ဟာနာဆန်/People’s Spring
မန္တလေးကနေ သပိတ်ကျင်းနဲ့ မိုးကုတ်ဘက်တွေသွားမလား။ ဧရာဝတီမြစ်ကူးပြီး စစ်ကိုင်းတိုင်းနဲ့ မြန်ပြည် အထက်ပိုင်း ကချင်ပြည်နယ်အထိ သွားမလား။ ဘယ်ကိုပဲသွားသွား မိုးကုတ်-မန္တလေးလမ်းအတိုင်း လာခဲ့ရင် စဥ့်ကူးမြို့နယ်ထဲက လက်ပန်လှဆိုတဲ့ရွာကြီးတရွာကို ဖြတ်ရလိမ့်မယ်။
မန္တလေးကနေ ဆိုင်ကယ်ဖြစ်ဖြစ်၊ ကားဖြစ်ဖြစ် စီးလာလို့ နှစ်နာရီကျော်လောက်ကြာရင် လက်ပန်လှရောက်ပါပြီ။ လမ်းလေးဝဲယာ ကုက္ကိုပင်အိုကြီးတွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ လက်ပန်လှဟာ ခရီးသွားပြည်သူတွေကို အေးအေးလူလူကြိုဆိုတတ်တယ်။
ခရီးသွား မိဘပြည်သူတွေဟာ ယာဥ်ပေါ်ကဆင်း၊ ခြေညောင်းလက်ဆန့်ရင်း အပေါ့အပါးသွား၊ လမ်းဘေးဆိုင်လေးတွေမှာ အနားယူကြတယ်။ စားကြသောက်ကြတယ်။ လက်ပန်လှမှာ ဒံပေါက်ဆိုင်လည်းရှိတယ်။ မြန်မာထမင်းဆိုင်လည်းရှိတယ်။ ဘီယာ၊ အကင်နဲ့ ယမကာမျိုးစုံဆိုင်တွေလည်း ပေါပါတယ်။

Public Service Announcement
ကားထိုးရပ်လိုက်ပြီဆိုတာနဲ့ မိတ်ဆွေတို့ကားတံခါးနားကို နီရဲကြွပ်ရွနေတဲ့ ကြက်ကြော်တွေထပ်တင်ထားတဲ့ ဗန်းကြီးတွေနဲ့အတူ အပြုံးချိုတဲ့ အမျိုးသမီးတွေ ဝိုင်းလာပါလိမ့်မယ်။ စျေးသယ်စျေးဝယ် အပြန်အလှန်စနောက်ရင်း ကြက်ကြော်ဝယ်ကြရောင်းကြတယ်။ ရောင်းသူဝယ်သူအသံတူကြတယ်။ ဝယ်လာတဲ့ကြက်ကြော်ကို ထမင်းဆီဆမ်းကလေးနဲ့စားလိုက်ရင် ခရီးပန်းလို့ ကုန်ခဲ့သမျှ အားအင် တခဏနဲ့ ပြန်ပြည့်လာတတ်တယ်။
လက်ပံလှက မိုးကုတ်-မန္တလေး လမ်းမကြီးဘေးမှာ ရှိတာမို့ ရွာကစည်ပါတယ်။ စီးပွားရေးလည်း အတန်အသင့်အဆင်ပြေကြတယ်။ ရွှေတောတက်သူတွေ လက်ပံလှမှာဆုံကြတယ်။ ရောင်းကြဝယ်ကြတယ်။
ရွာဆိုပေသိ စည်လွန်းကားလွန်းတော့ ပုဂ္ဂလိကဘဏ်ခွဲကအစ လာဖွင့်ပေးခဲ့ရတယ်။ ရွှေဆိုင်ရှိတယ်။ပုဂ္ဂလိကဘဏ်ရှိတယ်။ ဆိုင်ကယ်အရောင်းပြခန်းတွေရှိတယ်။ တည်းခိုခန်းရှိတယ်။ တကယ်ကို ကြက်ပျံမကျတဲ့ လက်ပန်လှပါ။
ပြီးတော့စဥ့်ကူးနယ်က နာမည်ကျော် ပေါင်းတင်းခေါ်တဲ့ ကောက်ညှင်းကျည်တောက်သည်လေးတွေလည်း ပေါပါတယ်။ မန္တလေးကအပြန်ဖြစ်ဖြစ် မန္တလေးကိုသွားမှာပဲဖြစ်ဖြစ် လက်ပံလှက ကြက်ကြော်နဲ့ ပေါင်းတင်းကိုမဝယ်မဖြစ် ဝယ်သွားကြတယ်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း မတရားတာကို ငုံ့မခံတဲ့နယ်တွေထဲ စဥ့်ကူးနယ်က ထိပ်ဆုံးကပါခဲ့ပါတယ်။ စဥ့်ကူးကပြည်သူတွေလည်း တခြားမြို့က ပြည်သူတွေနည်းတူ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတယ်။ နှစ်ပေါင်းငါးဆယ်ကျော် အနိုင်ကျင့်နေကျ စစ်တပ်ဟာ သူ့ဗီဇအတိုင်း ပြည်သူကို ရက်
ရက်စက်သက်ဖြတ်ပြန်ပါတယ်။ နောက်ဆုံးတော့ မခံမရပ်နိုင်တော့တဲ့ ပြည်သူဟာ လက်နက်ကိုင်တော်လှန်တဲ့လမ်းစဥ်ကိုရွေးချယ်လိုက်ရတယ်။
စဥ့်ကူးနယ်မှာလည်း စစ်ကောင်စီကို တော်လှန်တိုက်ပွဲတွေ များစွာဖြစ်ပွားခဲ့ပါတယ်။ မိုးကုတ်-မန္တလေးလမ်းပေါ်မှာရှိတဲ့ လက်ပန်လှရွာဟာလည်း မကြာခဏပစ်ကြခတ်ကြတယ်။ လမ်းဘေးဆိုင်လေးတွေလည်း တိုက်ပွဲဖြစ်ရင် ဆိုင်ပိတ်လိုက်ကြ၊ တိုက်ပွဲငြိမ်ရင် ပြန်ဖွင့်လိုက်ကြနဲ့ အမှောင်ကာလကို ဖြတ်သန်းလာခဲ့ကြတယ်။
၂၀၂၅ ခုနှစ် မတ်လ ၁၄ ရက်နေ့ကတော့ လက်ပန်လှရွာအတွက်တော့ဘယ်တော့မှ မေ့ဖျောက်လို့မရတဲ့ နေ့တနေ့ပါ။ အဲဒီနေ့ ညနေ ၃ နာရီလောက်က ခရီးသွားပြည်သူတွေ တထောက်နားတတ်တဲ့၊ ပြည်သူတွေ စျေးလာဝယ်တတ်တဲ့၊ စျေးသည်လေးတွေ သမာအာဇီဝကျကျ စီးပွားရှာတတ်တဲ့ လက်ပန်လှရွာစျေးတန်းကိုစစ်တပ်က လေကြောင်းကနေ ဖျက်အားပြင်းဗုံးတွေ ကြဲချခဲ့ပါတယ်။
တိုက်ပွဲလည်းမရှိ၊ PDF စခန်းလည်းမဟုတ်တဲ့ လက်ပန်လှရွာစျေးတန်းလေးဟာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတယ်။ “လက်ပံလှစျေးနားက ထမင်းဆိုင်ရှေ့ကိုကျတာ။”လို့ ဒေသခံတဦးက ပြောတယ်။ လက်ဖက်ဆိုင်နဲ့လည်း နီးတယ်လို့ ဒေသခံတွေက ပြောပြတယ်။
လက်ပန်လှရွာရဲ့စျေးတန်းလေးဟာ မီးဟုန်းဟုန်းထခဲ့တယ်။ လူနာတင်ယာဥ်ရဲ့အပေါ်က ဝါယာလက် ပီးပေါ်ပီးပေါ်အသံက ဆူညံကုန်တယ်။ လူနာတွေကို အပြေးအလွှားတင်ကြတယ်။ ကားမဆန့်လို့ လမ်းဘေးမှာ လဲနေတဲ့လူနာတွေဘေးမှာ ငိုသံတွေ။ သွေးသံရဲရဲနဲ့ လဲနေတဲ့ မိန်းကလေးတဦးဘေးမှာ အဒေါ်ကြီးတဦး “အမလေး ရက်စက်လိုက်ကြတာ။ ငါ့တူမလေး ဘဝဆုံးပါပြီ။”လို့ အော်ကာ ငိုနေတယ်။ ဓာတ်တိုင်အောက်က စျေးရောင်းတဲ့ခုံလေးပေါ်မှာလူငယ်တဦး ဒဏ်ရာပရပွနဲ့ ပက်လက်လှန်နေတယ်။
စာရင်းချုပ်တော့ အဲဒီနေ့က လေကြောင်းတိုက်ခိုက်မှုမှာ ကလေးငယ်(၆)ဦးအပါအဝင် ပြည်သူ(၂၇)ဦးအထိ သေဆုံးခဲ့ပါသတဲ့။ ဒဏ်ရာပြင်းထန်သူတွေလည်း အများအပြားရှိတယ်လို့ မန္တလေး PDFက သတင်းထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီက မတ်လ (၄)ရက်နေ့ကလည်း စဉ့်ကူးမြို့နယ် ၊ လက်ပံလှကျေးရွာကိုပဲ လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ (၆)ဦး အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့ပါသေးတယ်။ ဆယ်ရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်ခဲ့တဲ့သဘောပါ။
စဥ့်ကူးမြို့နယ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး ဦးဆောင်တဲ့တော်လှန်ရေးတပ်ဖွဲ့တွေ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်းမှာအပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ တော်လှန်ရေးအဖွဲ့တွေထိန်းချုပ်ပြီးနောက်ပိုင်း
စဥ့်ကူးမြို့နယ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်ခဲ့ရာမှာ ဒီတကြိမ်ကတော့ ပြည်သူထိခိုက်သေဆုံးမှု အများဆုံး ဖြစ်ခဲ့တာပါ။
သေဆုံးသူတွေထဲမှာကလေးငယ်လေးတွေ၊ အမျိုးသမီးတွေ အများအပြားပါဝင်ပါတယ်။ သေဆုံးသူတွေထဲ လက်ပန်လှ ရွာခံတွေတင်မက စျေးတန်းက တဝမ်းတခါးအရေး ဝမ်းစာရှာနေတဲ့ ကြက်ကြော်သည်လေးတွေနဲ့ တခြားစျေးသည်တွေ၊ မထွက်မဖြစ်ထွက်လာကြတဲ့ ခရီးသည်တွေ၊ ကားသမားတွေ ဘယ်နှယောက်လောက်များ ပါနေလိမ့်မလဲ။
အာဏာသိမ်းစစ်တပ်ကတော့ ပြောရင်းဆိုရင်းပဲမတ်လ ၁၆ရက်ညနေပိုင်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကိုလေကြောင်းတိုက်ခိုက်ခဲ့ပြန်ပါတယ်။ အမျိုးဘာသာ သာသနာ စောင့်ရှောက်တယ်လို့ တဖွဖွကြွေးကြော်ခဲ့တဲ့ စစ်တပ်က ဒီတခါတိုက်ခိုက်လိုက်ပြန်တာကတော့ စိန်ရတနာ ပရိယတ္တိစာသင် တိုက်ပါတဲ့။
လေကြောင်းတိုက်ခိုက်မှုကြောင့်သံဃာတော် (၂)ပါး၊ အသက် (၁၈) နှစ်အောက် ကိုရင် (၅) ပါး၊ အရပ်သားပြည်သူအမျိုးသားတစ်ဦးနဲ့ အမျိုးသမီး နှစ်ဦး၊ စုစုပေါင်း ၁၀ ဦးအသက်ဆုံးရှုံးခဲ့ရပြီး ဒဏ်ရာရသူအများအပြား ရှိခဲ့တယ်လို့ သိရတယ်။
NUG ၊လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက စစ်ကောင်စီတပ်ဟာ ၂၀၂၃ ကနေ ၂၀၂၅ မတ်လ ၁၆ရက်အထိ ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ စစ်အုပ်စုဟာ အရပ်သားပြည်သူဆိုင်ရာနေရာတွေကို လေကြောင်းတိုက်ခိုက်မှု ၂,၁၉၀မှု ပြုလုပ်ခဲ့ကြောင်း အသိပေးထားပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်ပေါင်း ၃၇၂ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားတယ်။NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ လအတွင်း စစ်ကောင်စီရဲ့လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ကလေးငယ် ၂၂ ဦး အပါအဝင် ပြည်သူ ၁၄၂ဦး သေဆုံးခဲ့ပြီး ကလေးငယ်များအပါအဝင် ပြည်သူ ၃၆၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရတယ်။
မန္တလေး PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က စစ်တပ်ဟာ အရပ်သားပြည်သူတွေစည်ကားနေတဲ့ ဈေးကို ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်ခဲ့တာလို့ပြောပါတယ်။ဘာကြောင့်လည်းဆိုရင် စဥ့်ကူးမြို့ကို မန္တလေးPDF သိမ်းပိုက်ပြီးနောက်ပိုင်းတိုက်ပွဲမရှိခဲ့ပဲ မတ် ၁၄ ရက်ညနေမှာ လက်ပံလှရွာဈေးတန်းကိုတိုက်ခိုက်ခဲ့လို့ဖြစ်ပါတယ် ။
“လူစည်ကားတဲ့ ဈေးဆိုင်တန်း၊စျေးရောင်းစျေးဝယ်တွေနဲ့စည်းကားနေတဲ့နေရာကို ပစ်မှတ်ထားပြီးတော့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်”
လက်ပန်လှရွာအကြောင်း အခုဆောင်းပါးရေးနေတုန်းမှာပဲ မတ် ၁၇ ရက် ည ၇ နာရီခန့်မှာစစ်ကောင်စီက ရွာကိုထပ်မံ ဗုံးကြဲတဲ့အတွက်အမျိုးသမီး သုံးဦးသေဆုံးပြီး ၆ဦးဒဏ်ရာရတယ်ဆိုတဲ့ သတင်းဆိုးထပ်ဝင်လာပြန်ပါတယ် ။
“လက်ပန်လှရွာနဲ့ မြောက်ဘက်က ပင်လည်ကြီးရွာနားကို ချသွားတာလို့သိရတယ်။အခု ဒဏ်ရာရလူနာတွေကိုသက်ဆိုင်ရာကဆေးကု ပေးနေပါတယ်”လို့ရွာကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီ အာဏာသိမ်းထားသမျှတော့ လက်ပန်လှရွာကစျေးတန်းလို မြန်မာပြည်ဘယ်ဒေသမှာဖြစ်ဖြစ် ဘယ်စျေးသည်မှ စိတ်ဖြောင့်ဖြောင့်စျေးရောင်းနိုင်ကြမှာမဟုတ်ဘူး။ ဘယ်သူမှ စိတ်ချလက်ချ ခရီးသွားလာနိုင်ကြမှာမဟုတ်ဘူး။ ဘယ်စီးပွားမှလည်း စိတ်ဖြောင့်ဖြောင့်ရှာလို့ ရနိုင်ကြမှာမဟုတ်ဘူးဆိုတာကို လက်ပံလှရွာက ဈေးသည်တွေက သာဓကပြသွားကြပါတယ်။ ။
