Connect with us

Hi, what are you looking for?

ဖွင့်ဆိုရှင်းပြ

“ဖွင့်ဆိုရှင်းပြ သတင်းစာပညာလက်စွဲစာအုပ်” (The Explainer’s Journalism Handbook)

အခန်း (၈) − ဖွင့်ဆိုရှင်းပြဆောင်းပါးကောင်းတပုဒ်အတွက် အကြံပေးချက်များ

အခန်း (၈) − ဖွင့်ဆိုရှင်းပြဆောင်းပါးကောင်းတပုဒ်အတွက် အကြံပေးချက်များ

အခုအခန်းမှာတော့ ထိရောက်တဲ့ ဖွင့်ဆိုရှင်းပြဆောင်းပါး (Explainer Article) နဲ့ ဗီဒီယိုတွေ ဖန်တီးတဲ့အခါ အသုံးဝင်မယ့် အကြံပြုချက် အချို့ကို ဆွေးနွေးသွားမှာပါ။ အကြံပေးချက် ၁၁ ချက်နဲ့ ဆွေးနွေးထားပါတယ်။ ဒီအချက်တွေအားလုံးကို ဆောင်းပါးတိုင်းမှာ မဖြစ်မနေ သုံးရမယ်လို့ မဆိုလိုပါဘူး။ မိမိရေးသားမယ့် အကြောင်းအရာနဲ့ ကိုက်ညီမယ့် အချက်တွေကို ရွေးချယ် အသုံးချနိုင်ပါတယ်။

၁။ “ဘာကြောင့်လဲ” ဆိုတာကနေ အစပျိုးပါ

အရာတခုက ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို မရှင်းပြခင်မှာ ဒါက ဘာကြောင့်အရေးကြီး ရတာလဲဆိုတာကို အရင်ပြောပြပါ။ စာဖတ်သူက ဒီအကြောင်းအရာဟာ သူ့အတွက် ဘယ်လို အကျိုးရှိမလဲဆိုတာကို မသိရင် ရှုပ်ထွေးတဲ့အသေးစိတ်အချက်တွေကို ဆက်ပြီးဖတ်ချင်မှာ မဟုတ်တော့ပါဘူး။

Public Service Announcement

Public Service Announcement

၂။ မူလရည်ရွယ်ချက်ကို အာရုံစိုက်ပါ

စာဖတ်သူကို မှတ်မိစေချင်တဲ့ အဓိကအချက် (တချက်တည်း) ကိုသာ အာရုံစိုက်ပါ။ အသေးစိတ်အချက်အလက်တွေ အကုန်လုံးကို လိုက်ရှင်းပြနေရင် စာဖတ်သူကို ပိုပြီး ဝေဝါးသွားစေနိုင်ပါတယ်။ “စာဖတ်သူက ဒီဆောင်းပါးထဲက တချက်တည်းပဲ မှတ်မိသွားမယ်ဆိုရင် အဲဒါ ဘာဖြစ်သင့်သလဲ” ဆိုတာကို အသေအချာစဉ်းစားပြီး အဲဒီအချက်ကိုပဲ ဦးတည်ရှင်းပြပါ။

၃။ နှိုင်းယှဉ်ချက်တွေနဲ့ ချိတ်ဆက်ပါ

စာဖတ်သူ မသိသေးတဲ့အရာကို သူတို့ ရင်းနှီးပြီးသား အကြောင်းအရာတွေနဲ့ နှိုင်းယှဉ်ပြပါ။ ဥပမာအနေနဲ့ Cloud သုံးတယ်ဆိုတာ ငွေတွေကို အိမ်မှာ သိမ်းမထားဘဲ ဘဏ်မှာ သွားအပ်ထားတာနဲ့ နှိုင်းယှဥ်ပြတာမျိုးပေါ့။ Cloud ဆိုတာ ကိုယ့်ရဲ့ဖိုင်တွေကို ကိုယ့်စက်ထဲမှာမဟုတ်ဘဲ အင်တာနက်ပေါ်က ဆာဗာတွေမှာ သိမ်းထားပြီး အင်တာနက်ရှိတဲ့နေရာတွေမှာ အလွယ်တကူ သုံးနိုင်တယ်ဆိုတာမျိုး နှိုင်းယှဥ်ပြရင် စာဖတ်သူက ပိုပြီး သဘောပေါက်လွယ်ပါတယ်။

၄။ နည်းပညာသုံး စကားလုံးတွေကို ရှောင်ပါ

ခက်ခဲလွန်းတဲ့ စကားလုံးတွေက စာဖတ်သူအတွက် ဖတ်ရတာ ဝန်ထုတ်ဝန်ပိုး ဖြစ်စေပါတယ်။ ရိုးရှင်းတဲ့ စကားလုံးတွေကိုသာ သုံးပါ။ နည်းပညာစကားလုံးကို မဖြစ်မနေ သုံးရမယ်ဆိုရင်လည်း အလယ်တန်းကျောင်းသား တယောက် နားလည်နိုင်မယ့် နည်းလမ်းမျိုးနဲ့ ချက်ချင်း အဓိပ္ပာယ်ဖွင့်ပေးပါ။ စာဖတ်သူက ဒါတွေကို သိပြီးသားဖြစ်မှာပဲလို့ ဘယ်တော့မှ မယူဆပါနဲ့။

၅။ စာကြောင်းတွေကို အရှည်ကြီး မရေးပါနဲ့

စာဖတ်သူ မျက်စိမညောင်းစေဖို့ ခေါင်းစဉ်ခွဲတွေနဲ့ အချက်အလက်အမှတ်အသား (Bullet Points) တွေကို အသုံးပြုပါ။ စာကြောင်းတွေကြားမှာ နေရာလွတ် (White Space) ချန်ထားပေးခြင်းက စာဖတ်သူအတွက် ဖတ်ရတာ ပိုပြီး အသက်ရှူချောင်စေပါတယ်။

၆။ ရုပ်ပုံတွေနဲ့ တွဲဖက်ပြသပါ

တချို့အကြောင်းအရာတွေဟာ စာသားနဲ့ ရှင်းပြတာထက် ရုပ်ပုံ၊ မြေပုံ ဒါမှမဟုတ် ပုံကြမ်းတွေနဲ့ ပြသတာက ပိုပြီး နားလည်ရလွယ်ပါတယ်။ ကောင်းမွန်တဲ့ ရုပ်ပုံတစ်ပုံဟာ စာသားတွေထက် အဓိပ္ပာယ်ကို ပိုမိုထိရောက်အောင် ဖော်ဆောင်ပေးနိုင်ပါတယ်။

၇။ အချက်အလက်တွေကိုအထပ်ထပ်စစ်ဆေးပါ

ရှင်းလင်းချက်ဆောင်းပါးတွေရဲ့ အသက်ဟာ တိကျသေချာမှုပါ။ ကိုယ်တိုင်က ရှင်းပြသူဖြစ်တဲ့အတွက် အချက်အလက် မှားသွားရင် စာဖတ်သူဟာ ဆောင်းပါးအပေါ် ယုံကြည်မှုပါ ပျက်ပြားသွားစေနိုင်ပါတယ်။ ဒါကြောင့် ကိန်းဂဏန်း၊ ရက်စွဲနဲ့ အကြောင်းအရာတွေကို ခိုင်မာတဲ့ အရင်းအမြစ်တွေနဲ့ သေချာပြန်စစ်ဖို့ လိုပါတယ်။

၈။ စာရေးသူရဲ့ အာဘော် (Opinion) တွေ အများကြီး မထည့်ပါနဲ့

ရှင်းလင်းချက်ဆောင်းပါးဆိုတာ အချက်အလက်ကို အခြေခံပြီး “ဘာဖြစ်နေတာလဲ” ဆိုတာကိုသာ ရှင်းပြရတာပါ။ “ဘာဖြစ်သင့်တယ်” ဆိုတဲ့ မိမိရဲ့ အာဘော်တွေ၊ ဝေဖန်ချက်တွေကို ရှောင်ရပါမယ်။ အမြင်ဆောင်းပါး (Op-ed) နဲ့ ရောထွေးမသွားအောင် သတိထားပါ။

၉။ အကုန်လုံးကို ရှင်းပြဖို့ မကြိုးစားပါနဲ့

အကြောင်းအရာတခုမှာ ပါသမျှ အချက်အလက်အားလုံးကို ဆောင်းပါးတပုဒ်ထဲမှာ ထည့်ရှင်းပြရင် စာဖတ်သူ ငြီးငွေ့သွားပါလိမ့်မယ်။ အဓိကကျတဲ့ အချက် ၃ ချက် ဒါမှမဟုတ် ၅ ချက်လောက်ကိုပဲ အာရုံစိုက်ရှင်းပြတာက ပိုပြီး ထိရောက်မှုရှိပါတယ်။

၁၀။ စာဖတ်သူကို အထင်မသေးပါနဲ့

စာဖတ်သူကို ဘာမှမသိသူလို့ သဘောထားပြီး ဆရာကြီးလုပ်တဲ့ လေသံမျိုးနဲ့ မရေးမိဖို့ လိုပါတယ်။ “ခင်ဗျားတို့ ဒါကို မသိလောက်ပါဘူး” ဆိုတဲ့ လေသံထက် “ကျွန်တော်တို့ အတူတူ လေ့လာကြည့်ရအောင်” ဆိုတဲ့ အကူအညီပေးချင်တဲ့ လေသံမျိုးကိုသာ သုံးပါ။

၁၁။ အချက်အလက်ဟောင်းတွေကို ရှောင်ပါ

အခုခေတ်မှာ အခြေအနေတွေက အချိန်နဲ့အမျှ ပြောင်းလဲနေပါတယ်။ ဒါကြောင့် ကိုယ်သုံးထားတဲ့ အချက်အလက်တွေဟာ နောက်ဆုံးပေါ် အခြေ

အနေတွေ ဟုတ်၊ မဟုတ် သေချာစစ်ဆေးရပါမယ်။ အချက်အလက်ဟောင်းတွေ သုံးမိရင် ဆောင်းပါးဟာ လတ်ဆတ်မှု မရှိတော့သလို ထိရောက်မှုလည်း လျော့နည်းသွားပါလိမ့်မယ်။

ဖွင့်ဆိုရှင်းပြဆောင်းပါးကောင်းတပုဒ် ရေးသားဖို့ တခြားကောင်းမွန်တဲ့ အကြံပြုချက်တွေလည်း ရှိနိုင်ပါသေးတယ်။ အခုပေးထားတဲ့ အကြံပြုချက်တွေနဲ့ ပေါင်းစပ်ပြီး လိုအပ်သလို သုံးပါလို့ တိုက်တွန်းပါတယ်။

(မှတ်ချက်-သတင်းစာပညာကို စိတ်ဝင်တစား​လေ့လာလိုသူ​တွေအတွက် ရည်ရွယ်ပြီး လူထု​​နွေဦး-People’s Spring သတင်းဌာနက” ဖွင့်ဆိုရှင်းပြ သတင်းစာပညာ-Explainer’s Journalism ကို အပါတ်စဥ်​ စ​​နေ​နေ့တိုင်းဖော်ပြ​ပေး​နေတာဖြစ်ပါတယ်။ ။အယ်ဒီတာ)

ဆက်စပ်သတင်းများ

ဖွင့်ဆိုရှင်းပြ

အခန်း (၁၀) - ဖွင့်ဆိုရှင်းပြဆောင်းပါးနမူနာများ

ဖွင့်ဆိုရှင်းပြ

အခန်း (၉ ) - တည်းဖြတ်ခြင်း

ဖွင့်ဆိုရှင်းပြ

အခန်း (၇) - ဖွင့်ဆိုရှင်းပြဆောင်းပါးတွေကို ရှင်းလင်းအောင် ဘယ်လိုရေးကြမလဲ