နဲ့ ရွာအတွင်း ပြန်လည်ဝင်ရောက်ချိန်မှာလည်း ဘေးကင်းလုံခြုံမှုရှိမှ ပြန်လည်ဝင်ရောက်သင့်တယ်လို့ Data for Myanmar က အကြံပြုတယ်။

မိသားစုထမင်းဝိုင်းမှာ လက်နက်ကြီးကျခဲ့တဲ့ရွာက အခုချိန်ထိ အဲဒီဂယက် မပြီးသေးပါဘူး။ ဒီကနေ့ မတ်လ ၁၄ ရက် မနက်ပိုင်းမှာကို မုံရွာ-မန္တလေးလမ်းပေါ်၊ မအူဂိတ်က စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ထုလို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့သတ်ဖြတ်မှုတွေ မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်နေဆဲဖြစ်ပေမဲ့ စစ်ကိုင်းတိုင်းထဲက ပြည်သူတွေဟာ တော်လှန်ရေးကို အားမလျှော့သေးဘူးလို့ စစ်ရှောင်အရေး ကူညီသူတွေက ဆိုပါတယ်။

“ရွာကို ဘယ်လိုပဲလုပ်လုပ်၊ မီးပဲရှို့ရှို့ ဒီတော်လှန်ရေးအပေါ်မှာ အားလျော့သွားတာမရှိဘူး။ သူတို့အနေနဲ့ အားပေးဖို့ပဲရှိတယ်။”လို့ မုံရွာခရိုင်အတွင်းမှာ စစ်ရှောင်အရေး ကူညီပေးနေသူတဦးက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

Facebook