Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“ဘယ်လောက်ပဲ လေကြောင်းအင်အားကြီးကြီးနောက်ဆုံးမှာ အရှုံးနဲ့ ရင်ဆိုင်ရတာတွေ အထူးသဖြင့် စစ်မှန်သော၊မှန်ကန်သော တော်လှန်ရေးတစ်ရပ်နဲ့ ကြုံတွေ့ရတဲ့အခါမှာ ရှုံးကို ရှုံးသွားတာပဲ”

စစ်တပ်အာဏာသိမ်းမှု ၂နှစ်တာ ကာလအတွင်း စစ်ရေး၊ နိုင်ငံရေး အခြေအနေများနှင့်ပတ်သက်ပြီး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးအား People’s Spring က ဖေဖော်ဝါရီ ၂ရက် တွင် ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

(KNU​ပြော​ရေးဆိုခွင့်ရှိသူပဒို​စော​တောနီး။ဓါတ်ပုံ-ရိုက်တာ)
(KNU​ပြော​ရေးဆိုခွင့်ရှိသူပဒို​စော​တောနီး။ဓါတ်ပုံ-ရိုက်တာ)

▪︎KNUပြောရေးဆိုခွင့်ရှိသူပဒိုစောတာနီးနှင့်မေးမြန်းခန်း (ဒုတိယပိုင်း)

အာဏာသိမ်းစစ်ကောင်စီကို ၂နှစ်တာကာလအတွင်း တိုက်ပွဲအကြိမ်ရေ အများဆုံး ခုခံတိုက်ခိုက်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှာ ကရင်အမျိုးသားအစည်းအရုံး(KNU) ဖြစ်သည်။ စစ်တပ်အာဏာသိမ်းမှု ၂နှစ်တာ ကာလအတွင်း စစ်ရေး၊ နိုင်ငံရေး အခြေအနေများနှင့်ပတ်သက်ပြီး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးအား People’s Spring က ဖေဖော်ဝါရီ ၂ရက် တွင် ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

​မေး-စစ်ကောင်စီနဲ့ ဆွေးနွေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရှိတယ်။ ။ အခုလို အခြေအနေမှာ ဆွေးနွေးနေတဲ့ လုပ်ရပ်အပေါ် ဘာပြောလိုပါသလဲ။

Public Service Announcement

Public Service Announcement

​ဖြေ- အဲဒီ အပိုင်းမှာတော့ ကျနော်တို့ များများစားစားမပြောတော့ပါဘူး။ ကျနော်တို့လည်း ပြောပေါင်းများပြီ။စစ်ကောင်စီကဒီလိုမတရားအာဏာလုလာတဲ့အခါသူကိုယ်တိုင်က တရားမဝင် ဖြစ်သွားပြီ။တရားမဝင်တဲ့အဖွဲ့အစည်းတစ်ခုဟာ ဘယ်တော့မှလည်း တရားဝင်တဲ့အလုပ်ကို လုပ်ခွင့်မရှိဘူးဆိုတာ ရှင်းတယ်။ အထူးသဖြင့် အမည်ခံငြိမ်းချမ်းရေဆွေးနွေးပွဲတွေ ခေါ်တာတို့ အတုအယောင် ရွေးကောက်ပွဲ လုပ်မှာတို့ ဒါက တရားမဝင်တဲ့ လူတစ်ယောက် တရားမဝင်တဲ့ အဖွဲ့အစည်းတစ်ခုက လုပ်ပိုင်ခွင့် လုံး၀မရှိတဲဟာကို သူလုပ်တာပဲဖြစ်တယ်။ လုံး၀လည်း မလုပ်သင့်တဲ့အလုပ်ဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့အာဏာထပ်သိမ်းလိုက်တဲ့နောက်မှာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကရှိမှမရှိတော့ဘဲ။ အခုက ရှိသယောင်ယောင်နဲ့ ထပြီးတော့ ဟိုလုပ်ဒီလုပ်နဲ့ လျှောက်ပြနေတာ။ကျွန်​တော်တို့နားလည်ရမှာကသူအာဏာသိမ်းပြီးကတည်းက ၂၀၀၈ ဆိုတာ လုံး၀ ပျက်သွားပြီ။ အဲဒါကြောင့်မို့လို့ အခုလာမယ့် အတုအယောင်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရော အတုအယောင် ရွေးကောက်ပွဲတွေရော သူ့မှာ လုပ်ခွင့်မရှိဘူး။ ၂၀၀၈ ဥပဒေအောက်မှာလည်း ဘာမှ လုပ်ခွင့်မရှိဘူး။ ဘာဖြစ်လို့လဲဆိုရင် ၂၀၀၈က ရှိမှ မရှိတော့တာ။ သူအာဏာသိမ်းတယ်လေ။ အဲဒီလို ရိုးရိုးရှင်းရှင်းနားလည်ပြီဆိုရင် ကျွန်​တော်တို့ ရှေ့လုပ်ရမယ့် အလုပ်ကတော့ ခပ်ရှင်းရှင်းပဲ လုပ်ရမယ်။ ဘာလဲဆိုတော့ ဒီစစ်ကောင်စီ တိုက်ဖျက်ရေးပဲ။ အဲဒါကို ဦးစားပေးလုပ်ရမယ်။ ကျနော်ပြောချင်တာက မဖြစ်နိုင်တဲ့ဟာတွေ အင်မတန် အိပ်မက်ဆန်တဲ့ဟာတွေ သွားပြီးတော့ ပြောနေ ဆိုနေသွားပြီးတော့ အချိန်ကုန်ခံပြီး လုပ်တဲ့ဟာတွေက သူနဲ့ တစျေးတည်း ဖြစ်သွားပြီး တစ်နေ့ကျရင် သူတို့နဲ့အတူတူ ပြစ်ဒဏ်တွေအခတ်ခံရမှာလားဆိုတာ ကျနော်မသိဘူးနော် အဲဒါတွေက။ အဲဒါကြောင့်မို့လို့ ခပ်ခွာခွာခပ်ရှင်းရှင်းပဲနေတာ အကောင်းဆုံးပဲ။

​မေး-စစ်​ကောင်စီက ရွေးကောက်ပွဲလုပ်ပြီး အာဏာဆက်ကိုင်ဖို့ကြိုးပမ်းနေတဲ့အပေါ်ဘာပြောလိုပါသလဲ။

​ဖြေ- အဲဒီ အပိုင်းမှာတော့ကျွန်​တော်တို့လုံး၀ဆန့်ကျင်တယ်။ ကျွန်​တော်တို့ KNU ကရင့်အမျိုးသားအစည်းအရုံးကလည်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ကျနော်တို့ရဲ့ ၁၆ကြိမ်မြောက် ကွန်ကရက်အပြီး ဗဟိုအမြဲတမ်းကော်မတီရဲ့ ၈ကြိမ်မြောက် အရေးပေါ် အစည်းအဝေးမှာ ကျွန်​တော်တို့ ဆုံးဖြတ်ချက်ချတယ်။ ဒီအတုအယောင် ရွေးကောက်ပွဲကိုတော့ ဆန့်ကျင်တယ်။ ကျွန်​တော်တို့ နယ်မြေမှာ လုံး၀ ခွင့်မပြုဘူး။ အဲဒီနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်​တော်တို့ကိုယ်တိုင်လူထု အစည်းအဝေး တစ်ရပ်ကို ပြီးခဲ့တဲ့ ၂၀၂၂ နိုဝင်ဘာ မှာလည်း ကရင်လက်နက်ကိုင်အဖွဲ့များရဲ့ရှေ့မှာ နောက်ပြီးတော့ ပြည်သူလူထု ထောင်ကျော်တက်လာတဲ့ အစည်းအဝေးတစ်ခုမှာ ကျွန်​တော်တို့ သေချာရှင်းလင်းတယ်။ အဲဒီ ပွဲမှာလည်း ကရင်နိုင်ငံရေးပါတီတွေလည်းရှိတယ်။ ကျွန်​တော်တို့ ထိပ်တန်းခေါင်းဆောင်တွေ ကိုယ်တိုင် အဲဒီ ရှင်းလင်းပွဲမှာ ပါခဲ့တော့ သေချာရှင်းပြတယ်။ လုံး၀ မထိမတို့ရဘူး ဒီဟာကြီးကို လုံး၀ ဆန့်ကျင်တယ်ဆိုတာ ရှင်းရှင်းပြောထားတယ်။ ဒါပေမဲ့ တစ်ခုရှိတယ် ကျွန်​တော်တို့ ဆုံးဖြတ်ချက်ထဲမှာကျွန်​တော်တို့ဟာလူသားချင်းစာနာထောက်ထားမှုကိုလည်း အလေးအနက် လုံး၀ ယုံကြည်တဲ့အပေါ်မှာကတော့ ဒီဟာနဲ့ ပတ်သက်ပြီး အရပ်သားပစ်မှတ်တွေကို လုံး၀ကို ရှောင်မယ်။ ဆိုလိုတာက အကြမ်းဖက်မှု လုံး၀ မလုပ်ဘူးဆိုတာ ကျွန်​တော်တို့ဆုံးဖြတ်ချက်ထဲမှာ ပါထားတယ်။ ဆိုတော့ တစ်အချက်က ၂၀၀၈ က မရှိတော့ဘူးလေ။ အာဏာသိမ်းလိုက်တဲ့နောက်မှာ။ အဲဒါကို သွားပြီး လုပ်နေရင် သူတို့ကိုအားပေးတာနဲ့ အတူတူပဲ ဆိုပြီးတော့ကျွန်​တော်စောစောကပြောထားသလို လုံး၀ အားမပေးဘူး။ ပြောချင်တာကတော့ ၂၀၀၈ ဟာ လုံး၀ ပျက်ပြယ်သွားပြီ။ ၂၀၀၈ အောက်မှာ လုပ်မယ့် ရွေးကောက်ပွဲဟာ လုံး၀ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ ဘာမှ မရှိတဲ့ဟာကို ဘာမှမရှိသလို ထားလိုက်တာ အကောင်းဆုံးပဲလို့ ပြောချင်တယ်။

​မေး-စစ်ကောင်စီက​ ​နေစဥ်ရက်ဆက် ကာလကြာရှည်ပြည်သူ​တွေအ​ပေါ်အကြမ်းဖက်မှုတွေ၊စစ်ရာဇဝတ်မှု​တွေ လုပ်ဆောင်ခဲ့တာကြောင့် လက်ရှိ အခြေအနေမှာ ဆွေးနွေးညှိနှိုင်းရေး လမ်းစပျောက်သွားတဲ့အနေအထားအပေါ် ဘယ်လိုမြင်ပါသလဲ။

Public Service Announcement

Public Service Announcement

​ဖြေ- အဲဒီ အပေါ်မှာကတော့ ဆွေးနွေးညှိနှိုင်းစရာကို မရှိတော့တာ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်​တော်တို့က ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ရေကုန်ရေခမ်း ၊ KNU ကရင့်အမျိုးသားအစည်းအရုံးဆိုရင်တော့ သူများတွေ အားလုံးနဲ့ သဘောမတူဘဲနဲ့ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးကို ဝင်ပြီးတော့ နိုင်ငံရေး ဆွေးနွေးပွဲကို ဝင်သွားတာလေ။ အဲဒီမှာ ကျွန်​တော်တို့ ယုံကြည်ချက် အပြည့်အ၀ ရှိတယ်။ ကျွန်​တော်တို့ အကောင်းဆုံးကြိုးစားခဲ့တယ်။ သို့သော် လက်တွေ့မြင်လာရတဲ့ အပိုင်းက ဘာလဲဆိုတော့ စစ်ကောင်စီဘက်က အထူးသဖြင့် လုံး၀ အလေးမထားဘဲ ကလန်ကဆန်လုပ်တာတွေက အများကြီးရှိတယ်။ နောက်ပြီးတော့ ငြိမ်းချမ်းရေးသဘောတူညီချက်တွေကို မလိုက်နာဘဲနဲ့ ကျွန်​တော်တို့ နယ်မြေမှာ လမ်းဖောက်လာတဲ့ ကိစ္စတွေကလည်း တိုက်ပွဲတွေ အများကြီး ပြန်ဖြစ်လာတာဖြစ်တယ်။ နောက်ဆုံးမှာ တိုတိုနဲ့ ပြောရရင် အာဏာသိမ်းတာနဲ့ပဲ အဆုံးသတ်သွားတယ်ဆိုတော့ ဒါက ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို သူလုံး၀ စိန်ခေါ်လိုက်တာပဲ။ သူလုံး၀ကို မထီလေးစား လုပ်နေတဲ့အပေါ်မှာ အဲဒီအပေါ်မှာ တော်တော်ခံပြင်းတယ်။ အဲဒါကြောင့် စစ်ကောင်စီနဲ့ ပတ်သက်ပြီးတော့ အထူးသဖြင့်ကျွန်​တော်တို့ KNU မူဝါဒ ချမှတ်ပြီးတဲ့အတိုင်းတစ်အချက်က စစ်တပ်က လုံး၀ နိုင်ငံရေး စွန့်ခွာပြီးတော့ အရပ်သား အုပ်ချုပ်မှုအောက်မှာ ပြန်ရှိရမယ်။ ဒါကိုသူလက်ခံရမယ်။ ဒုတိယ အချက်ကတော့ အသွင်ကူးပြောင်းရေးကာလ တရားမျှမှု တစ်ခုကို လုံး၀ ကင်းလွတ်ခွင့်မရှိဘူး။ ဘာပဲကျူးလွန်ခဲ့ကျူးလွန်ခဲ့ သူတရားနဲ့ ရင်ဆိုင်ရမယ်။ ဒါကိုလက်ခံရမယ်။ တတိယ အချက်က ဖက်ဒရယ်ဒီမိုကရေစီကို ပါးစပ်နဲ့ လက်ခံတာက ကျွန်​တော်တို့အတွက်လုံလောက်သွားပြီ လက်တွေ့လုပ်ဆောင်မှုမှာ သဘောတူညီရမယ်။ အထူးသဖြင့် ဖက်ဒရယ်ပြည်ထောင်စုအတွက် လိုအပ်တဲ့ အသစ်သော ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုကို ရေးဆွဲရေးမှာ အကုန်လုံး သဘောတူညီရမယ်။ နောက်ဆုံးအချက်က နိုင်ငံရေးဆွေးနွေးပွဲဆိုတာကျွန်​တော်တို့ ဘယ်တော့မှ မငြင်းဘူး။ သို့သော် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ပေါ်လာပြီဆိုရင် အဓိကက နိုင်ငံတကာ ပါဝင်ပတ်သက်မှု။နိုင်ငံတကာ ကနေပြီးတော့ လေ့လာမှုတွေရော နောက်ပြီးတော့ ဒီဟာချောမွေ့အောင် ဘယ်လို စီစဉ်ပေးရမလဲ အဲဒီအပိုင်းမှာရောပေါ့ နောက်ပြီး သက်သေသာဓကအနေနဲ့ ပြန်ပြီးပါနေတာရော နောက်နည်းပညာအထောက်အကူခြင်းအားဖြင့်သော်လည်းကောင်း အရင်းအမြစ်အားဖြင့် ငွေကြေးအထောက်အကူ အဲဒါတွေ အားလုံးကို နိုင်ငံတကာ ပါဝင်ပတ်သက်မှုရှိရမယ်။ နိုင်ငံတကာမပါဘဲနဲ့ ကျွန်​တော်တို့ အချင်းချင်းပဲ ရှင်းရမယ်ဆိုတဲ့ ကိစ္စက ကျွန်​တော်တို့လည်းလုပ်ခဲ့ပြီ။ ဘာမှ အောင်မြင်မှုမရှိဘူး။ နောက်ဆုံးကျ အကွဲကွဲအလဲလဲ ဖြစ်သွားတယ်ဆိုတာ နောက်ထပ်မဖြစ်စေချင်တဲ့ သဘောနဲ့ အဲဒါကြောင့်မို့လို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တစ်ခု ဖြစ်ပေးလာဖို့ဆိုရင် ဒီအချက် လေးချက်ကို သဘောတူညီသလား အဲဒီအချက် လေးချက်ကို သဘောတူညီမှ ကျွန်​တော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်မယ်။ ဒါမှ မဟုတ်ရင်တော့ကျွန်​တော်တို့ တက်ကို မတက်ဘူး။ လုပ်စရာရှိတာ အခုရည်မှန်းထားတဲ့ စစ်ကောင်စီကို အပြုတ်တိုက်ဖျက်ရေးဆိုတာကျွန်​တော်တို့ ပထမဦးစားပေး ရည်မှန်းချက်ဖြစ်တယ်။ ပြီးရင် ဒုတိယ ကာလမှာတော့ အသွင်ကူးပြောင်းရေး ကာလတစ်ခုကို သွားမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်တစ်ခုကို ရအောင်လုပ်မယ်။ အဲဒါပြီးတော့ အတည်ပြုချက်ယူမယ်။ လူထုဆီက ဆန္ဒခံယူပွဲအတည်ပြုချက်ရပြီဆိုရင် နောက် ရွေးကောက်ပွဲလုပ်မယ်။ အဲဒီ ရွေးကောက်ပွဲက တက်လာတဲ့ အစိုးရ ဆီမှာပဲ ကျွန်​တော်တို့ အကုန်လုံး ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး စနစ်သစ်ဆီ နောက်ဆုံးအဆင့်ကို ကျွန်​တော်တို့ သွားမယ်။ အဲဒါ ကျွန်​တော်တို့ရေရှည် ရည်မှန်းချက်နဲ့ သွားနေတာ ဖြစ်တယ်။ ဒါကြောင် ဒီနေ့ ဒီကာလမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာ ဖြစ်ကို ဖြစ်လာနိုင်စရာ အကြောင်းကို မရှိဘူး။ ဒီနေ့ ဒီကာလ ဒီပုံနဲ့တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။

​မေး-စစ်ကောင်စီ ခေါင်းဆောင်တွေရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး စစ်တပ်ထဲက တပ်ဗိုလ် တပ်မှူးတွေ အခုအချိန်မှာဘယ်လိုတိုက်တွန်းလိုပါသလဲ။

​ဖြေ-ကျွန်​တော်တို့ လက်ကမ်းကြိုဆိုတာကတော့ အခုထက်ထိပါပဲ။ လုံး၀မူဝါဒ အပြောင်းအလဲ မရှိဘူး။ အထူးသဖြင့် ထွက်ပြေးတိမ်းရှောင်လာပြီးတော့ ကျွန်​တော်တို့ဆီကို လာပြီး ဘက်ပြောင်းလာတဲ့ သူတွေလည်း မနည်းတော့ပါဘူး။ ဒါလည်း ဆက်လက်ပြီး ကြိုဆိုနေပါတယ်။ မူဝါဒ အရလက်ခံတယ်။ ဒါပေမဲ့ အဲဒီလို လက်ခံတဲ့အထဲမှာ ချွင်းချက်မရှိ အကုန်လုံး လက်ခံတာတော့ မဟုတ်ဘူး။ အထူးသဖြင့ အမှုကြီး၊ ပြစ်မှုအကြီးကြီးတွေ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ စစ်ရာဇဝတ်မှုကြီးတွေ ကျူးလွန်တယ် နောက်ပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်တယ်၊လူမျိုးတုန်းသတ်ဖြတ်မှုတွေ အဲဒါတွေနဲ့ သွားငြိစွန်းတဲ့ သူတွေကိုတော့ ဘယ်လိုမှ ကင်းလွတ်ခွင့်မပေးနိုင်ဘူး ။တရားစီရင်မှုနဲ့ ရင်ဆိုင်ရလိမ့်မယ်။ အဲဒါကတော့ ကျွန်​တော်တို့ မူဝါဒ ချထားတာရှိတယ်။ လက်ခံတော့ လက်ခံမှာပဲ အကြီး အသေးမှန်သမျှပေါ့။ စစ်ကောင်စီဘက်ကလည်း ကျွန်​တော်တို့ သိရသလောက်ဆို စစ်တပ်ထဲမှာ ဖိနှိပ်မှုကလည်း အင်မတန်ကြီးတယ်။ အမြဲတမ်း ဒေါက်ထောက်ကြည့်နေတဲ့အခါမှာ စစ်သားမိသားစုတွေလည်း တော်တော် အကြပ်အတည်း ဖြစ်နေရတယ်။ဘယ်လိုပဲ ဖြစ်ဖြစ် လာပြီး မပူးပေါင်းနိုင်သေးတဲ့ သူတွေ အထဲမှာ ရှိနေရင်လည်း စစ်ကောင်စီနဲ့ မပူးပေါင်း မဆောင်ရွက်ဆိုတဲ့ စကားနဲ့အညီ အဲဒါတွေအများကြီးလုပ်နိုင်တယ်။ ဒီနေ့ ဒီကာလမှာ ခေတ်စားနေတဲ့ ဖရဲသီးကိစ္စ အဲဒါတွေလည်းကျွန်​တော်တို့ အများကြီး အားရှိပါတယ်။ ဒီလိုမျိုး ဆက်ပြီး လုပ်သွားနိုင်တယ်ဆိုရင်လည်း ကျွန်​တော်တို့ကလည်း ဒါကလည်း တော်လှန်ရေးတစ်ရပ်ဆင်နွှဲတာလို့ ခေါ်တယ်။ကျွန်​တော်ပြောချင်တာက အဲဒီလို လုပ်ခြင်းအားဖြင့် တစ်နေ့သော အချိန်အခါမှာ တော်လှန်ရေးက အောင်မြင်သွားတဲ့အခါ ဒီလူတွေဟာ တကယ် အသိအမှတ်ပြုခံရမှာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ရှိတဲ့နေရာမှာ တော်လှန်ရေးကိုလုပ်နိုင်တယ် ဆိုတာ သတင်းပါးချင်တယ်ဗျ။

​မေး-ဒီနှစ်မှာ မှာ စစ်ရှိန်မြှင့်ဖို့ သတ်မှတ်ထားတာဆိုတော့ ပြည်သူတွေကို ဘာသတင်းစကားပါးချင်ပါသလဲ။

​ဖြေ-စစ်ရှိန်မြှင့်မှာ တစ်ခုတည်းမဟုတ်ဘူး။ ကဏ္ဍအသီးသီးမှာ အထူးသဖြင့် နိုင်ငံရေးကဏ္ဍမှာရော သံတမန်ရေး တိုက်ပွဲတွေမှာရော စီးပွားရေး ပိတ်ဆို့မှုအပိုင်းတွေမှာရောကျွန်​တော်တို့ အကုန်လုံး အရှိန်မြှင့်မှာပါ။ ဒါတွေ ကျွန်​တော်တို့ ရှိတဲ့အားနဲ့မြင့်မှာပါ။ ဘယ်လောက်အထိ မြှင့်နိုင်မယ်ဆိုတာ ကျွန်​တော်တို့ ပြောလို့မရဘူး။ ကျွန်​တော်တို့ကတော့ စုစည်းမှုအင်အားနဲ့ ရှိတဲ့အားနဲ့ နိုင်ငံတကာရဲ့ ထောက်ခံမှု အနေအထားနဲ့ အကုန်လုံးချိန်ညှိပြီး လုပ်သွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနှစ်တစ်နှစ်တည်းမှာ အောင်မြင်မှု အပြတ် အသတ်ရမယ်ဆိုတာတော့ပြောလို့မရပါဘူး။တဆင့်ပြီးတဆင့် အနေနဲ့ ဘာပဲဖြစ်ဖြစ် ၂၀၂၃မှာတော့ စစ်ရေးအရရော နိုင်ငံရေးအရရော အပြောင်းအလဲတစ်ခုကိုတော့ ဖြစ်ကို ဖြစ်မယ်ဆိုတာ ကျွန်​တော်တို့ မြင်နေရပါတယ်။

​မေး-တော်လှန်ရေးအင်အားစုတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု အပေါ် ဘယ်လိုမြင်ပါသလဲ။စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းနိုင်ဖို့ဆိုရင် ERO တွေနဲ့ PDFတွေ တပ်ပေါင်းစုပုံစံနဲ့ တချိန်တည်း တပြိုင်တည်း တိုက်ခိုက်ရင် ပိုထိရောက်မယ်ဆိုတာမျိုး ပြောတာရှိတော့ အဲဒီလို မြင်ရဖို့နီးပါပြီလား

​ဖြေ-အဲဒီအပိုင်းမှာအရင်ကထက်စာရင်နီးလာတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ မနက်ဖြန် သန်ဖက်ခါ ဖြစ်မယ်ဆိုတာကိုတော့ ကျွန်​တော်တို့ ပြောလို့ ဘယ်ရမလဲ။ ဘာဖြစ်လဲဆိုတော့ ကျွန်​တော်တို့ အနေအထားက အင်မတန် မတူကွဲပြားတဲ့နောက်ခံကနေ လာရတယ်ဆိုတော့ တဖြည်းဖြည်းနဲ့ ညှိယူရတဲ့ အပိုင်းရှိတယ်လေ။ အဲဒါကြောင့်မို့လို့ ERO အပိုင်းမှာလည်း စစ်အာဏာသိမ်းမှုကို KNU လို တမဟုတ်ချင်း ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ တက်တက်ကြွကြွပါဝင်နေတဲ့ ကျကျွန်​တော်တို့ အဖွဲ့အစည်းတောင်မှာ ချင်ချင်း လက်ငင်း ဒါကို လက်မခံပါဘူးဆိုပြီး ပြန်ပြီးတော့ မူဝါဒ အချိုးအကွေ့ကို U Turn လုပ်ပစ်လိုက်တဲ့ ကျွန်​တော်တို့ KNU လိုမျိုးရှိသလို တချို့အဖွဲ့တွေကျ လပိုင်း အတော်ကြာမှပဲ သေသေချာချာ တရားဝင်ပြောလာတာရှိတယ်။ တချို့အဖွဲ့တွေဆိုရင်တော့ ဒီလို စစ်အာဏာသိမ်းပြီးနောက်ပိုင်း သိသိသာသာတစ်မျိုး၊မသိမသာတဖုံနဲ့ တော်လှန်ရေးအင်အားစုတွေကိုအထောက်အကူပြုတာလည်းရှိတယ်။ တချို့ကျတော့လည်းလုံး၀အမည်နာမ မဖော်ဘဲနဲ့ မသိမသာနဲ့ ကူညီနေတာလည်း အများကြီးရှိတယ်။ ကျွန်​တော်ယုံကြည်တာက ကိုယ့်ကိုယ်ကိုယ် တော်လှန်ရေးသမားလို့ ခံယူပြီးပြီဆိုရင်တော့ တနည်းတဖုံနဲ့တော့ တော်လှန်ရေးအင်အားစုတွေကို အကူအညီ ပေးကြမှာပဲ။ အဲဒါကြောင့်မို့လို့ ကျွန်​တော်ပြောချင်တာက လက်ရှိကာလမှာ ဒီလိုဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ်ဒီလိုအနေအထားမျိုးက စိတ်ဓာတ်ရေးရာအရရော လက်တွေ့ပိုင်းအရရော ကျွန်​တော်တို့ဘက်မှာ အားသာချက်ရှိပါတယ်။ ဒါပေမဲ့လို့ ကျွန်​တော်တို့မှာ မစုံမလင်ဘူး။ စစ်ကောင်စီဘက်မှာအဓိက အားကိုးနေတာကတော့ လေကြောင်းတိုက်ခိုက်မှုပဲ။ အဲဒါကြောင့်မို့ မနားတမ်းပဲ လေကြောင်းတိုက်ခိုက်တယ်။ ညပဲဖြစ်ဖြစ် ၊နေ့ပဲပဲ ဖြစ်ဖြစ် လုံး၀ မရှောင်ဘဲနဲ့ ကျွန်​တော်တို့ လူထုတွေ ကျနော်တို့ တပ်ဖွဲ့တွေ လုံး၀ မနားရအောင်ဆိုပြီးတော့ အဲဒါပဲ လုပ်နေတာဖြစ်ပါတယ်။ ကျွန်​တော်တို့ဘက်ကလည်း အဲဒါကို မရမက လုပ်နိုင်အောင်ဆိုပြီးအဓိက ကျတဲ့ လေယာဉ်ဆီတွေလုံး၀ ပြတ်တောက်သွားရေးဆိုတာ အဓိက ဒါပဲ လုပ်နေပါတယ်။

​မေး- ၂ နှစ်အတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က သေဆုံးထိခိုက်တာတွေ၊အဖမ်းခံရတာတွေ၊ CDM ဝင်လာတာတွေ အများကြီး ရှိသလို လေကြောင်းကိုပဲ အားကိုးနေရတယ်ဆိုတာလည်း အားလုံး အသိပါ။ အင်အားနည်းနေတဲ့ စစ်ကောင်စီကို အပြီးသတ်ချေမှုန်းနိုင်ဖို့ ဘာတွေပြင်ဆင်ဖို့ လိုအပ်ပါသလဲ။

​ဖြေ-အဲဒီအပိုင်းမှာ ကျွန်​တော်တို့ဘက်က လိုအပ်ချက်တွေအများကြီးရှိပါတယ်။ အထူးသဖြင့် ကျွန်​တော်တို့ဘက်မှာလည်း စည်းစနစ်ကျကျနဲ့ စုစည်းမှုလိုပါတယ်။ စစ်ရေးဘက်မှာရော နိုင်ငံရေးဘက်မှာရော ဒီလို တိုက်ပွဲဝင်တဲ့အခါမှာ စနစ်တကျနဲ့ စုစည်းလာမှုကသိပ်အရေးကြီးတယ်။ အထူးသဖြင့် စစ်ရေးဘက်မှာ အရင်တုန်းကမရှိခဲဘူး။ တစ်ယောက်တစ်ပေါင်နဲ့ လုပ်တဲ့အလေ့အထားမျိုး။ အမိန့်တစ်ခုတည်း အောက်မှာ တသွေးတသံနဲ့ ဖြစ်ဖို့ဆိုတာသိပ်မလွယ်ဘူး။ ဒါပေမဲ့ဒီနေ့မှာ ကျွန်​တော်တို့ မြင်လာတာကအားလုံးတော်တော်နီးပါးက လက်ခံလာပြီ။ ကျွန်​တော်တို့ စုဖွဲ့ မှုအနေအထား ဖြစ်လာတဲ့အခါမှာ ဒီစစ်ရေးနဲ့ ပတ်သက်ပြီပေါင်းစပ်ညှိနှိုင်းရေး အခြေအနေအရ ကိုယ့်ဒေသမှာပဲ ကိုယ်လုပ်မယ်။ ဟိုးကို သွားပြီးတော့ တကူးတကကြီး ကိုယ်မရောက်နိုင်တဲ့ဒေသကို သွားပြီး စစ်ကူပေးမယ်ဆိုတာဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် ကိုယ့်ရှိတဲ့နေရာမှာပဲ အချိတ်အဆက်မိမိ ဟန်ချက်ညီညီနဲ့လုပ်ဖို့ဆိုတာ ကျွန်​တော်တို့ စစ်ရေးအရ နားလည်မှုရှိလာတယ်ဆိုတာ ဒါက ပြောလို့ရတယ်။ ဆိုတော့ အဲဒီ လိုအနေအထားမျိုး ဒီလိုဖြစ်လာတဲ့အခါမှာ စည်းစနစ်ကျကျနဲ့ လုပ်ဆောင်နိုင်ဖို့က သိပ်အရေးကြီးတယ်။ အဲဒါကြောင့်မို့လို့ ကျွန်​တော်တို့ တပ်ဖွဲ့ဝင်တွေ၊ ကျွန်​တော်တို့ဆီမှာ ရောက်ရှိလာတဲ့ အသစ်သော တပ်ဖွဲ့ဝင်တွေ အတွက်က ကျွန်​တော်တို့က ရေရှည်ကို မျှော်မှန်းထားတာနဲ့အညီကျွန်​တော်တို့ တပ်ဖွဲ့ဝင်တွေကအရပ်သားပစ်မှတ်တွေ စစ်ရေးပစ်မှတ်တွေကို သေချာကွဲပြားပြီးတော့အရပ်သားနဲ့ ဆိုင်တဲ့ဟာကို လုံး၀ရှောင်ရမယ်ဆိုတဲ့ ဒီအသိက ရှိကို ရှိရမယ်။ အဲဒါကြောင့် တက်နိုင်သမျှ ကျွန်​တော်တို့ တပ်ဖွဲ့ဝင်တွေသာ မကဘူး ကျွန်​တော်တို့ဆီမှာ ရှိတဲ့ PDF တွေကိုလည်း တက်နိုင်သမျှ ကျွန်​တော်တို့ သင်တန်းတွေပေးတယ်။ ဘာဖြစ်လို့လည်းဆိုရင်စစ်ရေးပစ်မှတ်၊အရပ်သားပစ်မှတ်သေချာ မခွဲခြားဘဲ အကုန်လုံး အရမ်းကာရော လုပ်သွားရင် ကျွန်​တော်တို့ ပုံရိပ်ကို အရမ်းထိခိုက်တယ်။ ဘာဖြစ်လို့လည်းဆိုရင် ကျွန်​တော်တို့ တပ်တွေကအနာဂတ်မှာကျွန်​တော်တို့ ဖက်ဒရယ်ပြည်ထောင်စုအတွက်အင်မတန်အားကိုး အားထားပြုရမယ့် ဖက်ဒရယ် တပ်မတော် တစ်ခု ဖြစ်လာဖို့ဆိုတာ ကျွန်​တော်တို့ရည်မှန်းထားတယ်။ ဒီလိုဖြစ်လာဖို့အတွက်က စည်းစနစ်ကျတဲ့ တပ်ဖွဲ့တွေဖြစ်ဖို့လိုတယ်။အဲဒါကြောင့် အဲဒါတွေ အရမ်းအလေးထားတဲ့အခါတချို့ကဒီတော်လှန်ရေးကာလမှာ ဒါတွေ အထူးတလည် လိုက်ပြီးတော့လုပ်စရာမလိုပါဘူး ဆိုတဲ့ ဆင်ခြေဆင်လက်တွေ ကြားနေရတယ်။ ဒါကမဟုတ်ဘူး။ကျွန်​တော်နော်တို့လုံး၀ဆန့်ကျင်တယ်။

ကျွန်​​တော်တို့ လုပ်နိုင်သရွေ့ ကြိုပြီးတော့ ပြင်ဆင်ထားရမယ့် အပိုင်းတွေတော့ ရှိတာပေါ့။ အဲဒါကြောင့် ကျွန်​တော်တို့ ပြောချင်တာက အနာဂတ်ကာလမှာ ရည်မှန်းထားသလိုဖြစ်လာဖို့အတွက်ကျွန်​တော်တို့ ကိုယ်တိုင်ကလည်း စည်းစနစ်ကျကျနဲ့ပဲ ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။

​မေး-လတ်တလော KNU ထားဝယ်ခရိုင် တပ်မဟာ(၄) ဘက်မှာ စောအယ်ခွီးအဖွဲ့နဲ့ ဖြစ်နေတဲ့ အခြေအနေအပေါ်ရှင်းပြပေးပါလား။ KNLA ဗဟိုစစ်ဌာနချုပ်ကလည်း တပ်မဟာ(၄)ရဲ့ ထုတ်ပြန်ချက်(စောအယ်ခွီးထံရောက်နေသည့် PDFများ ထွက်ခွာလာပြီး အခြားတော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန်)အပေါ် ထောက်ခံထားတာလည်း​တွေ့ရပါတယ်။

​​ဖြေ- တပ်မဟာ(၄)ရဲ့ ထုတ်ပြန်ကြေညာချက်အပေါ် ဗဟို စစ်ဦးစီး ဌာနချုပ်ဘာကြောင့်ထောက်ခံရသလဲဆို အယ်ခွီးဆိုတဲ့သူကလည်းတရားဝင်အဖွဲ့အစည်းထဲကလူတွေမဟုတ်ဘူး။ နောက်ဆုံးကြားနေရတာကသိနေရတာက တပ်မဟာ(၄)က အကြိမ်ပေါင်းမြောက်များစွာ ခေါပြီးတော့ ဆွေးနွေးဖို့လုပ်တာလက်မခံဘူး။တပ်မဟာ(၄)ကအယ်ခွီးကိုခဏခဏခေါပြီးတော့ အချင်းချင်း ပြဿနာမတက်အောင် ဆွေးနွေးမယ်ဆိုတာအကြိမ်ကြိမ်အခါခါ ခေါ်တယ်။လုံး၀လက်မခံဘူး မလာဘူး။ အယ်ခွီးကလည်း ဘယ်ကလူလဲဆိုတော့ နယ်ဒါး (KNUက ထုတ်ပယ်ထားသည့် ဗိုလ်မှူးချုပ်စောနယ်ဒါးမြ) ထိန်းချုပ်ထားတဲ့သူပဲ။အဲဒီနေရာမှာသွားလှုပ်ရှားပြီးတပ်မဟာ(၄) ကျနော်တို့ ထားဝယ်ခရိုင်ရဲ့ အုပ်ချုပ်ရေးကို အရမ်းထိပါး လာတဲ့အခါ ဒါကလုံး၀မဖြစ်သင့်တော့ဘူး။အုပ်ချုပ်ရေးလုပ်ငန်းတွေ သွားပြီးနှောက်ယှက်တာတွေအများကြီး။ နောက်ဆုံးဖြစ်သွားတာကကျွန်​တော်တို့ ဒုတပ်ရင်းမှူးတစ်ယောက်ဒဏ်ရာရသွားတယ်။နောက်မြို့နယ်အဆင့် ကော်မတီဝင်တစ်ယောက်လည်း ဒဏ်ရာ အကြီးအကျယ်ရသွားတယ်။ အဲဒီလိုမျိုးလုပ်လာတဲ့အခါ မှာအခါခါအကြိမ်ကြိမ် ဆွေးနွေးဖို့ လုပ်တာကို ငြင်းပယ်ပြီး တဖြေးဖြေးနဲ့ ရန်ရှာလာတဲ့အခါကျတော့ ထုတ်ပြန်ကြေညာချက် ထုတ်လာရတဲ့ အဆင့်ရောက်သွားတယ်။ အဲဒီအခါမှာဗဟိုစစ်ဦးစီးဌာနချုပ်ကလည်း အပြည့်အ၀ ထောက်ခံတယ်ဆိုတာ အဲဒါပြောတာ။ ဆိုလိုချင်တာက ဒီလိုစည်းမဲ့ကမ်းမဲ့ဖြစ်တဲ့သူတွေက ရှိတယ်။ ဒီလိုရှိတဲ့ဟာက စောစောက ပြောထားသလို အရပ်သား ပစ်မှတ်မှန်းမသိ၊ စစ်ရေးပစ်မှတ်မှန်းမသိ အကုန်လုံးရောသောပြီးတော့ မဟုတ်တမ်းတရားတွေ လျှောက်လုပ်တဲ့ဟာတွေရှိတယ်။ အဲဒါတွေက ကျွန်​တော်တို့ အနာဂတ်မှာ အရိပ်မည်းကြီးလို ဖြစ်နေမယ်။ဒါတွေလုံး၀မဖြစ်သင့်ဘူး ။အဲဒါကြောင့်စည်းစနစ်ကျကျနဲ့ လုပ်ဖို့တော့ လိုတယ်။ အဲဒီ စည်းစနစ်ကျကျ မဟုတ်ဘဲ စကစ မှန်ရင် အကုန်လုပ်ရမယ်ဆိုပြီးအရမ်းကာရော လုပ်တဲ့အခါနောက်ဆုံး ကိုယ့်ဘက် ပြန်ပတ်တယ် အဲဒီ ကြိုးက။ အဲဒါကြောင့် ဒီလိုမျိုး အဖြစ်မခံဘဲ စည်းစနစ်ကျဖို့ လုပ်တယ်ဆိုတာ လက်ခံတဲ့ အပိုင်းတွေရှိတယ်။ အဲဒါကြောင့်မို့လို့ သေချာစိစစ်ရမယ်။ ကျွန်​တော်တို့အပိုင်းက လွန်လွန်ကျွံကျွံ မဖြစ်အောင် ဆက်ပြီးတော့ ထိန်းသွားမယ်တစ်ဖက်ကနေ အထူးသဖြင့်တာဝန်ရှိတဲ့သူတွေကလည်း အဲဒါကို မဖြစ်ဖြစ်အောင် ကြိုးပမ်းသွားမယ် ဆိုတာ ဒီလောက်ပဲ ကျွန်​တော်ပြောပြလို့ရတယ်။

Public Service Announcement
Public Service Announcement

​မေး- ဖြည့်စွက်ပြောလိုတာရှိရင် ပြောပြပေးပါလား

​ဖြေ- တစ်ခုတော့ရှိတယ်။ကျွန်​​တော်တို့ဆက်ပြီးတော့တိုက်ပွဲဝင်ရမှာက မလွှဲမသွေဘဲ။ စစ်ကောင်စီက ဘယ်လိုပဲ ဖြစ်ဖြစ် သူကတော့ ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ပဲ အရေးပေါ် အခြေအနေ သာမန်အခြေအနေ စကားရပ်နဲ့ပဲ စကားလုံး လဲလှယ်ပြီးတော့ လုံးလားထွေးလားလုပ်ပြီး နောက်ထပ် ခြောက်လ၊ နောက်ထပ်ခြောက်လနဲ့ မဆုံးနိုင်တဲ့ ခြောက်လနဲ့ သူဆက်လုပ်အုံးမှာပဲ။ သူ့ရဲ့အာသီသက အဲဒါပဲလေ။ အဲဒါကြောင့်မို့လို့ကျွန်​တော်တို့ပြောတာအဲဒါတွေသွားနားထောင်မနေပါနဲ့။ ကျွန်​တော်တို့ လုပ်ရမယ့် အလုပ်က သူ့ကို ရှင်းထုတ်ဖို့ပဲလေ။ ရှင်းထုတ်ဖို့ ကျွန်​တော်တို့ ပြည်သူနဲ့ တသားတည်းကျပြီဆိုရင် ကျွန်​တော်တို့ ရှင်းနိုင်တယ်။ ဒါပေမဲ့လွယ်လွယ်တော့ မရဘူး။လွတ်လပ်မှုဆိုတာဘယ်တော့မှအလကားမရဘူး တန်ဖိုးကြီးကြီး ပေးဆပ်ရမယ်ဆိုတာ အဲဒီ အထဲမှာ အသိရှိတဲ့အခါကြတော့ ဆက်ပြီးတော့ တစ်လှမ်းချင်း တစ်လှမ်းချင်းရှေ့တိုးဖို့ပဲလိုတယ်။ ကျွန်​တော်တို့ ဘက်မှာကြတော့ အထူးသဖြင့်နိုင်ငံတကာပါဝင်ပတ်သက်မှု၊နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှု အထူးသဖြင့် လေကြောင်း တိုက်ခိုက်မှုတွေ မရပ်လာဘူးဆိုရင် ကျွန်​တော်တို့ဘက်ကတန်ပြန်ဖို့ နည်းနည်းခက်မယ်ဆိုတော့ဒါတော့နည်းနည်းတော့ကြမယ်။

အဲဒါကို ဖြေရှင်းချက် နည်းလမ်းတစ်ခုရပြီးဆိုရင်တော့ အဲဒီ လေကြောင်း တိုက်ခိုက်မှုတွေကို ချက်ချင်း တုံ့ပြန်နိုင်ပြီဆိုရင် တိုက်ပွဲက အမြန်ဆုံးပြီးသွားမှာ။ ဒါပေမဲ့ တစ်ခုတော့ သေချာပြောနိုင်တယ် လေကြောင်းကာကွယ်ရေးစနစ်ကို ကျွန်​တော်တို့ ရသည်ဖြစ်စေ မရသည်ဖြစ်စေ ကျွန်​တော်တို့ ရှေ့မှာ ဖြစ်ခဲ့တဲ့ သာဓကတွေအများကြီးရှိပါတယ်။ ဘယ်လောက်ပဲ လေကြောင်းအင်အားကြီးကြီးနောက်ဆုံးမှာ အရှုံးနဲ့ ရင်ဆိုင်ရတာတွေ အထူးသဖြင့် စစ်မှန်သော၊မှန်ကန်သော တော်လှန်ရေးတစ်ရပ်နဲ့ ကြုံတွေ့ရတဲ့အခါမှာ ရှုံးကို ရှုံးသွားတာပဲ။ ပြည်သူလူထုကို ပြောချင်တာကတော့ ဘာပဲဖြစ်ဖြစ် အခက်အခဲကြားထဲက ကျွန်​တော်တို့ဆက်သွားမယ်။ မရမကကျွန်​တော်တို့ဆက်သွားမယ်။ အောင်ပွဲကကျွန်​တော်တို့ လက်ထဲမှာပဲ ရှိပါတယ်။ ။