စစ်ကောင်စီ ရဲ့ အကျဉ်းထောင်တွေမှာ ညှင်းပန်းနှိပ်စက်တာ ၊ ဆေးဝါလုံလောက်အောင်ကုသခွင့်မပေးလို့ သေဆုံးတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့အရေအတွက်ဟာ တဖြည်းဖြည်းများလာပါတယ်။ဒီတစ်ပါတ်မှာတော့ နာမည်ဆိုး နဲ့ မကောင်းသတင်းပိုကြီးလာတဲ့ စစ်ကောင်စီရဲ့အိုးဘိုအကျဉ်ထောင်အကြောင်းဆွေးနွေးပါမယ် ။
၂၀၂၁ခုနှစ်၊စစ်အာဏာသိမ်းခံရပြီးတဲ့နောက် စစ်တပ်ရဲ့မန္တလေးနန်းတွင်းက စစ်ကြောရေးစခန်းမှာလူမဆန်အောင်နှိပ်စက်ညှင်းပန်းဖြစ်ရပ်တွေက ကြားရသူအပေါင်းကို စိတ်မသက်မသာဖြစ်စေခဲ့ပါတယ်။
နန်းတွင်းစစ်ကြောရေးခန်းကနေ အသက်မသေရုံတမယ် ဖြတ်ကျော်လာသူတွေဟာ အိုးဘို ထောင်ဝမှာတင် နောက်ထပ်ငရဲခန်းတခုကို ထပ်ဖြတ်ကြရပါတော့တယ်။

Public Service Announcement
●တိုးလာတဲ့ထောင်တွင်းကျဆုံးမှုတွေ
စစ်ကောင်စီက ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့တည်းက ဖမ်းဆီးထောင်ချထားတဲ့ မန္တလေးတိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးဟာ ဇွန်လ ၂၇ ရက်မနက် ၉ နာရီဝန်းကျင်မှာ အိုးဘိုထောင် ထောင်ဆေးရုံမှာ ဆုံးပါးခဲ့ပါတယ် ။ရုတ်တရက် အမောဖောက်လာပြီး မနက် ၇ နာရီခန့်မှာ ထောင်ဆေးရုံကို ပို့ရာမှာ နာရီပိုင်းအကြာမှာပဲ ဆုံးပါးသွားတာပါ။
အလားတူ ဇူလိုင် ၈ ရက်နေ့မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် နိုင်ငံရေးအကျဉ်းသားဦးမြင့်ဝေဟာလည်း အိုးဘိုထောင်မှာ အူအတက်ပေါက်ပြီး ဆုံးပါးခဲ့ရပြန်ပါတယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့ကလည်း NLD ပါတီ ဒုတိယဥက္ကဋ္ဌလည်းဖြစ် ၊ မန္တလေးတိုင်းဝန်ကြီးချုပ်လည်းဖြစ်သူ ထောင်ဒဏ်နှစ်ရှည်ချခံရတဲ့ ကင်ဆာဝေဒနာသည် ဒေါက်တာဇော်မြင့်မောင်လည်းထောင်တွင်းမှာကျန်းမာရေးဆိုးရွားပြီး ကွယ်လွန်ခဲ့ရပါတယ်။
အိုးဘိုထောင်မှာ အကျဉ်းကျနေတဲ့ NLD အစိုးရ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်နဲ့ နိုင်ငံရေးအကျဉ်းသား ကိုစိန်လင်းတို့လည်း ထောင်တွင်း ကျန်းမာရေးဆိုးရွားပြီး ၂၀၂၄ ခုနှစ်မှာပဲ ဆုံးပါးခဲ့ရပါတယ်။
ဒါကြောင့် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ အကျဉ်းထောင်တွေမှာ ကျန်းမာရေးစောင့်ရှောက်မှု လုံလုံလောက်လောက်မပေးတဲ့အတွက် အဖိုးတန်လှတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့အသက်တွေဆုံးရှုံးမှုအပေါ် ဝေဖန်မှုတွေမြင့်တက်လာပါတယ်။
“ဒီသေဆုံးမှုတွေဟာ တဘက်လှည့်ကနေ သတ်ဖြတ်ခြင်းမျိုး အဓိပ္ပါယ်သက်ရောက်မှု ဖြစ်မယ်လို့ ကျနော်တို့အနေနဲ့ သက်မှတ်ချင်တယ်။ ဒါကြောင့်မို့ မသေသင့်ဘဲ သေဆုံးသွားရတဲ့သူအနေနဲ့ ပတ်သက်လာရင်တော့ ဒီထောင်တွေမှာ တာဝန်ကျနေတဲ့ ထောင်အာဏာပိုင်တွေအပါအဝင် ဆရာဝန်တွေအနေနဲ့ သေချာပေါက်ပြန်လည်ဖြေရှင်းပေးရမယ့် ကိစ္စရပ်တွေဖြစ်မယ်လို့ ကြိုတင်ပြီး သတိပေးထားချင်တယ်”လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။
စစ်ကောင်စီလက်အောက်မှာ မန္တလေးအိုဘိုထောင်မှာပဲသေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၅ ဦးရှိပြီးတော့ ၂၀၂၅ ခုနှစ် ခြောက်လအတွင်း ၇ ဦးရှိခဲ့တယ်လို့ကိုသိုက်ထွန်းဦးကပြောပါတယ် ။ လက်တွေ့မှာတော့၁၅ ဦးထက်လည်းပိုနိုင်ပါတယ် ။
လက်ရှိ အိုဘိုးထောင်ရဲ့ထောင်ပိုင်ကြီးက ဦးသိန်းဇော်မောင်ဖြစ်ပါတယ် ။ စစ်တပ်အာဏာသိမ်းစကနေ ၂၀၂၄ မေလအထိတော့ ဦးချိုဝင်းထွန်းကတာဝန်ယူခဲ့တာပါ။ဒီအခြေအနေတွေဟာ စစ်ကောင်စီ ၊အကျဉ်းဦးစီး၊ ထောင်ပိုင်ကြီးအပါအဝင် ထောင်အာဏာပိုင်တွေ ၊ ထောင်ဆေးရုံက ဆရာဝန်တွေ စတဲ့သူတွေမှာတာဝန်ရှိနေပါတယ် ။
ဇူလိုင် ၁၀ ရက်နေ့မှာပဲ နိုင်ငံရေးအကျဉ်းသား တွေဖြစ်သလို အင်းစိန်ထောင်ကနေ အတူ ပြန်လွတ်လာတဲ့ ရွှေညဝါ ဆရာတော် နဲ့ ဆရာမောင်သာချိုတို့ ဟာထောင်တွင်းမှာ ဆေးဝါးကုသမှုလုံလောက်စွာမရလို့ ကျန်းမာရေးအခြေအနေပိုဆိုးခဲ့ရာကနေ တစ်ရက်တည်းကွယ်လွန်ခဲ့ပါတယ်။
ညှင်းပန်းနှိပ်စက်တာ၊အကြမ်းဖက်တာ ၊ဆေးဝါးကုသမှုလုံလောက်စွာမပေးတာဟာ စစ်ကောင်စီလက်အောက်ကထောင်တွေမှာ မတိမ်းမယိမ်းဖြစ်ပေမယ့် အိုးဘိုထောင်မှာနိုင်ကျဉ်းတွေကျဆုံးမှု ဆက် တိုက်တိုးနေတာကတော့အထူးသတိထားစရာဖြစ်လာပါတယ် ။
●နိုင်ကျဉ်းတွေကို ညှင်းပန်းနှိပ်စက်မှုတွေ
ဇွန်လ ၁၂ ရက်နေ့က မုံရွာအကျည်းထောင်ကနေ ပြောင်းလာတဲ့ မုံရွာသပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင်အပါအဝင် နိုင်ငံရေး အကျဉ်းသား တွေဟာအိုးဘိုထောင်ဗူးဝ အဝင်မှာပဲရိုက်နှက် နှိပ်စက်ခံရပါတယ်။ထောင်ပြောင်းရွှေ့ရောက်လာသူတွေကို အကျဉ်းဦးစီးဝန်ထမ်းတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကရာဘာတုတ်၊သစ်သားတုတ်များနဲ့ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြတယ်ပါတယ်။
ကိုဝေမိုးနိုင်ဟာ သံတုတ်နဲ့ ရိုက်နှက်ခံရမှုကြောင့် နဖူးကွဲဒဏ်ရာရရှိခဲ့ပြီး သွေးထွက်လွန်ကာ မဖြစ်မနေဆေးကုသမှုခံယူရမယ့်အခြေအနေထိ ရောက်ခဲ့ပေမဲ့ ထောင်အာဏာပိုင်တွေက ထောင်တွင်းဆေးရုံကို ပို့ဆောင်ကုသပေးခြင်းမရှိခဲ့ဘူလို့ PPNMကဖော်ပြပါတယ် ။
ကိုဝေမိုးနိုင် လိုပဲ သပိတ်ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုမာန်ဇာမြေမွန်လည်း ရိုက်နှက်ခံရပြီး ဆေးဝါးကုသခွင့်မပေးဘဲ သူတို့ ၂ ဦးစလုံးကို သံခြေကျဉ်းခတ်ပြီး တိုက်ပိတ်ခံထားရတယ်လို့ စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစုကလည်းပြောပါတယ်။
“ထောင် ပြောင်းရောက်လာပြီဆိုရင် ထောင်ဗူးဝက နေ အကျဉ်းတိုက်အထိ ရိုက်တာ ရိုးရာလို တောင်ဖြစ် နေပြီ”လို့ နိုင်ငံ ရေးအကျဉ်းသား ဟောင်းတဦး က ပြောပါတယ်။
အိုးဘိုထောင်အတွင်း နိုင်ငံရေးအကျဉ်းသားတွေကို ညှင်းပင်းနှိပ်စက်မှု ဖြစ်စဉ်တစ်ခုကို ပြောပြပါမယ်။ မန္တလေးမြို့အတွင်းမှာ ၂၀၂၁ခုနှစ်အတွင်း တိုက်ပွဲဖော် ဆောင်ခဲ့သူ တွေကို မှတ်မိကြအုံးမယ်ထင်ပါတယ်။မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်အတွင်းက နေအိမ်တခုမှာ တိုက်ပွဲဖြစ်ခဲ့ပြီး မြို့တွင်းမှာ စစ်တပ်က စစ်မြေပြင်မှာလို RPG တွေပါသုံးပြီး တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီဖြစ်စဉ်အပြီး ဆက်စပ်ဖမ်းဆီးခံခဲ့ရတဲ့ PDFတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ဖီးနစ်(လူငယ်ဒါရိုက်တာ)နဲ့အတူ နေအိမ်တခုမှာဖမ်းဆီးခံလိုက်ရတဲ့ရန်ကုန်ပညာရေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂဥက္ကဌဟောင်း ကိုနောင်ထက်အောင်နဲ့ အကျဉ်းသား ၂၀ ဦးခန့်ဟာလည်း ၂၀၂၂ခုနှစ်အတွင်းမှာ ထောင်ဝန်ထမ်း တွေရဲ့ ရိုက်နှက်နှိပ်စက်မှု ကိုခံခဲ့ရတယ်လို့ နိုင်ကျဉ်းဟောင်းတဦး ကပြောပါတယ်။
“အဲဒီတုန်းက ကိုဂျင်မီတို့ လေးဦး သေဒဏ် ပေးခံရတဲ့ကိစ္စကို အစာငတ်ခံ ဆန္ဒပြ နေကြတာ။နောက်ရက်မှာနိုင်ကျဉ်းတယောက်ရဲ့ထောင်ဝင်စာ ပျောက်တဲ့ကိစ္စနဲ့ ဆက်ပြီး ပြသနာဖြစ်ကြတာ။အဆောင်မှူး ဖြေရှင်းမပေးနိုင်ရင် ထောင်ပိုင်နဲ့ပြောမယ်ဆိုပြီး ထိုင် စောင့်နေတာကို ဆန္ဒပြပါတယ်ဆိုပြီး ဝိုင်းရိုက်ကြတာ”လို့ ၂၀၂၄ ခုနှစ်မှာထောင်က ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ကျဉ်းဟောင်းတဦးက ပြောပါတယ်။
အဲဒီဖြစ်စဉ်မှာ အမျိုးသားအိပ်ဆောင်(၂ ) အဆောင်မှုးဦးသိန်းဇော် ဦးဆောင်တဲ့အဖွဲ့က ဒီဖြစ်ရပ်ကိုကျူးလွန်ခဲ့တာလို့နိုင်ကျဉ်းဟောင်းရဲ့ပြောပြချက်အရသိရပါတယ်။
အိုးဘိုထောင်မှာ တခြားထောင်ကနေ ပြောင်းရွေ့လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကို ထောင်ဗူးဝကနေ အိပ်ဆောင်အထိ တောက်လျောက် ရိုက်နှက်တဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်အတွင်းမှာဆိုရင် တောင်ငူထောင်ဖောက်တဲ့ ဖြစ်စဉ်မှာပါဝင်သူတွေ ၊ ညောင်ရွှေထောင်က ပြောင်းလာသူတွေဟာ အဲဒီလို နှိပ်စက်ညှင်းပန်းတာမျိုး ကြုံခဲ့ရလို့သိရပါတယ်။
“ထောင်ဗူးဝက နေအိပ်ဆောင်အထိဆိုရင် ပေ ၆၀၀ လောက် အနည်းဆုံးရှိတယ်။ခြေ ထောက်ကို ဒေါက်ခတ်ပြီး တလမ်းလုံးရိုက်လာတာ”လို့ နိုင်ကျဉ်းဟောင်းတဦးက ပြောပါတယ်။
အဲလိုဝိုင်းဝန်းရိုက်နှက် နှိပ်စက်ပြီး ဆေးကုသခွင့်မပေးသလို ၊ထောင်တွင်းဆေးရုံ ၊ဆေးခန်းတွေကလည်း နိုင်ငံရေးအကျဉ်းသားတွေဆိုရင် ဆေးဝါလိုအပ်လိုသွားပြရင် ဆေးကုန်နေတာ ၊ဆေးမရှိဘူးဆိုပြီး ဆေးကုသခွင့်ကိုငြင်းပယ်ကြတယ်လို့ အိုးဘိုထောင်က ပြန်လွတ်လာတဲ့ နိုင်ကျဉ်းတဦးကပြောပါတယ် ။
●နိုင်ကျဉ်းအမျိုးသမီးတွေလည်း အကြမ်းဖက်ခံရ
ဖိနှိပ်မှု တွေဟာ အမျိုးသား အိပ်ဆောင် တွေဘက်မှာတင်မဟုတ်ဘဲ အမျိုးသမီးအဆောင်တွေမှာလည်းရှိပါတယ်။ဒီထဲက ဖြစ်စဉ်တစ်ခုက မကြာသေးပါဘူး။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ၆ရက်နေ့က တရားရုံးသွားဖို့ စောင့်နေတဲ့ အချုပ်သူ မအိမြတ်နန္ဒာထွန်းဟာတခြားအကျဉ်းသူတဦးကိုနှုတ်ဆက်လို့ဆိုပြီး အထွက်မှာ ထောင်စည်းကမ်းထိန်း မဆုမြတ်(ခ)မြတ်ကြီးဆိုသူက မျက်နှာကိုလက်သီးနဲ့ထိုးပါတယ်။အဲဒီနောက် တံခါးရှေ့ကဆင်ဝင်အောက်မှာ တန်းစီး နှင်းစန္ဒာဦး(ခ)မိန်းမိန်းဆိုသူက အချုပ်သူမအိမြတ်နန္ဒာထွန်းကိုချုပ်ထားထားပြီး မြတ်ကြီးဆိုသူနဲ့ မတင်တင်ချို(ခ)ကိုဒွေးဆိုသူတို့ကဝိုင်းဝန်းရိုက်နှက်ခဲ့ကြတယ်လို့ ထောင်အတွင်းကပေးပို့လာတဲ့သတင်းတွေအရသိရပါတယ်။
အခြားဖြစ်ရပ်တစ်ခုကတော့ပိုဆိုးဝါးပါတယ် ။ အဲဒါကတော့ အိုးဘိုအကျဉ်းထောင်က အမျိုးသမီးအဆောင် တွေမှာ မူးယစ်မှု၊လုယက်မှုတွေနဲ့ ရောက်လာတဲ့ အမျိုးသမီးဖြစ်ပေမယ့် အမျိုးသားအဖြစ် လိင်စိတ်ခံပြောင်းလဲခံယူထားသူတွေကနိုင်ငံရေးအကျဉ်းသူအမျိုးသမီးငယ်တွေကိုလိင်တူအကြမ်း ဖက်မှု တွေကျူးလွန်တယ်ဆိုတဲ့သတင်းထွက်တာပါ။
မူးယစ်မှု၊လုယက်မှုတွေနဲ့ထောင်ကျ နေတဲ့လိင်စိတ်ပြောင်းလဲခံယူသူတွေဟာငလျင်လှုပ်ပြီးတဲ့နောက်ထောင်မကြီးကနေ အမျိုးသမီးယာယီအ ဆောင်ဘက်ကိုပြောင်းလာကြပါတယ်။
အဲဒီနောက်အိုးဘိုအကျဉ်းထောင် အမျိုးသမီးယာယီဆောင်ရဲ့ ထောင်ဦးစီးမှုး နဲ့ ပေါင်းပြီး ထောင်အခန်း တစ်ခန်းယူကာ နိုင်ငံရေးအကျဉ်းသူတွေထဲ က ငယ်ရွယ်သူ တွေကိုလိင်စိတ်ကြွဆေးကြွေးပြီးတော့လိင်အကြမ်းဖက်မှု တွေကျူးလွန်တာလို့ နိုင်ကျဉ်းမိသားစုဝင်တဦးကပြောပါတယ်။
ဒီဖြစ်စဉ်တွေဟာအကျဉ်းထောင်အတွင်းက နိုင်ငံ ရေးအကျဉ်းသား တွေကိုဖိနှိပ်တဲ့ဖြစ်စဉ်တချို့သာရှိသေးဘူးပြီး အကျဉ်းထောင်ထဲမှာ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု များစွာရှိတယ်လို့ ပြန်လည်လွတ် မြောက်လာသူ တွေကပြောပါတယ်။
စစ်တပ်ရဲ့တကျော့ပြန်အာဏာသိမ်းမှုအပြီး မန္တလေးမှာနိုင်ငံရေးအရ ဖမ်းဆီးခံရသူတွေစစ်ကြောရေးမှာ ညှင်းပန်းနှိပ်စက်ခံရတာ ၊ သတ်ဖြတ်ခံရတာတွေမှာ တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ ဗိုလ်မှူးချုပ် သူရိန်ထွန်းကို အာရက္ခတပ်တော် (AA)က ၂၀၂၄ ခုနှစ်မှာ စစ်သုံ့ပန်းအဖြစ် ဖမ်းမိပါတယ်။
သူ မန္တလေးနန်းတွင်းအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မှာတိုင်းဦးစီးချုပ်အဖြစ်တာဝန်ယူချိန်က သပိတ်ခေါင်းဆောင်တွေ၊နိုင်ငံရေးအကျဉ်းသားကို စစ်ကြောရေးနဲ့ထောင်တွင်းကျဆုံးမှုတွေမှာတာဝန်ရှိသူလည်းဖြစ်ပါတယ်။ သူ့ကို ရခိုင်စစ်မြေပြင်မှာ ဖမ်းမိပြီးနောက် AA ရဲ့ စစ်သုံ့ပန်းအဖြစ် လက်ရှိမှာတော့ တရားစီရင်တာကို ရင်ဆိုင်နေရပါပြီ။
ဒါအပြင် ထောင်တွင်းလူ့အခွင့်အရေးချိုးဖောက်မှုတွေမှာပါဝင်ပတ်သက်တဲ့ ထောင်အာဏာပိုင်တွေ ၊ ထောင်ဝန်ထမ်းတွေလည်း ကျုးလွန်ခဲ့တဲ့ လုပ်ရပ်တွေအတွက် တာဝန်ခံကြရမှာဖြစ်တယ်လို့ နိုင်ကျဉ်းအသိုင်းအဝိုင်းကဆိုပါတယ်။
မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်ကတော့ ” ပြည်သူလူထုအနေနဲ့ ထောင်ထဲကသတင်းတွေကို အမြဲမပြတ်နားစွင့်ပေးနေကြဖို့ ၊မဟုတ်တာလုပ်လို့ရှိရင် ဖိနှိပ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဘက်က ရပ်တည်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။”လို့ တောင်းဆိုထားပါတယ်။


















































