Connect with us

Hi, what are you looking for?

ဆောင်းပါး

ပင်စင်စားတွေအတွက် စစ်ကောင်စီပေးတဲ့ ဒုက္ခ

အသက် ၇၅ ဝန်းကျင်အရွယ် ဦးမြင့်(အမည်လွှဲ)ဟာ ထီးလေးတချောင်းကိုင်ပြီး ရန်ကုန်က မြို့နယ်တခုရဲ့လဝကရုံးထဲ ယောင်ယောင်နနနဲ့ ဝင်လာခဲ့တယ်။ စားပွဲတစ်လုံးမှာ ထိုင်နေတဲ့ ဝန်ထမ်းတစ်ယောက်ဆီ မှတ်ပုံတင်ပေးရင်း စမတ်ကတ်လုပ်ဖို့ လိုအပ်တာတွေမေးတယ်။ ၂ ယောက်လုံး ခေါင်းတွေကုတ်နေကြတယ်။

စမတ်ကတ်လုပ်နေကြသည့် ပင်စင်စား သက်ကြီးရွယ်အိုများအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ

Scorpio/People’s Spring

အသက် ၇၅ ဝန်းကျင်အရွယ် ဦးမြင့်(အမည်လွှဲ)ဟာ ထီးလေးတချောင်းကိုင်ပြီး ရန်ကုန်က မြို့နယ်တခုရဲ့လဝကရုံးထဲ ယောင်ယောင်နနနဲ့ ဝင်လာခဲ့တယ်။ စားပွဲတစ်လုံးမှာ ထိုင်နေတဲ့ ဝန်ထမ်းတစ်ယောက်ဆီ မှတ်ပုံတင်ပေးရင်း စမတ်ကတ်လုပ်ဖို့ လိုအပ်တာတွေမေးတယ်။ ၂ ယောက်လုံး ခေါင်းတွေကုတ်နေကြတယ်။

စမတ်ကတ်လုပ်တဲ့သူတွေကြုံနေကျအတိုင်း မိဘနာမည်တွေမှားနေတာပါတဲ့။ကွယ်လွန်သွားကြပြီဖြစ်တဲ့ ဦးမြင့်မိဘနှစ်ပါးတွေရဲ့ မှတ်ပုံတင်တွေ၊ အိမ်ထောင်စုစာရင်းတွေက ဒီမြို့နယ်က မဟုတ်တော့ ဦးမြင့် အခက်ကြုံရပြီ။

“သက်ကြီးရွယ်အိုတွေကို သက်သက်ဒုက္ခပေးတာ”လို့ အဆိုပါမြင်ကွင်းကို မြင်လိုက်တဲ့အမျိုးသမီးတဦးက​​​ဒေါသသင့်​နေတဲ့အသံနဲ့ပြောပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်း စစ်တပ်ဟာ တော်လှန်ရေးအားကောင်းတဲ့ဒေသတွေက လက်နက်မဲ့ပြည်သူတွေကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေသလို မြို့ပေါ်က ပြည်သူတွေကိုလည်း နည်းမျိုးစုံနဲ့ နှိပ်စက်လေ့ရှိတယ်။ဒီတခါအလှည့်ကျလာတာကတော့ ပင်စင်စား သက်ကြီးရွယ်အိုတွေပါ။ပင်စင်စား သက်ကြီးရွယ်အိုတွေ စမတ်ကတ် လုပ်ကြဖို့ သတိပေးလိုက်တဲ့ စစ်ကောင်စီရဲ့ ကြေညာချက်ကြောင့်ပါ။

ပင်စင်စား သက်ကြီးရွယ်အိုတွေဟာ ကိုယ့်ပင်စင်လစာလေးကိုတောင် မြန်မာ့စီးပွားရေးဘဏ်မှာ ကျားကုတ်ကျားခဲ သွားထုတ်နေကြရတာပါ။ တချို့ဆို ကျန်းမာရေးအရ ဘဏ်တောင်မသွားနိုင်တော့လို့ ကိုယ်စားလှယ်နဲ့ လွှတ်နေရတာပါ။ အခုတော့ စစ်ကောင်စီက ပင်စင်စား သက်ကြီးရွယ်အိုတွေကို စမတ်ကတ် ဇွတ်လုပ်ခိုင်းနေလို့ ပင်စင်စားတွေ ဒုက္ခရောက်နေကြောင်း ပင်စင်စားမိသားစုဝင်တွေက ပြောပါတယ်။

“ဌာနကပေးထားတဲ့စမတ်ကတ်နဲ့တင် လုံလောက်နေတာကို သက်သက်ဒုက္ခပေးတာ”လို့ ပင်စင်စား မိသားစုဝင်တဦးက ပြောပါတယ်။

ဦးမြင့်လိုပဲ စစ်ကောင်စီရဲ့ စမတ်ကတ် သက်မှတ်ချက်ကြောင့် လဝကရုံးမှာ သက်ကြီးရွယ်အို ပင်စင်စားတွေ အများအပြား စမတ်ကတ် လာလုပ်နေကြရတယ်လို့ လဝကရုံးရောက်ခဲ့တဲ့အမျိုးသမီးတဦးက ပြောပါတယ်။

သက်ကြီးရွယ်အိုတွေဟာ စမတ်ကတ်လုပ်ဖို့ ကိုယ်တိုင်တဦးတည်း လာသူတွေရှိသလို သားသမီးမြေးတွေက လိုက်ပို့တာတွေလည်း ရှိပါတယ်။ အဲဒီအခါမှာ လဝကရုံးတွေက ဝန်ထမ်းတွေရဲ့ မချေမငံဆက်ဆံခံရမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကိုယ်တွေ့ကြုံသူတွေက ပြောပြပါတယ်။

“အဘိုးအဘွားတွေကိုအော်လားငေါက်လားနဲ့။ နာမည်မှားလို့ပြင်ဖို့ကိုလည်းရစ်နေတာ။ မျက်နှာကလည်း၈ခေါက်ချိုးနဲ့ တော်တော်ကိုစရိုက်တွေ”လို့ အဲအမျိုးသမီးတဦးက ပြန်ပြောပြပါတယ်။

ဒါ့အပြင် မှတ်ပုံတင်ထဲက အချက်အလက်နဲ့ လဝကရုံးက ကွန်ပြူတာထဲမှာရှိတဲ့အချက်အလက်မတူညီခဲ့ရင် ပြဿနာက စပါပြီ။ နာမည်တစ်လုံးလွဲတာ၊ နံပါတ်လွဲတာ စတဲ့အလွဲတွေ ကြုံရပါပြီ။ ကိုယ်မှတ်ပုံတင်လုပ်ခဲ့တဲ့ မြို့နယ်ရုံးကို ပြန်ဆက်သွယ်ပြီး ပြင်ခိုင်းတာတွေ လုပ်ခိုင်းတယ်။ တိုက်ပွဲတွေဖြစ်ပွားနေလို့ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးကို ရောက်နေတဲ့ စစ်ရှောင်ပင်စင်စားတွေဆိုရင် အခက်အခဲတွေ တွေ့လာတယ်။ အဲဒီအခါ စမတ်ကတ်က ချက်ချင်းမရတော့ဘဲ လ ချီ စောင့်ဆိုင်းရလေ့ရှိတယ်လို့ စမတ်ကတ်လုပ်နေသူတွေက ပြောပါတယ်။

“ပင်စင်ထုတ်ရတာတောင် သူတို့ခမျာ မနည်းထွက်ရရှာတာ။လဝကရုံးအကြိမ်​ကြမ်သွားရဦးမယ်”လို့ ပင်စင်စားမိသားစုဝင်တဦးက ပြောပါတယ်။

ရုံးကို မဖြစ်ဖြစ်အောင်သွားပြီး စမတ်ကတ်လုပ်နေရတဲ့ သက်ကြီးရွယ်အိုတွေရှိသလိုအိပ်ရာဖျာကပ်ဖြစ်လို့ မလာနိုင်တဲ့ သက်ကြီးရွယ်အို ပင်စင်စားတွေလည်း အများကြီး ရှိနေပါတယ်။ လေဖြတ်နေလို့၊ ချော်လဲထားလို့၊ အောက်ပိုင်းသေနေလို့ စတဲ့ ပင်စင်စား ရောဂါ​သည် သက်ကြီးရွယ်အိုတွေဟာ စမတ်ကတ်အတွက် စိတ်ပူနေရတယ်လို့ မိသားစုဝင်တွေက ပြောပြပါတယ်။

ပင်စင်စားတွေက ကျန်းမာရေးမကောင်းတာများတယ်။ တော်တော်ဒုက္ခရောက်ပါတယ်။ဘဏ်ကထုတ်ပေးတဲ့ပင်စင်ကတ်နဲ့ လူကိုယ်တိုင်ထုတ်/လွဲစာနဲ့ထုတ်နေတာ မှတ်ပုံတင်တောင် မပြရပါဘူး။ ဒါကိုထပ်ပြီး စမတ်ကတ်လုပ်ခိုင်းနေတယ်။”လို့ ပင်စင်စား အမျိုးသားကြီးတဦးက ပြောပါတယ်။

ဒါ့အပြင် ပင်စင်စားတွေဟာ အသက်အရွယ်အရ မျက်စိမကောင်းတော့လို့ မျက်စိခွဲထားကြသူတွေပါတာကြောင့် မျက်လုံး Scan ဖတ်လို့အဆင်မပြေတာ၊ လက်ဗွေတွေမပေါ်တာတွေ ဖြစ်ပေါ်နေတယ်လို့ ပင်စင်စား သားသမီးတွေက ပြောပါတယ်။

စစ်ကောင်စီကတော့ အ​ငြိမ်းစားတွေရဲပင်စင်လစာတွေကို လိမ်လည်ထုတ်ယူတာတွေ မလုပ်နိုင်ဖို့နဲ့ လူပုဂ္ဂိုလ်မှန်ကန်မှု ရှိမရှိ စိစစ်နိုင်ဖို့ စမတ်ကတ်လုပ်ခိုင်းတာလို့ ဆိုပါတယ်။

“အ​ငြိမ်းစားလောကမှာပင်စင်လစာလိမ်ထုတ်တယ်ဆိုတာ တခါမှ မကြားဖူးသေးဘူး”လို့ ပင်စင်စား တစ်ဦးက ပြောပါတယ်။

နောက်ထပ် သံသယဝင်စရာ အကြောင်းတခုလည်း ရှိနေပါသေးတယ်။စမတ်ကတ်လုပ်တဲ့အခါ လက်ဗွေပါယူတာမို့ စစ်ကောင်စီက လုပ်မယ့် ရွေးကောက်ပွဲဟာ အီလက်ထရောနစ်စနစ်နဲ့ မဲပေးတဲ့စနစ် လုပ်မယ်လို့ ဆိုထားတာကြောင့် ပင်စင်စားတွေရဲ့ လက်ဗွေတွေကို တလွဲအသုံးချမှာ စိုးရိမ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက ထင်မြင်နေကြပါတယ်။

မြန်မာနိုင်ငံမှာ ပင်စင်စားဦးရေ တစ်သန်း နီးပါးရှိတယ်လို့ သိရပါတယ်။ အဲဒီတစ်သန်းနီးပါးဟာ အာဏာသိမ်းစစ်ကောင်စီတပ်ပေးတဲ့ဒုက္ခကို ခံစားနေကြရပါတယ်။

“သူ့ဘာသာ အဆင်ပြေနေတာကို သွားရှုပ်တာ”လို့ ပင်စင်စားမိသားစုဝင်တဦးကငြီးငြူလိုက်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။