Scorpio/People’s Spring
မန္တလေးမြို့တနေရာက ဘုန်းကြီးကျောင်းဝင်းတဝင်းထဲမှာရှိတဲ့ ယာယီတဲအိမ်လေးထဲကနေ အသက် လေးဆယ်အရွယ် မဖြူ(အမည်လွှဲ)တယောက် ခပ်လှမ်းလှမ်းက ပြိုလုလု အဆောက်အအုံတခုကို လှမ်းငေးပြီး ကြည့်နေတယ်။ အဲဒီအဆောက်အအုံကတော့ မဖြူတို့နေခဲ့တဲ့ သုံးထပ် တိုက်လေးဖြစ်ပြီး ပြီးခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးမှာ နောက်ကျွံကျကာ ပျက်စီးသွားခဲ့တာပါ။
မဖြူတို့တိုက်က လုံးဝပြိုကျသွားတာလည်းမဟုတ်၊ လူဆက်နေလို့ကလည်းမရနဲ့ ဖြိုမရဖျက်မရနဲ့ အတော်လေးဒုက္ခရောက်နေရတယ်လို့ သူက ပြောပြတယ်။ “ဆက်နေလို့ကလည်းမရဘူး။ ဖြိုမယ်ဆိုလည်း ဒီခေတ်စျေးနဲ့က ဘယ်လိုမှဒီလိုတိုက် ပြန်မဆောက်နိုင်တော့ဘူး။ ဒါနဲ့ ဘာမှဆက်မလုပ်နိုင်သေးဘူး။”လို့ သူက ပြောပြတယ်။
မဖြူဟာ သူ့တဘဝလုံး ကြိုးစားပန်းစားရှာလာပြီး ချွေးနည်းစာနဲ့ စုဆောင်းဆောက်ထားရတဲ့ဒီတိုက်ကလေးအတွက် အတော်စိတ်ထိခိုက်ခဲ့ရတယ်လို့ သူကပြောတယ်။ “ရှာထားသမျှ ဒီထဲအကုန်ထည့်ပြီး ဆောက်ခဲ့တာဆိုတော့ ဘာမှမရှိတော့ဘူး။”လို့ သူက ပြောတယ်။ မဖြူတို့တိုက်က ငလျင်ကြီးမတိုင်မီ တစ်နှစ်လောက်ကမှ တိုက်သစ်တက်ပွဲ လုပ်ထားခဲ့တာပါ။

Public Service Announcement
မဖြူလိုပဲ ငလျင်ကြောင့် တိုက်ပြို၊ တိုက်ပျက်သွားလို့ ပြန်မပြင်နိုင်သေးတဲ့သူတွေ၊ မဖြိုနိုင်သေးသူတွေ မန္တလေးမြို့မှာ အများကြီးရှိနေပါတယ်။ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးတာ နှစ်လကျော်လာခဲ့ပေမဲ့ ဒီကနေ့အချိန်အထိ အပြိုအပျက် ရှင်းလင်းရေးဟာ မပြီးပြတ်သေးပါဘူး။ ဒါကလည်း စက်ယန္တရားအခက်အခဲအပြင် ငွေကြေးအခက်အခဲကြောင့်လည်း ပါဝင်တယ်လို့ တိုက်ပြိုတဲ့ မြို့ခံတွေက ပြောပါတယ်။
ငလျင်ကြောင့် ပျက်စီးပြီး လူဆက်နေလို့မရတဲ့တိုက်တွေကို ဖြိုဖို့အတွက် ငွေကျပ်သိန်းရာဂဏန်းအထိ ကုန်ကျနိုင်တာကြောင့် မတက်နိုင်သူတွေဟာ အခက်အခဲတွေ့နေကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ငွေကြေးအခက်အခဲကြောင့်ပဲ အချို့နေအိမ်ရှင်တွေဟာ စျေးသက်သာမယ့် လူအင်အားနဲ့ ဖြိုနေကြတာတွေ ရှိပါတယ်။ လူအင်အားနဲ့ဖြိုလို့ပဲ မေလ(၃၁) ရက် ညနေပိုင်းက မန္တလေးမြို့၊ ၂၆ လမ်း၊ လမ်း ၆၀ အနီးက ငလျင်ထိသွားတဲ့တိုက် ဖြိုချခဲ့ရာမှာ အလုပ်သမားတဦးသေဆုံးပြီး တဦးထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သွားရောက်ကယ်ဆယ်ခဲ့သူတွေက ပြောပါတယ်။
“လူနဲ့ဖြိုတာ။ ဖြိုတဲ့သူတွေပါ ပိမိတာ”လို့ရပ်ကွက်ခံ တဦးက ပြောပါတယ်။
မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်က တိုက်ပြိုသွားတဲ့လူငယ်တဦးကတော့ ပြန်ဆောက်ဖို့မပြောနဲ့ ဖြိုဖို့အတွက်တောင် ငွေကြေးအခက်အခဲရှိနေလို့ ရှာဖွေနေရတယ်လို့ သူက ပြောပြတယ်။ “ထွက်လာတဲ့ သံတွေကို ပြန်ရောင်းပြီး ဖြိုတဲ့စရိတ် ပြန်ရှာနေရတယ်။”လို့ သူက ပြောတယ်။
ဖြိုချဖို့ ငွေကြေးခက်ခဲနေသူတွေများတာကြောင့် အပြိုအပျက်တိုက်တွေကလည်း မန္တလေးမှာ အများကြီး ကျန်နေပါသေးတယ်။ ပြိုတော့မယ့်တိုက်တွေကြောင့် အိမ်ရှင်တွေအပြင် ဘေးကအိမ်တွေပါ အခက်အခဲတွေဖြစ်နေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အပြိုအပျက် ရှင်းလင်းပြီးသွားသူတွေကလည်း အများစုက လက်တလော နေအိမ်ပြန်မဆောက်နိုင်ကြသေးပါဘူး။ ရှင်းလင်းပြီးဝင်းလွတ်ထဲမှာ တဲထိုးပြီးနေတာမျိုး၊ အိမ်ငှားနေတာမျိုးတွေနဲ့ နေထိုင်နေကြရတယ်လို့ မြို့ခံတွေက ရှင်းပြပါတယ်။
ပြန်ဆောက်ဖို့ ကြိုးစားနေသူတွေကလည်း ရှိတာလေးထုခွဲရောင်းချတာမျိုးနဲ့ ဆောက်ရမယ့်အခြေအနေရှိတယ်လို့မန္တလေးမြို့ခံတွေကပြောပါတယ်။
တိုက်ပြန်ဆောက်နေတဲ့ အမရပူရက တိုက်ပြိုသူတဦးကတော့ “ဝိုင်းလွတ်တကွက်ရှိတာ ရောင်းလိုက်ရတယ်။ အဲဒီဝိုင်းက ရတဲ့ငွေနဲ့ ပြန်ဆောက်နေတာ။ မဆောက်လို့ကလည်း မရတော့ဘူး။ ရေကလာတော့မှာ။”လို့ တိုက်ပိုင်ရှင် အမျိုးသမီးက ပြောပြတယ်။
လက်တလော မန္တလေးစီးပွားရေးဟာလည်း မနည်းရုန်းကန်နေရတဲ့အနေအထားရှိလို့ နေအိမ်ပြန်ဆောက်ဖို့ ဦးစားမပေးနိုင်သေးဘူးလို့ တိုက်ပြိုလုပ်ငန်းရှင်တွေက ပြောပါတယ်။ “လုပ်ငန်းကအကုန်ရပ်ထားလိုက်ရတာ။ အိမ်ဆောက်ဖို့ကလည်း မဖြစ်နိုင်သေးဘူး။”လို့ အိမ်ပြိုထားတဲ့ စက်မှုလုပ်ငန်းရှင်တဦးက ပြောပါတယ်။
စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေးအပါအဝင် ထိခိုက်ပျက်စီးမှုပမာဏဟာ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံကျော်ရှိကြောင်း ကမ္ဘာဘဏ်ရဲ့ မေလ ၇ ရက်နေ့ကထုတ်ပြန်တဲ့ အစီရင်ခံစာ ဖော်ပြထားပါတယ်။
ပြင်းအားရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိတဲ့ အဲဒီငလျင်ဒဏ်ကြောင့် မြို့နယ်ပေါင်း ၃၃၀ အနက် ၅၇ မြို့နယ်ရှိ လူပေါင်း ၁၇ သန်းကျော် ထိုငလျင်ဘေးကို ထိခိုက်ခံစားခဲ့ရကြောင်း ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်တို့မှာ လူ ၄,၀၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ပြီး အဆောက်အဦးပေါင်းများစွာ ပျက်စီးသွားကာ ပျက်စီးမှုပမာဏမှာ တိုင်းပြည်ကုန်ထုတ်လုပ်မှုတန်ဖိုးရဲ့ ၁၄ ရာခိုင်နှုန်း ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်း တွက်ချက်ထားပါတယ်။
လူနေအိမ်ထိခိုက်ပျက်စီးမှု ၄ ဒသမ ၉၇ ဘီလျံ၊ လူနေအိမ်မဟုတ်တဲ့ အဆောက်အဦများပျက်စီးမှု ၂ ဒသမ ၆၃ ဘီလျံ၊ အခြေခံအဆောက်အအုံပျက်စီးမှု ၃ ဒသမ ၃၆ ဘီလျံကျော်ရှိပြီး မန္တလေး၊ စစ်ကိုင်း၊ ပဲခူးနဲ့ နေပြည်တော်တို့မှာ ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ကြောင်း၊ အချက်လက်ရရှိမှုအကန့်သတ်နဲ့ အခြားမရေရာမှုတွေကြောင့်အမှန်တကယ် ပျက်စီးမှုပမာဏဟာ ပိုများနိုင်တယ်လို့လည်း အစီရင်ခံစာမှာ ရေးသားထားပါတယ်။
မဖြူဟာ ဘုန်းကြီးကျောင်းဝင်းထဲကနေပဲ သူ့ကိုယ်ပိုင်စီးပွားရေးလေးကို ပြန်စနေပါတယ်။ အရောင်းအဝယ်မကောင်းပေမဲ့ ရနိုင်သလောက် ကြိုးစားလုပ်ကြည့်နေတာလို့ သူက ပြောတယ်။ “လက်ရှိကတော့ ဘုန်းကြီးကျောင်းထဲမှာပဲ နေနေရဦးမှာပဲ။”လို့ မဖြူက ရင်ဖွင့်ခဲ့ပါတယ်။


















































