ကဖေး/People’s Spring
ဒီနေ့ မွန်းလွဲ ၁၂နာရီ၅၀မိနစ်တိတိကို ထိတ်လန့်ကြောက်ရွံ့စိတ်နဲ့သတိရနေမယ့်သူ မြန်မာနိုင်ငံမှာ သိိန်းချီရှိနေပါတယ်။ ကုလသမဂ္ဂရဲ့ နောက်ဆုံးစာရင်းတွေအရတော့ လူ ၄ ဒသမ ၃ သန်းကျော်ဟာ ရုတ်တရက် ခိုကိုးရာမဲ့သွားတယ်လို့ ဆိုပါတယ်။ ဒါဟာ ရန်ကုန်မြို့မှာ နေထိုင်သူ လူဦးရေ ခြောက်သန်းရဲ့သုံးချိုး နှစ်ချိုးမက ရှိပါတယ်။
အဲ့ဒီလူပေါင်း ၄ သန်းကျော်ဟာ လွန်ခဲ့တဲ့ တစ်လတိတိ ဒီလိုနေ့မှာ မန္တလေးနဲ့စစ်ကိုင်းမြို့အနီးကို ဗဟိုပြုလှုပ်ခဲ့တဲ့ ငလျင်ကြီးကြောင့် မိနစ်ပိုင်းအတွင်း ဘဝတွေ ဂျွမ်းထိုးမှောက်ခုံဖြစ်သွားတာပါ။ မြေပြင်အောက် ၆မိုင်ခန့်ကနေ ကပ်ပြီးလှုပ်ခါပစ်လိုက်တဲ့ ငလျင်ကြောင့် မန္တလေး၊စစ်ကိုင်း၊ပဲခူးနဲ့ နေပြည်တော်၊ ရှမ်းပြည်နယ်ကမြို့တွေ အထိနာပြီး နေအိမ်တိုက်တာအဆောက်အအုံတွေ လဲပြိုကျခဲ့ပါတယ်။ မြို့ကြီးတွေဟာ စက္ကန့်ပိုင်းအတွင်း မြို့ပျက်ကြီးတွေလို ဖြစ်သွားပါတယ်။ လူထောင်ချီသေဆုံးပြီး ပျောက်ဆုံးနေသူတွေလည်း ရှိနေပါတယ်။
စစ်ကောင်စီရဲ့အစီအစဉ်မကျတဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေထဲမှာသွေးသံရဲရဲမြင်ကွင်းတွေ၊ တဝုန်းဝုန်းပြိုကျနေတဲ့ အထပ်မြင့်အဆောက်အအုံတွေ၊ အုတ်ပုံတွေအောက်ပိနေသူတွေရဲ့ အော်ဟစ်အကူအညီတောင်းခံသံတွေ၊ ကယ်ဆယ်နိုင်မလားလို့ အုတ်နံရံပြင်ပကနေ စောင့်ရင်း ငိုကြွေးနေသူတွေရဲ့ အဖြစ်တွေဟာ သင်္ကြန်မိုးအကြိုကာလတွေမှာ ကြည့်ရက်စရာမရှိတဲ့ ငိုချင်းရှည်မြင်ကွင်းတွေ ဖြစ်ခဲ့ပါတယ်။ ဒါတွေကို မကုစားနိုင်သေးခင် နောက်ထပ် စိတ်ဒဏ်ရာတွေကို ငလျင်က ပေးနေပြန်ပါတယ်။

Public Service Announcement
●နောက်ဆက်တွဲငလျင်တွေနဲ့စိတ်ဒဏ်ရာဒဏ်ချက်များ
အင်အားပြင်းငလျင်ကြီးတွေလှုပ်ပြီးတိုင်း နောက်ဆက်တွဲကလျင်ငယ်တွေ ဆက်တိုက်လှုပ်ပါတယ်။ ဒါက မဟာပထဝီမြေကြီးရဲ့ သဘာဝဖြစ်ပါတယ်။မုန်တိုင်းတစ်လုံးလိုကမ်းခြေကိုဝင်မွှေဖျက်ဆီးပြီးတဲ့နောက်ကုန်းတွင်းမှာခြေရာလက်ရာမကျန်အောင်ပျောက်သွားတာမဟုတ်ဘဲနောက်ထပ်ငလျင်တွေ ဆက်လှုပ်စေတာက ငလျင်တွေရဲ့သဘာဝပါ။ ဒါပေမယ့် ရှိသင့်တဲ့အရှိတရားထက်ပိုပြီး စိုးရိမ်နေကြသလို ဘေးကြုံသူတွေဟာ ပြိုသွားတဲ့သူတို့ရဲ့ အိမ်များလို စိတ်ဒဏ်ရာက ပြိုကျယိုင်နဲ့နေကြပါတယ်။
“ငလျင်တွေလှုပ်တိုင်းလမ်းပေါ်ထွက်ပြေးရတယ်။ ပြေးတိုင်း ငိုရတယ်။ စိတ်တည်ငြိမ်အောင်ထားလိုက်တိုင်းငလျင်ကလှုပ်တော့မှာလားလို့ကြောက်တယ်”
ငလျင်ဘေးမှာ သူ့တိုမိသားစုပိုင် လုံးချင်းတိုက် နံရံတွေကွဲအက်သွားလို့ ဆွေမျိုးတွေအိမ်မှာ သွားနေရတဲ့ မန္တလေးမြို့က မယဉ်နွယ်က ပြောတာပါ။ သူက ငလျင်လှုပ်လို့ ပြုတ်ကျပြီး မှန်ကွဲနေတဲ့ တိုင်ကပ်နာရီက နာရီလက်တံရွေ့လျားသံဟာ စိတ်ကိုခြောက်လှန့်နေသလိုခံစားရလို့ ရိုက်ခွဲပစ်မိတယ်လို့ ဆိုပါတယ်။
နောက်တစ်ဦးကတော့ မန္တလေးတိုင်း ကျောက်ဆည်မြို့ခံ ကိုသန်းထိုက်ဖြစ်ပါတယ်။ သူဟာ ငလျင်ဘေးမှာ နှစ်ထပ်အိမ် လုံးဝပြိုကျပျက်စီးသွားခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာဆွေမျိုးတွေအိမ်မှာနေရင်း ငလျင်ဘေးရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ရင်ဆိုင်နေရပါတယ်။
“စိတ်ဒဏ်ရာတွေနဲ့ရှေ့ဆက်နေတယ်ဗျာ။ အသံကြားတာနဲ့လန့်တယ်။ ထိုင်နေရင်လှုပ်နေသလိုခံစားရတယ်။ အလုပ်လုပ်ချင်စိတ်လည်း မရှိဘူး” လို့ သူကဆိုပါတယ်။
မယဉ်နွယ်နဲ့ ကိုသန်းထိုက်တို့လို စိတ်ဒဏ်ရာနဲ့ ရုန်းကန်နေရတဲ့ ငလျင်ဘေးသင့်သူ သိန်းချီရှိနေပါတယ်။ငလျင်လှုပ်ပြီးတစ်လကြာလာတဲ့အထိ သူတို့ရဲ့ ဒုက္ခတွေဟာ ပိုပြီးဆိုးရွားလာတယ်လို့ဆိုကြပါတယ်။ ဒီဆောင်းပါးအတွက် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ နေပြည်တော်က ဒေသခံပြည်သူ ၂၀ဦးကိုကျပန်းစစ်တမ်းကောက်ယူမေးမြန်းခဲ့ရာမှာ သူတို့တွေအနေနဲ့ ငလျင်အန္တရာယ်ကို နည်းနည်းမှ နောက်ကျောမလုံဘူးလို့ဖြေဆိုကြပါတယ်။
●ပညာရှင်မှာတမ်း
မတ်လ၂၈ရက်က ကြုံတွေ့ခဲ့တဲ့ငလျင်ဟာ သမိုင်းတစ်လျှောက် အဆိုးရွားဆုံးငလျင်ဖြစ်ပြီး လူထုအပေါ် စေတနာနည်းတဲ့ စစ်ကောင်စီလက်အောက်မှာ ကိုယ့်ကိုယ်ကိုယ်ကျန်းမာသန်စွမ်းအောင်နေပြီး အခက်အခဲတွေကိုဖြတ်ကျော်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးစိုးသူရထွန်းက အကြံပြုပါတယ်။ဦးစိုးသူရထွန်းဟာ မြန်မာနိုင်ငံငလျင်ကော်မတီမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ပညာရှင်ဖြစ်ပြီး ငလျင်ဘေးသင့်သူတွေ ကြောက်နေတဲ့ နောက်ဆက်တွဲငလျင်တွေနဲ့ပတ်သက်လို့ သူ့အမြင်ကို ပြောပြပါတယ်။
” အခုလှုပ်နေတာက ငလျင်ကြီးလှုပ်မယ့် နမိတ်မဟုတ်ဘူး။ အကြီးကြီးလှုပ်ပြီးလို့ အသေးလေးတွေ ဟိုနားပဲ့ကျဒီနားပဲ့ကျတဲ့သဘောပါ” လို့ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ရစ်ခ်တာစကေး ၈အဆင့်နဲ့လှုပ်ခဲ့တဲ့ ၁၉၁၂ မေမြို့ငလျင်တုန်းက ဗဟိုချက်နဲ့ဆက်စပ်ပတ်ဝန်းကျင်တွေမှာ နောက်ဆက်တွဲငလျင်တွေ အကြိမ်ရေထောင်ချီပြီး တစ်နှစ်ခွဲနီးပါးကြာတဲ့အထိ လှုပ်ခဲ့တဲ့မှတ်တမ်းရှိပါတယ်။ အနီးစပ်ဆုံးဖြစ်တဲ့ ၂၀၁၂ ခုနစ်က ရစ်ခ်တာစကေး ၆ဒဿမ ၈ အဆင့်နဲ့ လှုပ်ခဲ့တဲ့သပိတ်ကျင်းငလျင်တုန်းက နောက်ဆက်တွဲကလေး အကြိမ် ၂၀၀ နီးပါးလှုပ်ရှားခဲ့ပါတယ်။ ငလျင်ကြီးလှုပ်ပြီးရင် နောက်ဆက်တွဲငလျင်တွေလှုပ်မယ်ဆိုတာက ချဲထိုးသလို မရေမရာမဟုတ်ပါဘူး။ ၁နဲ့၁ပေါင်းရင် ၂ရသလို တိကျသေချာပါတယ်။ဒါကို သိမှတ်နားလည်ထားရင် စိုးရိမ်မှုတွေ လျှော့ချနိုင်ပါတယ်။
ထပ်လှုပ်နေတဲ့ငလျင်တွေနဲ့ပတ်သက်လို့ လူထုဘက်ကနေ အလွန်အမင်းစိုးရိမ်မနေဖို့ ဦးစိုးသူရထွန်းက အခုလိုရှင်းပြပါတယ်။မတ်လ ၂၈ရက်က ရစ်ခ်ျတာစကေး ၇ဒဿမ၇နဲ့လှုပ်တဲ့ စစ်ကိုင်းပြတ်ရွေ့ရဲ့အလယ်ပိုင်းငလျင်ဗဟိုချက်အနီးမှာ ၁၈၃၉ခုနှစ်ကမြန်မာ့သမိုင်းတစ်လျှောက်အပြင်းထန်ဆုံးငလျင်ဖြစ်စေတဲ့ ရစ်ခ်တာစကေး ၉ အဆင့် ငလျင်လှုပ်ခဲ့ပါတယ်။ အင်းဝငလျင်အမည်တွင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကနေ ၂၀၂၅ခုနှစ်အထိ အင်အားစုစည်းပြီး နှစ်ပေါင်း၁၈၀ကျော်အကြာမှာ တကြိမ်ထပ်မံလှုပ်ရှားခြင်းဖြစ်ပါတယ်။ နောက်တကြိမ်ရစ်ခ်တာစကေး၆နဲ့၇အထက် အင်အားနဲ့လှုပ်ဖို့ဆိုရင် ရာစုနှစ်တစ်စုနီးပါး ကြာဦးမှာလို့သူရဲ့တွက်ဆချက်ကိုပြောပါတယ်။
” အားကိုနှစ်ရာနဲ့ချီပြီးစုရတာဖြစ်တယ်။ ဗဟိုချက်နဲ့ ပတ်ဝန်းကျင်မှာ အခုလိုငလျင်ကြီးထပ်လှုပ်ဖို့ဆိုရင်နောက်ထပ် နှစ်ရာချီပြီး ကြာနိုင်တယ်”လို့ ဆိုပါတယ်။
ထိုင်းမိုးလေဝသဌာနက ထုတ်ပြန်ထားတဲ့အချက်လက်တွေအရတော့ မတ်လ ၂၈ ရက်က ငလျင်နောက်ပိုင်း တစ်လခန့်အတွင်း နောက်ဆက်တွဲငလျင် ၇၀၀နီးပါးလှုပ်ခတ်ထားပါတယ်။ ရစ်ခ်တာစကေး ၁ကနေ ၆ဒဿမ ၄ အထိ နောက်ဆက်တွဲ ငလျင်တွေဖြစ်ပေမယ့် ဘေးသင့်သူတွေကိုအဓိက ခြိမ်းခြောက်နေတာကတော့ ရစ်ခ်တာစကေး ၄နဲ့ ၆ကြားက ငလျင်တွေဖြစ်ပါတယ်။ မူလဖျက်အားပြင်းငလျင်ဟာ မန္တလေးတိုင်း စဉ်းကူးမြို့ကနေ ပဲခူးတိုင်း၊ဖြူးမြို့နယ်အထိ၃၄၂ မိုင်ရှည်ပြီး မှတ်
တမ်းတင်နိုင်သမျှ မြေပြင်အက်ကြောင်း တွေထဲမှာ အရှည်ဆုံးလို့အမေရိကန် အာကာသအေဂျင်စီ (NASA) က ထုတ်ပြန်ထားပါတယ်။ ပြတ်ရွေ့ကြောတလျှောက် ၃ မီတာ(၁၀ ပေ ကျော်) မြေရွဲ့စောင်းသွားပြီး တချို့နေရာတွေမှာ ၆ မီတာကျော်အထိ မြေရွဲ့စောင်းသွားပါတယ်။ ဒါကြောင့် နောက်ဆက်တွဲငလျင်တွေဟာ အဲဒီပြတ်ရွှေ့လမ်းကြောင်းတလျောက်ကမြို့နယ်တွေမှာ ဆက်လှုပ်နေမှာလို့ ပညာရှင်တွေကဆိုပါတယ်။
” ၄နဲ့ ၅ နဲ့ ပတ်ဝန်းကျင်က ဆက်လှုပ်နေနိုင်သေးတယ်။ ဒါပေမယ့် အရမ်းကြီးတော့ ကြောက်မနေဖို့ ကျတော့်အနေနဲ့ ပြောလိုတယ်။ ငလျင်ကြီးကြုံပြီးနောက်ပိုင်း ထပ်လှုပ်နေတော့ ထရော်မာတွေရနေကြတယ်။ ဒါကို ကျနော်တို့အချင်းချင်း ကူညီတိုင်းပင်ပြီးဖြေရှင်းကြရမယ်”လို့ မြန်မာနိုင်ငံမြေငလျင်ကော်မတီအတွင်းရေးမှူးဟောင်း ဒေါက်တာမျိုးသန့်ကပြောပါတယ်။
●ခိုကိုးရာမဲ့ပြည်သူလူထု
ငလျင်ဘေးကြုံနေတုန်းမှာတောင် ပြည်သူရာနဲ့ချီပြီး လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်ခဲ့တဲ့စစ်ကောင်စီဟာ ငလျင်ဘေးသင့်လူထုကိုလည်း မသိကျိုးကျွံပြုနေခဲ့ပါတယ်။ လေကြောင်းကနေပစ်လို့သေဆုံးတဲ့သူတွေထဲမှာ ငလျင်ဘေးကနေလွတ်ခဲ့သူတွေတောင်ပါခဲ့ပါတယ်။ ငလျင်လှုပ်ပြီးပြီးချင်းမှာ ရှာဖွေကယ်ဆယ်ရေးတွေနှောင့်နှေးခဲ့သလိုပဲ ပြန်လည်ထူထောင်ရေးမှာလည်း ထင်သာမြင်သာရှိတဲ့လုပ်ရပ် မတွေ့ရပါဘူး။
ဒါအပြင် နိုင်ငံတော်အဆင့်ရာထူးမှန်သမျှ သိမ်းကျုံးယူထားပြီး သူ့ကိုယ်သူ့ကိုဘုရင်တပါးလို အယူမှားနေတဲ့ စစ်ကောင်စီခေါင်းဆောင်ဟာ ငလျင်ဘေးအန္တရာယ်နဲ့ပတ်သက်ပြီး မူလတန်းအဆင့်တောင် စာကျေခဲ့ပုံမရပါဘူးလို့ လူငယ်ထုက ဝေဖန်ကြပါတယ်။ နေပြည်တော်မှာ ခရိုနီလုပ်ငန်းရှင်တွေက ငလျင်အတွက်အလှူငွေပေးအပ်ပွဲမှာ သူသြဝါဒပေးတာမှာ သူဟာ ငလျင်လှုပ်ချိန်မှာ စားပွဲခုံအောက် အချိန် အတော်ကြာဝင်ပုန်းနေခဲ့ပြီးနောက်ထပ် အာဖတာရှိတ် တွေထပ်လှုပ်မှာကို စိတ်ပူနေခဲ့တယ်လို့ ပြောပြန်ပါတယ်။ ငလျင်ကြီးလှုပ်ပြီးနောက်ပိုင်း ထပ်လှုပ်တဲ့ငလျင်ငယ်တွေကို Aftershock လို့ ခေါ်ပါတယ်။ဝေါဟာရအမှန်ကိုတောင်မသိတဲ့သူကကအုပ်ချုပ်တာကို ခံနေရချိန် မြန်မာဟာ ဧရာမငလျင်ဘေးကြီးကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။ နိုင်ငံခေါင်းဆောင်ရာထူးလုယူထားသူဟာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲဖို့ အဆင်သင့် ရှိမနေခဲ့ပါဘူး။ ချက်ချင်းဆောင်ရွက်နိုင်တဲ့ အရည်အချင်း မရှိခဲ့ပါဘူး။ ဒါကြောင့်လည်း ထိခိုက်ပျက်စီးမှုနဲ့ သေဆုံးမှုကိန်းဂဏန်းတွေတိုးခဲ့ပါတယ်။
ငလျင်ဘေးကြောင့် ထိခိုက်သေဆုံးမှုတွေကို စစ်ကောင်စီက ထိန်းချုပ်ဖို့ကြိုးစားနေတဲ့ကြားထဲကပဲ မြေပြင်မှာလူထုရင်ဆိုင်နေရတဲ့ပြဿနာ တွေ ကြီးကြီးမားမားရှိနေပါတယ်။ ငလျင်လှုပ်ပြီးချိန်မှာ ဘေးသင့်ပြည်သူတွေဟာ ကိုယ့်အစီအစဉ်နဲ့ကိုယ် ရှာဖွေကယ်ဆယ်ရေးလုပ်ခဲ့ကြရပါတယ်။ အထင်ရှားဆုံးဖြစ်ရပ်တချို့ပြောပြပါမယ်။ မန္တလေးမြို့က Sky Villa ကွန်ဒိုပြိုကျမှုမှာအဆောက်အအုံ အောက်ပိသွားတဲ့သူတွေကို အရေးပေါ်လာပြီးမကယ်ဆယ်လို့ ပိတ်မိသူတွေရဲ့မိသားစုဝင်တွေဟာ အရပ်ဖက်အဖွဲ့အစည်းတွေကို အကူအညီတောင်းပြီး ကယ်ဆယ်ရေးလုပ်ခဲ့ကြရပါတယ်။
ဂရိတ်ဝေါဟိုတယ်ပြိုကျမှုမှာဆိုရင် ရက်ပေါင်းများစွာကြာတဲ့အထိ ကယ်ဆယ်ရေးမလုပ်ပေးလို့ ပိတ်မိနေတဲ့သူတွေ သေဆုံးခဲ့ရပါတယ်။တချို့ဆို တန်ဖိုးကြီးပစ္စည်းတွေ ပြန်မရခဲ့ကြပါဘူး။ မြွေပါလည်းဆုံး သားလည်းဆုံးအခြေအနေကို ဘေးသင့်သူတွေ ရင်ဆိုင်နေရပါတယ်။
ဒါ့အပြင် ငလျင်ဘေးသင့်သူတွေကိုကူညီတဲ့အရပ်ဖက်အဖွဲ့အစည်းတွေကို စစ်ကောင်စီက တားမြစ်ပိတ်ပင်နေပါတယ်။ ကျောက်ဆည်မြို့မှာဖြစ်ခဲ့တဲ့ဖြစ်ရပ်တစ်ခု ပြောပြချင်ပါတယ်။ ငလျင်ဒဏ်သင့်သူတွေကို အရက်ဖက်အဖွဲ့အစည်းတွေကငွေလှူဒါန်းတာကို စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းတွေက တားမြစ်ခဲ့ပါတယ်။
“ဘေးသင့်ပြည်သူတွေအဆင်ပြေနေပြီ။ ထောက်ပံ့ဖို့မလိုဘူး”လို့ ပြောလို့ မလှူဘဲပြန်လာခဲ့ရတယ်လို့ ရန်ကုန်မြို့က လူမှုရေးအဖွဲ့တစ်ဖွဲ့ကဆိုပါတယ်။ ကျောက်ဆည်မြို့ဟာ ငလျင်ကြောင့် အထိနာခဲ့တဲ့မြို့ဖြစ်ပြီး သေဆုံးသူကို မီးရှို့တဲ့ မီးသင်္ဂြိုဟ်စက်ကွဲအက်တဲ့အထိ အခြေအနေဆိုးခဲ့တာပါ။ လက်ရှိမှာလည်း နေစရာအိမ်မရှိလို့ လေဟာပြင်မှာနေရင်း အသက်သေဆုံးသူတွေရှိနေပါတယ်။
ဒီအခြေအနေမှာ စစ်ကောင်စီအုပ်စုက အလှူရှင်တွေကိုငြင်းပယ်ခဲ့ပါတယ်။ ဧပြီလ ၂၁ ရက်က စစ်ကိုင်းမြို့၊ အိုင်ဒိုင်ကျေးရွာမှာ ငလျင်ဘေးသင့်ဒေသခံတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ နယ်လှည့်ဆေးကုသရေးအဖွဲ့ ရောက်နေတဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့ပါတယ်။ ဒေသခံတချို့ထိခိုက်မှုရှိခဲ့ပါတယ်။ အဆိုးဆုံးကတော့ ငလျင်ဘေးကို ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ပြီလို့ စစ်ကောင်စီခေါင်းဆောင်က ဧပြီလ ၂၀ရက်နေ့မှာ ထုတ်ဖော်ပြောကြားခဲ့တာပါပဲ။ အမှန်တကယ်တော့ ငလျင် ကြောင့်သေဆုံးသူ ရုပ်အလောင်းတွေကို ရှာဖွေနေရပြီး ဘေးသင့်ပြည်သူတွေဟာ အမိုးအကာအောက်မရောက်သေးဘဲ ဖြစ်သလိုနေထိုင်နေကြရတာဖြစ်ပါတယ်။
ဒီလိုတာဝန်မဲ့တဲ့ အုပ်ချုပ်သူအောက်မှာငလျင်ဘေးအလွန် မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ပုခုံးအပေါ် တာဝန်နှစ်ရပ် ကျရောက်လာခဲ့တယ်လို့ ဦးစိုးသူရထွန်းကမှတ်ချက်ပေးပါတယ်။တစ်ချက်ကငလျင်ဒဏ်သင့်သူတွေကို ပြည်သူအချင်းချင်း ဖေးမကြဖို့၊ နောက်တစ်ချက်က စစ်အာဏာရှင်တော်လှန်ရေးကို အရှိန်မြှင့်ဖို့လိုတယ်လို့ဆိုပါတယ်။
“စစ်ကောင်စီရဲ့တာဝန်လစ်ဟင်းတာကပညာဗဟုသုတနည်းပါးတာကတစ်ကြောင်း၊ နောက်တစ်ချက်က ပြည်သူကိုစေတနာမရှိဘူး။ ရန်သူလို့ထင်နေတာကြောင့် သူတို့တာဝန်လို့ကို သဘောထားမှာမဟုတ်ပါဘူး။ ဒါကြောင့် ဒီငလျင်ဘေးမှာသူသည် သူ့ဘာသာရှိနေတာဖြစ်ပြီး ပြည်သူက အချင်းချင်း ကူညီခြင်းနဲ့ ဖြတ်ကျော်ကြရမှာပဲ”လို့ ဦးစိုးသူရထွန်းကပြောပါတယ်။
“ဒီအဖြစ်ဆိုးတွေ နောက်ထပ်မကြုံအောင် ကိုယ်လိုချင်တဲ့အစိုးရကို ပြန်တင်ရမယ်။ခိုင်းစားလိုက်စမ်းပါ” လို့ သူက ဆိုပါတယ်။
●စိတ်ကင်ဆာကို အမြစ်ဖြတ်နိုင်ဖို့
ငလျင်ဒဏ်သင့်တဲ့ပြည်သူတစ်ဦးချင်းဟာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးထိခိုက်မှုများပြားနေပြီး သူတို့ကိုကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ဟာ စိန်ခေါ်မှုတွေအများကြီးရှိနေပါတယ်။ ဒါကြောင့် တစ်ဦးကနေ လူအများကြီးကို စိတ်ပိုင်းဆိုင်ရာအကူအညီပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ Mind Healers စိတ်ခွန်အားပေးသူများအဖွဲ့က Dr Aeron ဆိုပါတယ်။Mind Healers ဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)ရဲ့ စိတ်ပိုင်းဆိုင်ရာ လူမှုရေးအထောက်အပံ့ ဝန်ဆောင်မှုပေးနေတဲ့အဖွဲ့ဖြစ်ပြီး Dr Aeron ကတော့ စိတ်ပိုင်းဆိုင်ရာလူမှုရေးအကူအညီပေးသူ (Psychosocial supporter)တစ်ဦးဖြစ်ပါတယ်။ငလျင်ဘေးသင့်ပြည်သူဦးရေ အလွန်များတဲ့အတွက် တစ်ဦးချင်းစီကို အကူအညီပေးဖို့ခက်ခဲပြီးဒါကိုဖြေရှင်းဖို့ ပြည်သူအချင်းချင်း ကူညီနိုင်တယ်လို့လည်း Dr Aeronက အကြံပေးပါတယ်။
လူမှုပတ်ဝန်းကျင်ကို အကူအညီပေးလိုသူတိုင်းဟာလည်း Psychosocial supporter တစ်ယောက်ဖြစ်နိုင်ပါတယ်။ဘေးသင့်သူတွေရဲ့ခံစားချက်တွေကို နားထောင်ပြီး တုံ့ပြန်အကြံပေးတာ၊ စိတ်သက်သာရာရစေမယ့် နည်းလမ်းတွေ သင်ကြားပေးတာ၊ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အားပေးကူညီတာ၊လိုအပ်တဲ့ အခြားအကူအညီတွေ (ဥပမာ – ကျွမ်းကျင်တဲ့ စိတ်ပညာရှင်ဆီ လွှဲပြောင်းပေးခြင်းတာ) ရရှိနိုင်အောင် ချိတ်ဆက်ကူညီပေးတာတွေ လုပ်ပေးနိုင်ပါတယ်။
အထူးသဖြင့် သဘာဝဘေးအန္တရာယ်တွေလိုမျိုး အရေးပေါ်အခြေအနေတွေမှာ Psychosocial Supporter တွေရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါပြီး ဘေးကြုံသူတွေ ပုံမှန်ဘဝကို ပြန်လည်ရောက်ရှိနိုင်ဖို့ သူတို့က ကူညီပေးပါတယ်။
နာရီသံတစ်ချက်ချက် ညံနေပါတယ်။ နောက်ဆက်တွဲငလျင်တချို့ ထုံးစံအတိုင်း ထပ်လှုပ်နေပါတယ်။ ပြည်သူအချင်းချင်းလက်တွဲပြီး ငလျင်ဘေးကို ကျော်လွန်ကြဖို့ Dr Aeronက အကြံပြုပါတယ်။
“ရေဆာနေတဲ့သူကိုရေလေးတိုက်လိုက်တာကရေဆာသက်သာသွားရုံတင်မကဘူး။ ဪငါ့ကိုစောင့်ရှောက်ပေးတဲ့သူရှိပါလားဆိုတဲ့စိတ်လေးရသွားစေတယ်” လို့ Dr Aeronကပြောပါတယ်။ ။
(ငလျင်ကြီးလှုပ်အပြီးနောက်အပျက်အစီးများနဲ့မြင်ကွင်းများ ။ဓါတ်ပုံ- CJ )
