Connect with us

Hi, what are you looking for?

ဆောင်းပါး

စစ်ကောင်စီတပ်ထံကနေ နှစ်​ကြိမ်တိုင် ထွက်ပြေးခဲ့ရသူ

ပျူစောထီးတွေက သုံးဘီးပေါ်ပါ ကုန်တွေကိုကြည့်ရင်း “မင်းက သူပုန်ကို ထောက်ပံ့တာလား။ မင်း PDF ကို ထောက်ပံ့မယ့် ပစ္စည်းတွေမဟုတ်လား”ဆိုပြီး ကိုသိန်းကို သုံးဘီးပေါ်ကဆွဲချပါတော့တယ်။

Scorpio/People’s Spring

အသက် ၃၀ နှစ်ပဲ ရှိသေးတဲ့ ကိုသိန်းဟာ မကွေးတိုင်းထဲကပါ။ ကိုသိန်းက သုံးဘီးလေးတစ်စီးနဲ့ ကုန်တွေပို့တယ်။ စျေးရောင်းပါတယ်။ ဒီနှစ် ၂၀၂၅ နှစ်ဆန်းပိုင်းတုန်းက စလင်းမြို့ဘက်ကနေ သုံးဘီးနဲ့ ကုန်ပို့အပြန်မှာ လမ်းတနေရာအရောက် လက်နက်ကိုင် ပျူစောထီးအဖွဲ့က တားပါတယ်။ သုံးဘီးကို စစ်ဆေးဦးမယ်ဆိုပြီးတော့ စစ်ဆေးတယ်။ သုံးဘီးပေါ်မှာ စျေးကုန်ပစ္စည်းနည်းနည်းပါတယ်။ ရပ်ရွာမှာရောင်းမယ့် မုန့်ပဲသားရည်စာလေးတွေပါတယ်။ အဲဒီမှာ ပျူစောထီးတွေက သုံးဘီးပေါ်ပါ ကုန်တွေကိုကြည့်ရင်း “မင်းက သူပုန်ကို ထောက်ပံ့တာလား။ မင်း PDF ကို ထောက်ပံ့မယ့် ပစ္စည်းတွေမဟုတ်လား”ဆိုပြီး ကိုသိန်းကို သုံးဘီးပေါ်ကဆွဲချပါတော့တယ်။

ဆွဲချပြီး ကိုသိန်းခန္ဓာကိုယ်ပေါ်ကို ရှာတယ်။ ရှာတော့ ပစ္စည်းအပို့က အပြန်ဆိုတော့ ပိုက်ဆံနည်းနည်းပါးပါးပါတယ်။ ၈ သိန်း ၉ သိန်း လောက်ပါတယ်။ ငွေတွေနဲ့ဖုန်းကို ပျူစောထီးအဖွဲ့က ဆွဲယူထားလိုက်တယ်။ “ပြန်ပေးမယ်လို့ပြောခဲ့ပေမဲ့ သင်တန်းရောက်တဲ့အထိတစ်ခုမှ ပြန်မရပါဘူး”လို့ ကိုသိန်းက ပြောပြတယ်။ အဲဒီနောက် စျေးသည်လေး ကိုသိန်းဟာ မကွေး−နတ်မောက် ကားလမ်းဘေးကတမခ (၈၈)ထဲပါသွားပါတော့တယ်။

အဓမ္မဖမ်းဆီးစစ်သားစု​ဆောင်းခံခဲ့ရပြီး ၂ ကြိမ်တိုင်ထွက်​ပြေးခဲ့ရတဲ့ကိုသိန်း / မကွေးတိုင်း မင်းဘူးမြို့နယ်တွင် ယမန်နှစ်အတွင်းက စစ်မှုထမ်းပါသွားသည့် လူငယ်များအား တွေ့ရစဥ်။ ဓာတ်ပုံ- စကစ

တပ်ထဲရောက်အပြီး မြေပြင်ဆင်းရချိန် သူစိတ်ထိခိုက်ရတယ်။ ဘာလို့လဲဆိုတော့ စစ်ကောင်စီတပ်တွေက သူ့ရွာကို မီးဝင်ရှို့ခဲ့လို့ပါပဲ။ “ကျနော့်ရွာမီးရှို့တော့ ကုန်းပေါ်ကနေ ငေး ကြည့်နေခဲ့ရတယ်။”လို့ ကိုသိန်းက ပြောပြတယ်။

Public Service Announcement

Public Service Announcement

ကိုသိန်းတို့ကို တမခ (၈၈)ကနေတဆင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျိုင်းတောင်းမြို့မှာရှိတဲ့ အမှတ်(၃) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (ကျိုင်းတောင်း)ကို ထပ်ပို့ခဲ့ပါတော့တယ်။

ကိုသိန်းတို့တတွေ တပ်ထဲရောက်လာတဲ့သူ အချင်းချင်း ရင်ဖွင့်ကြမေးကြမြန်းကြတယ်။ အားလုံးက ကိုယ့် စိတ်ဆန္ဒရှိလို့ ရောက်လာကြသူတွေ မဟုတ်ဘူး။ သက်သက် အဓမ္မဆွဲခံရလို့ ရောက်တဲ့သူတွေများတယ်။ ပေါ်တာအဆွံခံလိုက်ရတဲ့သူ ဘယ်လောက်တောင် များသလဲဆိုရင်သင်တန်းကျောင်းကို လူစာရင်းပေးတဲ့အခါမှာ သူတို့အပတ်စဥ် ၁၀ ထဲမှာကို ၂၃၅ ယောက်မှာ ၁၈၀ လောက်က အဓမ္မအဖမ်းခံလိုက်ရတဲ့သူတွေ ဖြစ်နေတယ်လို့ ကိုသိန်းက ပြောတယ်။

အရာရှိတွေကတော့ ကိုသိန်းတို့ကို မတရားဖမ်းဆီးခဲ့တဲ့သူတွေကို ဥပဒေအရ ပြန်ပြီးအပြစ်ပေးမယ်လို့ပြောတယ်။ “ဒါပေမဲ့ ကျနော်တို့ ခုချိန်ထိသာရောက်သွားတယ်။ ဟိုလူတွေက အစားမပျက် အသောက်မပျက် အနေအထိုင်မပျက်ဘဲ ခုချိန်ထိ သူတို့နေရာမှာသူတို့ ဆက်ရှိနေတယ်။”လို့ ကိုသိန်းက ပြောပြတယ်။

မတရားအဖမ်းခံခဲ့ရတော့ ကိုသိန်းတို့တတွေ ကျိိုင်းတောင်းသင်တန်းကျောင်းမှာ မပျော်ကြပါဘူး။ ပြေးဖို့လည်း ကြိုးစားကြတယ်။ တော်တော်များများလည်း ပြေးကြပါတယ်။

ကိုသိန်းဟာ ထွက်ပြေးချင်ပေမဲ့ ပထမတော့ ကြောက်နေခဲ့တယ်။ ဘာလို့လဲဆိုတော့ စစ်ကောင်စီက သူတို့ကို ကျည်နှစ်တောင့်လောက်ပါရင်တောင် မင်းတို့ကို ထောင် ၃ နှစ် ချလို့ရတယ်လို့ ခြိမ်းခြောက်ထားလို့ပါ။ ဒါ့အပြင် “မင်းတို့က တရုတ်မ ဘောင်းဘီမြင်ရင်တောင် ကြောက်နေရမဲ့ကောင်တွေ”လို့ ပြောတယ်။

ဒါပေမယ့် သူအရဲစွန့်ပြီး တခါပြေးခဲ့ပါတယ်။ ဒါပေမဲ့ ပြန်အဖမ်းခံခဲ့ရတယ်လို့ သူက ပြောပြတယ်။

ဘာကြောင့်လဲဆိုတော့ သင်တန်းကျောင်းတဝိုက်က ရွာတွေမှာ ရွာသားတွေအကုန်လုံးကို စစ်တပ်က မှာထားတယ်။ ထွက်ပြေးစစ်သားတွေ ဖမ်းပေးရင် တစ်ယောက်မိ ၂ သိန်း ဆုချမယ်ဆိုပြီး။ အဲဒီမှာ လူဖမ်းပွဲတွေ စပါတော့တယ်။ သင်တန်းသားတွေထွက်ပြေးတယ်။ ဖမ်းကြတယ်။ စစ်တပ်ဆီပြန်အပ်တယ်။

“ကျနော်တို့ကို ဖမ်းမိရင် နှစ်သိန်းဆုချပါတယ်။ ၅ ယောက်ဆို ၁၀ သိန်း။ ကျနော်ဖမ်းမိတုန်းကဆိုရင် ၄ ယောက်၊ ၈ သိန်း တန်းထုတ်ပေးလိုက်တယ်။ ဖမ်းမိတဲ့သူတွေကို”လို့ ကိုသိန်းက ပြောတယ်။ ကိုသိန်းတို့ဟာ သားကောင်ဘဝရောက်ခဲ့တယ်။

“ကျနော်တို့ ထွက်ပြေးရင် သူတို့က ငွေအိုးပဲ။ သူတို့ငွေရပြီပဲ။”လို့ ကိုသိန်းက ပြောပြတယ်။

ဒါကြောင့် အဲဒီမှာပြေးတဲ့သူအများစုက မလွတ်နိုင်ပါဘူး။ “ဘာလို့မလွတ်နိုင်လဲဆိုရင် ကျနော်တို့က ရွာထဲကလူတွေ့ရင်ကို ကြောက်နေရပြီ။ ဘယ်သူတွေ့တွေ့ ရွာထဲကလူတွေ့ရင်ကို သူတို့ကို ဖမ်းတော့တာပါပဲ။”လို့ ကိုသိန်းက ပြောပြတယ်။ ဒါကြောင့် သင်တန်းကျောင်းကနေ ထွက်ပြေးမယ်ဆိုရင် လူတွေ့မခံဖို့ ကိုသိန်းက မှာပါတယ်။

အဲဒီနောက် ကိုသိန်းတို့ကို သင်တန်းပေးတယ်။ သင်တန်းပြီးသွားတော့ မိခင်တပ်ရင်း ၁၄၇ကိုပို့တယ်။ ၁၄၇ ဆိုတာ ပျက်စီးသွားတာကြာပြီ။ တပ်ကနာမည်ပဲကျန်တာ။ တပ်မကျန်ဘူး။ တန့်ယန်းဗျူဟာမှာ ခဏထားတယ်။ နောက်ရောက်တဲ့ ပြည်သူ့စစ်တွေနဲ့ပေါင်းပြီး တောင်ခမ်းကို ပို့လိုက်တယ်။ အင်အား ၉၃ ယောက် ရှိတယ်။ ဗိုလ်ကြီး ၅ ယောက် ဗိုလ်မှူး ၁ ယောက်။ “ဗိုလ်ကြီးတစ်ယောက်ကတော့ ထွက်ပြေးတယ်လို့ သူတို့ပြောတာပဲ။ ၄ ယောက်ပဲ ပါလာတယ်။”လို့ ကိုသိန်းက ပြောတယ်။

တောင်ခမ်းမှာ ကိုသိန်းက ရှေ့ပွိုင့်ကင်းတာဝန် ယူရတယ်။ ဗျူဟာကို မနှောင့်ယှက်အောင်ဆိုပြီး။ တောင်ခမ်းရောက်တာ တစ်လကျော်ပြီ။ သူတို့ကိုပို့လိုက်တဲ့ ဆွဲခံရတဲ့သူတွေက နဂိုစိတ်ဓါတ်ကျနေတာတွေရှိတယ်။ စစ်ကောင်စီက ကိုသိန်းတို့လို တပ်သားသစ်တွေကို ဘာနဲ့သွေးထိုးဖြားယောင်းသလဲဆိုတော့ “ဒီကိုရောက်လာတာ မင်းတို့ လုပ်ပိုင်ခွင့်အပြည့်ရှိတယ်။ ရွာထဲဝင်ရင် မင်းတို့ သူဌေးဖြစ်နိုင်တယ်။ ကြိုက်ရာပစ္စည်းကို ယူပိုင်ခွင့်ရှိတယ်။” လို့ ပြောတယ်။

သူတို့စစ်တပ်သွားထိုင်တဲ့နေရာ ရွှေမုဌောရွာဆိုရင် အိမ်တွေကို ရိုက်ဖွင့်တယ်။ အဲအထဲက လိုချင်တဲ့ပစ္စည်းကိုယူ။ အပြစ်မရှိဘူး။ ဥပဒေမရှိဘူး။ လုံးဝခွင့်လွှတ်တယ်။ တချို့ကျတော့လည်း မထူးဘူးဆိုတဲ့အနေနဲ့ ပျော်မွေ့နေတာရှိတယ်လို့ ကိုသိန်းက ပြောပြတယ်။

ရွေမုဌောရွာကိုရောက်တော့ ပြည်သူတွေကတော့ မရှိတော့ဘူး။ စစ်ကြောင်းကအရာရှိက ရွာထဲမှာ လူတွေ့ရင် ပစ်သတ်ဆိုပြီး တခါထဲ အမိန့်ထုတ်လိုက်တယ်။ မကြာပါဘူး။ ရွာထဲလာတဲ့ ယောကျာ်းသားနှစ်ယောက် အသတ်ခံလိုက်ရတယ်။

“သင်တန်းကျောင်းမှာတော့ ရွာထဲမှာ ဘာမလုပ်ရဘူးညာမလုပ်ရဘူး ပြောတယ်။ ဒါပေမဲ့ လက်တွေ့ကျင့်သုံးနေတာနဲ့တော့ တခြားစီပါပဲ။”လို့ ကိုသိန်းက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်အောက်က မြို့တွေမှာနေတဲ့လူငယ်တွေကိုလည်း သတိရိယ အများကြီးထားဖို့ လိုတယ်လို့ သူက သတိပေးတယ်။ ဘာလို့လဲဆိုရင် လက်ရှိ အိမ်ပေါ်တွေအထိ တက်ဆွဲတဲ့ဒေသတွေ ရှိနေတယ်လို့ သူက ပြောပြတယ်။

“ဟိုမှာသင်တန်းသားတွေမေးကြည့်တယ်။ အိမ်ထဲမှာ တံခါးပိတ်ထားတာတောင် ရိုက်ဖွင့်ပြီး ဝင်ဆွဲခံရတဲ့ အခြေအနေထိ ကြုံတွေ့ခဲ့ရတယ်။ အဲဒီတော့ လမ်းပေါ်သွားတာလာတာတွေကိုလည်း အရမ်းဂရုစိုက်ဖို့ လိုပါတယ်။”လို့ ကိုသိန်းက သတိပေးတယ်။

စစ်ကောင်စီဟာ ပေါ်တာဆွဲတဲ့အခါ အသက်အပိုင်းအခြားလည်း မရှိပါဘူး။ ပိုပြီးဆိုးတာက ပေါ်တာဆွဲတဲ့အခါ ကျန်းမာရေးမကောင်းတဲ့သူတွေကိုပါ ချန်မထားဘဲ ဆွဲနေတယ်လို့လည်း ကိုသိန်းက ပြောပြပါတယ်။

“လက်ရှိ ကျနော်ကျောင်းဆင်းခဲ့တဲ့ နေရာမှာဆို ပိုလီယိုသမားတောင် ပါပါတယ်။ ပိုလီယိုသမားဆိုရင် သေနတ်နှစ်လက်ကို မထမ်းနိုင်ပါဘူး။ ဒါပေမဲ့ အဲပုဂ္ဂိုလ်လွှတ်ပေးသလား​မေးရင် လွှတ်မပေးပါဘူး။”လို့ ကိုသိန်းက ဆိုပါတယ်။

နောက်ပြီး ကိုသိန်းတွေ့ခဲ့တဲ့အထဲမှာ စိတ်ကျန်းမာရေး မကောင်းတဲ့သူတဦးတောင် ပါပါတယ်။ လုံးလုံး စိတ်မနှံဘူး။ ဘာဆိုဘာမှ မသိတော့တာ။ ဒါပေမဲ့ အဲဒီပုဂ္ဂိုလ်ကိုလည်း ကြိုးတုပ်လိုက်၊ ခြောက်ပေါက်ထဲထည့်လိုက်နဲ့ ဒီလိုပဲ ရှင်သန်နေရတာပဲလို့ ကိုသိန်းက ပြောတယ်။ ကိုသိန်း အကြီးအကဲတွေကို မေးကြည့်တယ်။ ဘာမှအကျိုးမရှိဘဲ အဲဒီတစ်ယောက်ကို ဘာလို့ထားနေရသေးတာလဲဆိုပြီး။ အကြီးအကဲက ဖြေပါတယ်။ “လူဦးရေစာရင်း တင်ပြီးသားမို့လို့”လို့ပါတဲ့။

ဒါ့အပြင် စစ်မှုထမ်း အဖမ်းခံရသူတွေထဲ မိန်းကလေးတွေပါ ပါနေတယ်လို့ သူက ပြောပါတယ်။ “မကွေးတိုင်းမှာ မိန်းကလေးတွေပါ စစ်မှုထမ်းအဆွဲခံနေရတယ်”လို့ ကိုသိန်းက ပြောပါတယ်။

အဲဒီလို ဖရိုဖရဲ စစ်တပ်ကြီးကနေ ကိုသိန်းထွက်ခွာခွင့်ရဖို့ အကြောင်းဖန်လာခဲ့တယ်။ ဇွန်လထဲမှာပဲ ကိုသိန်းတို့ရောက်နေတဲ့ တောင်းခမ်းကနေ နောင်ချိုကို ထိုးစစ်ထိုးနေချိန် စစ်ကောင်စီတပ်သားတွေ အများအပြား ထွက်ပြေးခဲ့ကြတယ်။ ထွက်ပြေးကြသူတွေထဲမှာ စစ်မှုထမ်း တပ်သားသစ်တွေလည်း အများအပြားပါဝင်ပြီး လက်နက်အပြည့်အစုံနဲ့ ဓနုလွတ်မြောက်ရေးတပ်တော်(DPLA)ဆီမှာ အလင်းဝင်လာကြတယ်လို့ DPLAက ထုတ်ပြန်ပါတယ်။

အဲဒီအထဲ ကိုသိန်းလည်း ပါဝင်ခဲ့တယ်။ ကိုသိန်းဟာ ကင်းကျနေတုန်းထွက်ခဲ့တာဆိုတော့ သေနတ်တစ်လက်ရယ်၊ ကျည် တစ်ရာရယ်၊ ဘောက်လေးဘောက်ရယ် ယူလာခဲ့တယ်။ ကျည်ကာတို့ ဖိနပ်တို့ကတော့ လွှင့်ပစ်ခဲ့တယ်။ “တော်လှန်ရေးရဲဘော်တွေအတွက်အသုံးလိုမယ့်ပစ္စည်းတွေပဲ ယူလာလိုက်တယ်။”လို့ ကိုသိန်းက ပြောပြတယ်။

ကိုသိန်းတို့တတွေ အခုတော့ စစ်ကောင်စီတပ်ထဲကနေ လွတ်မြောက်ခဲ့ပါပြီ။ အလင်းဝင်လာမယ့် ရဲဘော်တွေအနေနဲ့ “သူတို့(စစ်ကောင်စီ)နားရိုက်သလို ပြောသလိုကြီး မကြောက်ရွံ့ပါနဲ့”လို့ သူက ပြောလိုက်ပါတယ်။

https://www.facebook.com/LuduNwayOo/videos/1561103438632723

ရုပ်သံ-DPLA

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်မှုထမ်းဖို့အတွက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးထားသူ ၇ဦး ထွက်ပြေးလွတ်မြောက်လာတဲ့အတွက် ကူညီစောင့်ရှောက်ထားတယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

​အရင်က ကျေးလက်ဒေသတွေ၊ မြို့ငယ်တွေနဲ့ တိုင်းရင်းသားဒေသတွေမှာသာ ကြားလေ့ရှိတဲ့ "ပေါ်တာဆွဲတယ်" ဆိုတဲ့ ကြောက်မက်ဖွယ် စကားလုံးဟာ အခုဆိုရင် ရန်ကုန်မြို့ပြကြီးရဲ့ နေအိမ်တွေထဲအထိ ဝင်ရောက်လာပြီး ဧည့်ခန်းမှာ မိန့်မိန့်ကြီး နေရာယူလိုက်ပါပြီ။ မိဘတွေဟာ ကိုယ့်အိမ်ထဲမှာတင် ကိုယ့်သားသမီး ဘယ်အချိန် အဖမ်းခံရမလဲဆိုတဲ့ သောကနဲ့ ညစဉ် အိပ်မပျော်နိုင်ကြတော့ပါဘူး။

သတင်း

ဇနီးဖြစ်သူ​ဒေါ်ခင်စိုးရီက ခင်ပွန်းကိုပြန်လွတ်​ပေးဖို့ အာဏာသိမ်း​ခေါင်း​ဆောင်​တွေထံအသနားခံ