Connect with us

Hi, what are you looking for?

ဆောင်းပါး

ချောင်းဦးက ကြယ်တပွင့်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ကျေးရွာဘက်မှတအုန်းအုန်းအသံများထွက်ပေါ်လာသည်။ ချောင်းဦးမြို့နယ်အတွင်းမှာလည်း နေ့စဥ်ရက်ဆက် လေကြောင်းပစ်လိုက်၊ လက်နက်ကြီးထုလိုက်ဖြင့် ပြည်သူကို အကြောင်းမဲ့ပစ်ခတ်နေသော စစ်ကောင်စီက ဒီတခါလည်း လက်နက်ကြီးဖြင့် ထုပြန်လေပြီ။

ဇေအောင်/People’s Spring

မေလ(၁၅)ရက်ညပိုင်းက ဖြစ်သည်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ကျေးရွာဘက်မှတအုန်းအုန်းအသံများထွက်ပေါ်လာသည်။ ချောင်းဦးမြို့နယ်အတွင်းမှာလည်း နေ့စဥ်ရက်ဆက် လေကြောင်းပစ်လိုက်၊ လက်နက်ကြီးထုလိုက်ဖြင့် ပြည်သူကို အကြောင်းမဲ့ပစ်ခတ်နေသော စစ်ကောင်စီက ဒီတခါလည်း လက်နက်ကြီးဖြင့် ထုပြန်လေပြီ။

ထိုမြင်ကွင်းကို ရဲဘော် မြင့်မြတ်စိုး (ခ)အာနိုးသည် မျက်ဝါးထင်ထင် မြင်လိုက်ရသည်။ ထို့နောက် သူသည် ငါးလုံးတင်ရွာသို့ အပြေးအလွှား သွားလေသည်။

Public Service Announcement

Public Service Announcement

ရဲဘော်အာနိုးသည် အသက်(၂၉)နှစ်အရွယ်ရှိပြီးမုံရွာခရိုင် အမှတ် (၁၅)တပ်ရင်းမှ ဖြစ်သည်။ မိဘများက ငွေကြေးအတန်အသင့်ရှိသည်။ မိဘတွေကလည်း သူ့ကိုအလိုလိုက်သည်။ သူ့အတွက် ငွေရေးကြေးရေး ပူပန်ရန်မလို။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်သူလည်း PDF ထဲဝင်သည်။ ငွေရေးကြေးရေး ပြည့်စုံသူမို့ အဖွဲ့က လိုအပ်တာတွေရှိလာလျှင် သူက တာဝန်ယူချင်သည်။

“အဖွဲ့မှာစားစရာမရှိတော့ဘူးဆိုရင်သူ့အိမ်က စားစရာတွေ ပစ္စည်းတွေ၊ ငွေကြေးတွေ သွားယူတာမျိုး၊စောင်လိုအပ်တယ်ဆိုလည်း သူ့အိမ်က စောင်ယူပြီးတော့ပေးတာ။”ဟု မုံရွာခရိုင် အမှတ် ၁၅ တပ်ရင်းမှ တပ်ရင်းမှူးက ပြောသည်။

ရဲဘော်အာနိုးသည် သူတို့အဖွဲ့တင်မက အခြားအဖွဲ့တွေ လိုအပ်မှုရှိလာလျှင်လည်း သူတက်နိုင်သရွေ့ ကူညီလေ့ရှိသည်ဟု ရဲဘော်အချို့က ပြောသည်။

ရဲဘော်အာနိုးသည် စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားလျှင်လည်း တက်တက်ကြွကြွလိုက်ပါသည်။

“သူအရမ်းပန်းနေလို့ ကျနော်တို့က နားဖို့ ပြောတာတောင်မှ တိုက်ပွဲထဲမပါတာတောင်မှ သူမဖြစ်ဖြစ်အောင် လိုက်လာတာ။”ဟု တပ်ရင်းမှူးက ပြောသည်။

ထိုနေ့ မေလ(၁၅)ရက်နေ့ ညပိုင်းက ချောင်းဦးမြို့နယ်ရှိ ဂျုံရိုးဦးထုပ်များလုပ်ကိုင်ကာ အသက်မွေးဝမ်းကျောင်းသည့် ငါးလုံးတင်ကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးတွေဖြင့် ထုတော့သည်။

ချောင်းဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်မှထုခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “ချောင်းဦးမြို့ပေါ်ကနေထုတာ။ မီးလောင်တဲ့လက်နက်ဖြစ်ဖို့များပါတယ်။”ဟု ဒေသခံတဦးက ပြောသည်။

ထို့နောက် ငါးလုံးတင်ကျေးရွာက နေအိမ်များမှာ မီးစွဲလောင်လေတော့သည်။ ထိုမြင်ကွင်းကို ရဲဘော်အာနိုးက မြင်လိုက်ရသည်။ ရဲဘော်အာနိုး ငါးလုံးတင်ကျေးရွာကို သုတ်ခြေတင်ပြေးတော့သည်။ ပြေးရင်လည်း မီးသတ်ကိုဖုန်းဆက်သည်။ သူတို့တပ်ရင်းကိုလည်း ဖုန်းတွေဆက်သည်။ မီးတွေလာငြှိမ်းကူကြဖို့။

“နေအိမ်တွေမီးလောင်တော့ အော်ဟစ်ပြီး အကူအညီတောင်းသံတွေလည်းကြားတော့ သူကဘေးလွတ်ရာမှာရှိတယ်အဲဒီအချိန်မှာ။ သူကကြားတော့ အဲဒီလူတွေ ဝင်ကူတာ။”ဟု မုံရွာခရိုင် အမှတ် ၁၅ တပ်ရင်းမှ တပ်ရင်းမှူးက ပြောသည်။

ရဲဘော်အာနိုးသည် မီးလောင်သည့်ရွာထဲပြေးဝင်ကာ ပြည်သူတွေကို အခေါက်ခေါက်အခါခါခေါ်ထုတ်​တော့သည်။ မီးငြှိမ်းသတ်ရန် အော်ဟစ်သည်။ ဒဏ်ရာရသူနှင့် ကလေးတွေကို ချီပိုးခေါ်ကာ ရွာပြင်ကယ်ထုတ်သည်။

“နောက်ထပ်တလုံး ဆက်ထုတော့လည်း သူက သူလုပ်စရာရှိတာ ဆက်လုပ်တာပဲ။ ပြည်သူတွေကို ကယ်ထုတ်နေတာပဲ။”ဟု တပ်ရင်းမှူးကပြောသည်။

လက်နက်ကြီး တတိယအလုံး ထုလိုက်ချိန်တွင်တော့ ရဲဘော်အာနိုးရောက်နေသည့်နေရာအနီးက အဆောက်အဦးကို ဝင်မှန်သည်။ လက်နက်ကြီးစက သူ့ညာဘက်ခါးကို မှန်လေသည်။ သို့သော် သူသည် ခြေထောက် ဒဏ်ရာရသည့် ကလေးငယ်တယောက်ကို ခါးထစ်ခွကာ မီးတောက်များကြားမှ ရွာပြင်သို့ ထော့နဲ့ထော့နဲ့ဖြင့် ထွက်လာသည်။ သူရွာပြင်ရောက်တော့ သူတို့အဖွဲ့နှင့် တခြားအဖွဲ့တွေ ရောက်လာသည်။

ရဲဘော်အာနိုးက လက်ထဲက ကလေးကို ရောက်လာသည့် အဖွဲ့တွေဆီမှာအပ်သည်။ ထို့နောက်ဘေးကဘုရားပေါ်ကို တက်သွားသည်။ “ရဲဘော်တွေက မင်းသွေးတွေထွက်နေတာ လို့ပြောတာကို ရတယ်ရတယ် ဘာမှမဖြစ်ဘူးဆိုပြီး ဘုရားသွားကန်တော့တာ။”ဟု တပ်ရင်းမှူးက ပြောပြသည်။

ရဲဘော်အာနိုးသည်ဘုရားတက်ရှိခိုးကာဦးချသည်။ထို့နောက် ပြန်အဆင်းလှေ​ကားရင်းရောက်တော့ ဗိုင်းကနဲ လဲကျသွားတော့သည်။

“အဆင်းကျမှလဲတာ။ သွေးထွက်လွန်သွားတာ။ ဒဏ်ရာကလည်းပြင်းတာပါတယ်။လဲကျတော့မှ ဒဏ်ရာကြည့်တာ။ဒဏ်ရာကတော်တော်များတယ်။ တထွာပတ်လည်လောက်ရှိတယ်။”ဟု တပ်ရင်းမှူးက ပြောသည်။

‎ရဲဘော်အာနိုးသည် ညာဘက် ခါးတွင် လက်နက်ကြီးအစ ထိမှန် ဒါဏ်ရာဖြင့် ည ၁၁နာရီကျော်ခန့်တွင် ကွယ်လွန်သွားခဲ့သည်။ ထိုနေ့ညက ရဲဘော်အာနိုးအပြင် သံဃာ ၁ပါး၊ ပြည်သူဦး၄ဦးပါ အသက်ဆုံးပါးခဲ့ပါသည်။

မုံရွာခရိုင် အမှတ် ၁၅ တပ်ရင်းသည် တပ်ရင်း မဖြစ်ခင်က (၁)ဦး၊ တပ်ရင်း ဖြစ်ပြီး (၁၀)ဦး စုစုပေါင်း ရဲဘော်(၁၁)ဦးအထိ ဆုံးရှုံးခဲ့ရပြီဖြစ်ကြောင်း အဆိုပါတပ်ရင်းက အသိပေးသည်။

ရဲဘော်အာနိုးသည် စစ်ကောင်စီ၏ မတရားမှုကို သူကိုယ်တိုင်လည်း ကြုံခဲ့ရပြီးနောက် လက်နက်ကိုင်ခဲ့သူဖြစ်သည်။ “အဓိကကတော့ သူက ပြည်သူမျက်နှာ ကြည့်တာပါ။ သူ့ဘဝက ပြည့်စုံတဲ့ဘဝပါ။”ဟု တပ်ရင်းမှူးက ပြောသည်။

သူသည် တော်လှန်ရေးအောင်ပြီးလျှင်တော့ ဟိုးယခင်ကလို မိသားစုအပေါ် မဆိုးတော့ဘဲ သူ့မိသားစုနှင့် နေထိုင်ချင်သည့်ဆန္ဒရှိသည်ဟုဖွင့်ဟခဲ့ကြောင်း ရဲဘော်များက​ပြန်​ပြောပြသည်။

“တော်လှန်ရေး ပြီးသွားရင် သူ့အမေနားနေပြီး လိမ်လိမ်မာမာနေမယ် အရင်လိုမဆိုးတော့ဘူးလို့ တဖွဖွပြောတယ်။”ဟု တပ်ရင်းမှူးက ပြောသည်။

ရဲဘော်အာနိုး ဆုံးရှုံးခဲ့ရမှုအတွက် ၎င်းတို့တပ်ရင်းရော အခြားတပ်ရင်းတပ်ဖွဲ့များပါ စိတ်ထိခိုက်ခဲ့သည်။

“မဖြေနိုင်တာပေါ့။ မဖြေနိုင်ပေမဲ့ သူက ပြည်သူတွေအများကြီးကို လွတ်မြောက်အောင် ကယ်နိုင်ခဲ့တာဆိုတော့ သူ့ပေးဆပ်မှုက မွန်မြတ်တယ်လို့ပဲ ပြောချင်တယ်။”ဟု တပ်ရင်း (၁၅)တပ်ရင်းမှူးက ပြောလိုက်လေသည်။ ။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် စစ်ကောင်စီတပ်အထိုင်ချတပ်စွဲထားသော ကျေးရွာတစ်ရွာကို မဟာမိတ်ပူး ပေါင်းအဖွဲ့များနှင့်အတူ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊တပ်ခွဲ(၂)မှတာဝန်ရှိသူတစ်ဦးကပြောသည်။

သတင်း

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်(၈၀)နှစ်ပြည့် မွေးနေ့ဆုတောင်းစကားများကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးရည်မွန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်များက ဆုတောင်းစကား ပြောကြားမှုများ ပြုလုပ်ခဲ့ကြသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်အုပ်စုရဲ့ အိမ်စီးကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်ရာ သုံးပွင့်ဗိုလ်တစ်ဦးအပါအဝင် ၃ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ BRAVE HEART ARMY-BHAရဲ့တာဝန်ရှိသူက​ပြောပါတယ် ။

သတင်း

စစ်ကောင်စီ နှင့် ပူးပေါင်းပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကိုတိုက်ခိုက်နေသည့်ရှမ်းနီတပ်(SNA)မှ ရဲဘော်တစ်ဦးသည်ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF) ကသာခရိုင်အမှတ်(၄)တပ်ရင်းထံလက်နက်ချအလင်းဝင်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာသည်။