Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“တိုင်းပြည်တစ်ပြည်လုံးရဲ့ အပြောင်းအလဲကို ဦးစားပေးလုပ်တဲ့အခါ ရှေ့ကနေပဲ သွားမယ် ဘယ်တော့မှ နောက်ကနေမနေဘူး။ အဲဒါကြောင့် မပါလာသေးဘူးဆိုရင် ဖြစ်နိုင်တဲ့နည်းနဲ့ ကူကြပါလို့ပဲ ကျနော်ပြောချင်တယ်”

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်ကို နိုင်ငံရေးအရ ၊ စစ်ရေးအရ တိုက်ခိုက်ရာမှာ ဦးဆောင်ပါဝင်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ လက်ရှိ စစ်ရေးနိုင်ငံရေးဆိုင်ရာ သဘောထားရပ်တည်ချက်တွေနဲ့ နွေဦးတော်လှန်ရေး ဘယ်လောက်ထိ ခရီးရောက်နေပြီလဲဆိုတာတွေကို KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးအား ဆက်သွယ်မေးမြန်း ဖော်ပြလိုက်ပါတယ်။

(KNUပြောရေးဆိုခွင့်ရှိသူပဒိုစောတောနီး။ဓါတ်ပုံ-ရိုက်တာ)
(KNUပြောရေးဆိုခွင့်ရှိသူပဒိုစောတောနီး။ဓါတ်ပုံ-ရိုက်တာ)

▪︎KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးနဲ့​မေးမြန်းခန်း(အပိုင်း- ၂)

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်ကို နိုင်ငံရေးအရ ၊ စစ်ရေးအရ တိုက်ခိုက်ရာမှာ ဦးဆောင်ပါဝင်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ လက်ရှိ စစ်ရေးနိုင်ငံရေးဆိုင်ရာ သဘောထားရပ်တည်ချက်တွေနဲ့ နွေဦးတော်လှန်ရေး ဘယ်လောက်ထိ ခရီးရောက်နေပြီလဲဆိုတာတွေကို KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးအား ဆက်သွယ်မေးမြန်း ဖော်ပြလိုက်ပါတယ်။

မေး-စစ်ကောင်စီဟာ လက်ရှိမှာ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး၊စီးပွား​ရေး ဘက်​ပေါင်းစုံမှာ အကြပ်ရိုက်နေတဲ့ အနေအထားလို့ သုံးသပ်ကြတယ်။ ဒါတွေကို မြင်သာစေတဲ့ အကြောင်းအရင်းအခြေအတွေကို ပြောပြပေးပါလား။

ဖြေ-စစ်ကောင်စီက အဖက်ဖက်မှာ အကြပ်အတည်းတွေ့တာကတော့ အမှန်အကန်ပဲဗျ။ဘာဖြစ်လို့လည်းဆိုတော့ နိုင်ငံရေးဘက်ကြည့်လိုက်မယ်ဆိုရင်လည်း နိုင်ငံတကာဆက်ဆံရေး၊ နိုင်ငံတကာ ဆက်ဆံရေးကြည့်လိုက်မယ် အနီးဆုံးပြောရမယ်ဆိုရင် ၈၈(၁၉၈၈ခုနှစ်) မှာ ဖြစ်ခဲ့တဲ့အရေးအခင်းတွေ အဲဒီနောက်ပိုင်း သူတို့ အနေအထားက လေးငါးခြောက်လအတွင်းမှာ အကုန်လုံးငြိမ်သွားပြီးတော့ ထိန်းချုပ်နိုင်ခဲ့တယ်။ နောက်ပြီးတော့ကုလသမဂ္ဂဘက်မှာလည်း သူ့ကိုယ်စားလှယ်ထားနိုင်တယ်။ နောက်ပြီးတော့ သိပ်မကြာဘူး ၁၉၉၇မှာ အာဆီယံ အဖွဲ့အဝင်အဖြစ် ဝင်ခွင့်ပေးလိုက်တယ်။ ဒါတွေက သူ့ကြုံတွေ့ခဲ့ရတဲ့ဟာတွေ။ အဲဒါကို သွေးနားထင်ရောက်ပြီးဒီတစ်ခါမှာလည်းငါဒီလိုပဲရောက်သွားမှာ ငါ့အဖော် ငါလို့ ဆိုးပေလူမိုက် သုံးနိုင်ငံလောက် ရှိနေရင်ရပါတယ်ဆိုတဲ့ အဲဒီ အပြောမျိုးနဲ့ ပြောတာရှိတယ်။ ဒါပေမဲ့ ဒီကနေ့မှာ သူ အကြပ်အတည်းအများကြီးတွေ့တယ်။ သံတမန်ရေးတိုက်ပွဲမှာသူလုံး၀ကျရှုံးတယ်။ ကုလသမဂ္ဂမှာ ထိုင်ခုံလုံး၀မရှိဘူး။ ယုတ်စွအဆုံးဗျာ ဒီအာဆီယံ ခနော်ခနဲ့ ကချော်ကချွတ် ဒီလိုမျိုး အဖွဲ့ မျိုးတောင်မှ သူဘယ်လိုမှ သူဝင်ပြီးတော့ စကားပြောနိုင်တဲ့အဆင့် အတန်းမရှိတော့ဘူးလေ။ ဆိုတော့ သူ့ကိုလည်း အဝင်မခံဘူး။ အဲဒီ တော့ တခြားဟာတော့ပြောမနေနဲ့တော့။ သံတမန်ရေးတိုက်ပွဲ နိုင်ငံရေးမှာ ရှုံးနေပြီရှင်းတယ်။ လာမယ် စီးပွားရေးတိုက်ပွဲမှာ ဒီထက်ပိုဆိုးလာလိမ့်မယ်။ အထူးသဖြင့် သူ့ရဲ့ ဝင်ငွေလမ်းကြောင်းတွေ ပိတ်ဆို့ရေးအတွက် သူကတော့ နမော်နမဲ့နဲ့ ငါ့မှာ ကုန်ကြမ်းတွေရှိတယ် ဆိုပြီးတော့ သယံဇာတတွေရှိတယ် အဲဒါတွေထုတ် သုံးလို့ရတယ် ရောင်းလို့ရတယ် ရေနံတွေရှိတယ် ပြောရင်ပြောမယ်လေ။ ဒါပေမဲ့ ဒီနေ့ ဒီကာလမှာ ဒီဟာတွေ ရောင်းလိုက်တိုင်း ရောင်းလိုက်တိုင်း ဝင်လာတဲ့ ဝင်ငွေ အကုန်လုံး ပိတ်ဆို့ခံရပြီ။ အခုဘဏ်တွေကိစ္စကို ကြည့်ပါလား။ သူအနောက်က ဘဏ်တွေကိုသူ အားမကိုးရဲတော့ဘူး။ နောက်ဆုံးကြတော့ စင်္ကာပူဘဏ်ကိုအားကိုးလာတယ်။ အခုစင်္ကာပူအပိတ်ခံရတယ်။ စင်္ကာပူဘဏ်ကလည်း သူ့ကို ခါထုတ်လိုက်ပြီ။ အဲဒါကနေ လမ်းကြောင်းထပ်ရှာပြီးတော့ ဒီအရှေ့တောင်အာရှမှာကြည့်လိုက်မယ်ဆိုရင် အနီးဆုံးက ထိုင်းဘဏ်တွေရှိတယ်။ ဒါလည်း ပြောလို့မရဘူး။ အဲဒါမျိုးလက်ခံမလား။ လက်ခံရင်ဒီလမ်းကြောင်းနဲ့ တိုးလိမ့်မယ်။ ဘင်္ဂလာဒေ့ရှ်က စောစောစီးစီးတစ်သန်းကျော်ကျော်လေးနဲ့ သူ့ကိုခါထုတ်လိုက်ပြီ။ ဒီလိုဟာမျိုးက ပိုပြီး ကြပ်သထက် ကြပ်လာမယ်။စီးပွားရေးပိတ်ဆို့မှုနဲ့ပတ်သက်ပြီး သူတို့ဘက်က ဘယ်လောက် အထိရုပ်ပျက်ဆင်းပျက်ဖြစ်လာပြီလဲဆို အိန္ဒြေတောင်မဆည်နိုင်ဘဲ ဘယ်လောက်အထိထုတ်ပြောလာပြီလဲဆိုတော့ ဒီငွေကြေးနဲ့ ပတ်သက်ပြီးတော့ ဒေါ်လာကို လက်နက်သဖွယ်အသုံးပြုလာတယ်လို့ပြီးခဲ့တဲ့မော်စကို မှာလုပ်တဲ့ အစည်းအဝေးတစ်ခုမှာ အွန်လိုင်းကနေထပ်ပြီးတော့အော်နေတာကြားရတယ်လေ။ အဲဒါ ဘာကို ဖော်ပြသလဲဆို သူတို့ စီးပွားရေးမှာ လုံး၀ အကြပ်အတည်းတွေ့ပြီး လုံး၀ အိန္ဒြေမဆည်နိုင်တော့ဘူး ဒီတစ်ခါတော့ ငါတော့ထိပြီကွာလို့ တရားဝင် ထုတ်ပြောလိုက်တာပဲလို့ နားလည်ရတယ်လေ။ စီးပွား​ရေးပိတ်ဆို့မှုအထူးသဖြင့်ဘဏ်​တွေကိုထိထိ​ရောက်​ရောက်အ​ရေးယူလာတဲ့အခါမှာ မအလ ကိုယ်တိုင်ဝန်ခံလိုက်တာပဲ။ တိုင်းပြည်မှာကြုံတွေ့နေရတဲ့ စီးပွားရေး ကမောက်ကမတွေ ထိန်းမနိုင်သိမ်းမရတဲ့ အနေအထားတွေ။ ကျွမ်းထိုးမှောက်ခုံဖြစ်တဲ့အနေအထားတွေက အခုကရွှေတစ်ကျပ်သား သိန်း ၄၀ရောက်တော့မယ်လေ။ လုံး၀ သူထိန်းချုပ်နိုင်တဲ့ အနေအထား မရောက်တဲ့ အခါ စီးပွားရေးက သူဘယ်လို ကိုင်တွယ်မလဲ။ လူထုက တကယ် ငတ်ပြတ်လာပြီဆိုရင် တော့ ဒါကတော့ ရှင်းတယ်လေး တော်လှန်ရေး မင်းဘယ်လိုက်မလဲ။ အဲဒါက ရှင်းရှင်းလေးပဲ။ စစ်ရေးဘက်မှာကတော့ဗျာ အဲဒါမျိုးတွေဖြစ်လာပြီဆိုရင် စစ်ရေးဘက်မှာပိုပြီး အားသာလာမယ်။ကျနော်တို့မှာ စိတ်ဓာတ်ရေးရာအရ ပိုမြင့်လာပြီးတော့ ဘယ်သူ့မှ မပေးရင်နေပါစေ ဘယ်သူ့မှ အကူအညီ မပို့ရင်လည်းနေပါစေတော့ ဒါပေမဲ့ အဲဒီလိုမျိုးစိတ်ဓာတ်ရေးရာမှာပိုပြီးမြင့်တက်လာပြီးတော့ လိုလျင်‌ကြံဆ နည်းလမ်းရဆိုတဲ့အတိုင်း ပိုပြီးတော့ ကြံဆလာမယ် လမ်းကြောင်းတွေရှာမယ် ပိုပြီးတော့ ဖောက်ထွက်လာနိုင်မှာပဲ ဒီအတွေးတွေက။ အဲဒါကြောင့်မို့ ဒီဘက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ ရုပ်လုံးအကောင်အထည်ပေါ်လာပြီဆိုတာကျနော်တို့ပြောနိုင်တယ်။

မေး-စစ်တပ်နိုင်ငံရေးကနေဖယ်ပေးရမယ်၊ ၂၀၀၈ ဖွဲ့စည်းပုံဖျက်ပြီး ဖက်ဒရယ်ဖွဲ့စည်းပုံ ရေးဆွဲရမယ်။ အသွင်ကူးပြောင်းရေးကာလတရားမျှတမှု ဖော်ဆောင်ရမယ်၊ နိုင်ငံတကာ ပါဝင်မှုကို လက်ခံရမယ်စတဲ့ အချက်တွေကို KNU က ခိုင်ခိုင်မာမာ ကိုင်စွဲထားတယ်။ ဒီအချက်တွေဟာ စစ်ကောင်စီ လက်မခံတဲ့ အချက်တွေလည်းဖြစ်နေတော့ ဒီအခြေအနေအောက်မှာ ဆွေးနွေးညှိနှိုင်းမှု ဆိုတာ ဖြစ်လာဖို့ ခက်မယ်လို့ထင်ပါတယ်။ဆိုတော့ တော်လှန်ရေးကို ဘယ်လိုနည်းလမ်းနဲ့ အဆုံးသတ်မယ်လို့ စဉ်းစားနိုင်ပါသလဲ။ စစ်ရေးနဲ့ပဲဖြစ်မလား။

Public Service Announcement

Public Service Announcement

ဖြေ- ဟုတ်တယ်။ ကျနော်တို့ရဲ့ နိုင်ငံရေးတောင်းဆိုချက်ဖြစ်တဲ့ ကျနော်တို့ ရပ်တည်ချက်လို့ပဲ ပြောလို့ရတယ်။ကျနော်တို့ မူဝါဒလို့လည်း ပြောလို့ရတယ်။ အထူးသဖြင့် စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ကျနော်တို့တောင်းဆိုချက်လေးချက်ပဲ။နိုင်ငံရေးဆွေးနွေးပွဲဆိုတာရှိရမယ်။ ဒါပေမဲ့ အဲဒီ လေးချက်လက်ခံရမယ်။တစ်အချက် နိုင်ငံရေးက ထွက်ရမယ် စစ်တပ်လုံး၀ မပါရတော့ဘူး။ အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုကိုလက်ခံရမယ်။ကိုယ်ကျူးလွန် ခဲ့သမျှ အမှုတွေ အကုန်လုံး တာဝန်ခံရမယ်။ ဒါလက်ခံရမယ်။ နံပတ်သုံးအချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကေရစီဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကိုလက်ခံရမယ်။ နံပတ်လေးအချက်ကတော့ဘယ်ဆွေးနွေးပွဲမဆို နိုင်ငံတကာ ပါဝင်ပတ်သက်မှုရှိရမယ်။ အဲဒါတွေက သူ(စစ်ကောင်စီတပ်) ခါးခါးသီးသီး ခါးခါးတူးတူး အကုန်ငြင်းပယ်ခဲ့တဲ့ဟာတွေပဲ။ အခုလည်း ငြင်းပယ်တုန်းပဲ။ ဒါပေမဲ့ ဒီဟာတွေ ဒီအတိုင်းငြင်းပယ်လို့မရဘူးဗျ။ ဝက်အူရစ်က တစ်ဖြည်းဖြည်း ကြပ်သထက် ကြပ်လာမယ်။ နိုင်ငံတကာရဲ့ဖိအားတွေ ပြည်တွင်း ဖိအားတွေ အကုန်ပဲ။ ကျနော်တို့ ခေါင်းဆောင်ကြီး(စောဘဦးကြီး) ပြောသွားတယ်။ ကျနော်တို့ တိုင်းပြည် အထူးသဖြင့် ကျနော်တို့ ကရင်ပြည်ကို အပြည့်အ၀ အသိအမှတ်ပြုခြင်း ခံရမယ့်တစ်နေ့ဟာ နည်းလမ်းသုံးသွယ်နဲ့ သွားရမယ်ဆိုတာ။ တစ်အချက်က စေတနာရှိလို့ပေးတာဖြစ်မယ်။ ဒါကတော့ ညှိနှိုင်းဆွေးနွေးခြင်းအားဖြင့်သာလျင်ရမယ့်နည်းလမ်းပေါ့။ ဒုတိယအချက် က တိုက်ယူလို့ရမယ်။ ကျနော်တို့ တိုက်ခဲ့ပြီးပြီ။ နှစ် ၇၀ ကျော်ပြီ။ ဒါပေမဲ့ လက်လွှတ်လို့မရဘူး။တိုက်ယူလို့ မရဘူးဆိုပေမယ့် အဲဒီနည်းလမ်းကို လက်လွှတ်လို့မရဘူး။ ဆက်ပြီးတော့ ဖိအားပေးသွားရမှာပဲ။နံပတ်သုံးတစ်ချက်ဖြစ်တဲ့ အဖက်ဖက်ကနေ အကြောင်းအခြင်းအရာ ပေါင်းစုံကနေ ဖိအားပေးခြင်းအားဖြင့် ဆိုလိုတာကပြည်တွင်းပြည်ပ ဘက်ပေါင်းစုံကနေ ဖိအားပေးခြင်းအားဖြင့် ကျနော်တို့ကရင်ပြည်ကို အသိအမှတ်ပြုခြင်းခံရမယ်ဆိုတာဒါဟာ ဒီနေ့ ဒီကာလမှာဖြစ်ရှိလာတဲ့အခြေအနေနဲ့လုံး၀ သက်ဆိုင်နေပါတယ်။

ကျနော်တို့ တောင်းဆိုချက် လေးချက်ဖြစ်လာဖို့အတွက်ဒီအတိုင်းမရဘူးဗျ။ အကုန်လုံးဖိအားပေါင်းစုံနဲ့လာရမှာပဲ။ နိုင်ငံရေးအရရော စီးပွားရေးအရရော သံတမန်ရေးအရရော စစ်ရေးအရရော အကုန်လုံးဖိအားပေးမှ။ပြည်တွင်းထဲမှာဆိုရင် အရင်တုန်းကဆိုရင် ကရင့်တော်လှန်ရေးကို ကရင်လူမျိုးတွေပဲထောက်ခံတယ်။ဒါက မဆန်းဘူး။ဒါပေမဲ့ အဲဒီ ကျနော်တို့ ကရင်တော်လှန်ရေးက စပြီးတော့ နောက် ဆုံးကြတော့ တခြားလူမျိုးတွေပါလာတယ်။မွန်တို့ ကချင်တို့ ချင်းတို့၊နောက်ဆုံးရခိုင်ပါလာတယ်ဗျာ။ လူမျိုးစုတွေထဲမှာအင်နဲ့အားနဲ့ပါလာတယ်။ ကဲ ဗမာကရော ။ ဗမာလည်းလူမျိုးစုတစ်စုပဲ ဒီတိုင်းပြည်မှာ။ နောက်ဆုံးကျတော့ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ကျတော့ ဗမာလည်း မနေသာတော့ဘူး။ အိမ်မီးတွေရှိုတယ် ၊သတ်တာဖြတ်တာ တွေ သူလည်းမခံစားနိုင်တော့ဘူး။ နောက်ဆုံးဗမာလည်းပါလာတာပဲ။ ဒီလိုမျိုးပါလာတဲ့နောက်မှာကတော့ ဒီတော်လှန်ရေးက မအောင်ဘူးကိုမရှိတော့ဘူး။အောင်ကို အောင်မယ်ဆိုတာ သေချာတယ်။ အဲဒါကြောင့်မို့ ဘာပဲဖြစ်ဖြစ်ကျနော်တို့ရည်မှန်းချက် ဖြစ်တဲ့ကျနော်တို့ ကြွေးကြော်ချက်ဖြစ်တဲ့ ဒီလေးချက်က စစ်တပ်နိုင်ငံရေးကနေ ဖယ်ရမယ်ဆိုတာ ဒါကတော့ အကြောင်းမဲ့ပြောတာမဟုတ်ဘူး။ ဒီဖိအားပေါင်းစုံနဲ့ပြန်ကြုံလာပြီဆိုရင် သူလက်မခံဘဲ နေလို့မရဘူးလက်ခံရမှာပဲ။ ဖြစ်ကိုဖြစ်လာရမှာပဲဆိုတာတထစ်ချယုံကြည်တယ်။

မေး-KNU ဥက္ကဋ္ဌပဒိုစောကွယ်ထူးဝင်းက နိုင်ငံရေးနည်းအရ အဖြေရှာတာ အကောင်းဆုံးဖြစ်ပေမယ့် စစ်ကောင်စီကြောင့် နိုင်ငံရေးလမ်းစပျောက်သွားရတယ်လို့ ပြောထားတာရှိပါတယ်။ အဲဒီလို နိုင်ငံရေးလမ်းစပျောက်အောင် လုပ်ခဲ့တဲ့ စစ်ကောင်စီအနေနဲ့ အခုအချိန်မှာ နောင်တရနေနိုင်လား။ ဘယ်လိုမြင်ပါသလဲ။

ဖြေ- ဟုတ်ပါတယ်ခင်ဗျာ။ ဒီ နိုင်ငံရေးလမ်းကြောင်းနဲ့ပဲ နိုင်ငံရေး ဖြေရှင်းမှု လမ်းကြောင်းနဲ့ပဲ ကျနော်တို့ ပြဿနာတွေကို ဖြေရှင်းရမယ်ဆိုတာကို တောက်လျှောက်လုံးပဲ စွဲကိုင်လာတယ်။ ဒါပေမဲ့စစ်အာဏာသိမ်းတဲ့ အခါမှာကြတော့ အဲဒီက နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာမယ်ဆိုတဲ့လမ်းစ ပြောက်သွားတယ်ဆိုတာ ကျနော်တို့ ဥက္ကဋ္ဌ ကိုယ်တိုင် ပြောခဲ့တာ ဒါ အမှန်တရားပဲလေ။ အဲဒါကြောင့်မို့လို့ ကျနော်တို့ကတော့ ဘယ်လိုပဲ ဖြစ်ဖြစ်ကျနော်တို့ဘက်က မြင်တာကတော့သူ(မင်းအောင်လှိုင်နှင့် စစ်အုပ်စု)ကတော့ ဘယ်လိုမှ နောင်တရနိုင်စရာ အကြောင်းမရှိဘူး။ အဖက်ဖက်က အကြပ်အတည်းတွေ့လာပြီ တစ်နေ့ကျရင် သူလက်လှန်သွားရမယ်ဆိုတာတော့ ကျနော်တို့ မြင်တယ်။ ဒါပေမဲ့ သူကတော့ ဆိုးလက်စနဲ့ ဆက်ဆိုးမယ့်ပုံတော့ ဖြစ်နေတာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ မထူးတဲ့ ဇာတ်ခင်းနေတဲ့သူတစ်ယောက်က ဘာမှ ထူးတော့မှာ မဟုတ်ဘူး ။ သွားပြောနေရင်လည်း ဘာမှ ထူးတော့မှာမဟုတ်ဘူး။အဲဒါကြောင့်မို့လို့ကိုယ့်ဘက်က သေချာအောင် လုပ်ရမယ့်အပိုင်းပဲရှိတော့တယ်။ ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်မယ်။ ကိုယ်ပြင်ဆင်စရာရှိတာ ကိုယ်ပြင်ဆင်မယ်။ ကိုယ်ရည်မှန်းချက်ထားတဲ့ဟာကို ရောက်အောင်၊ မရောက်ရောက်အောင် သွားဖို့ပဲရှိတယ်။ သူ့ဘက်ကတော့ ကြည့်ရတာကတော့ ဘာမှ အချိုးပြောင်းမှာ မဟုတ်ဘူး။မိုက်လက်စနဲ့ ဆုံးအောင်မိုက်မယ့် ပုံစံပဲ မြင်နေရတယ်။ နောင်တရတဲ့ ပုံစံတော့ ဖြစ်နိုင်စရာမရှိဘူး။ ဘာကြောင့်လဲဆိုရင် သူ့လုပ်နည်းလုပ်ဟန်တွေ နေ့စဉ်နဲ့အမျှ ရွာမီးရှို့တာတွေလူသတ်တာတွေက ဘာတစ်ခုမှ ပြောင်းလဲလာတာမတွေ့ဘူး။ အခုကသုံးနှစ်ပြည့်တောမှာလေ။အဲဒါကြောင့်မို့လို့ ဒီအချိုးတွေ က တစ်ချက်မှ မပြောင်းတဲ့အပေါ်မှာ သူအဲဒီလို လုပ်လေ သူနွံထဲ နစ်သထက်နစ်လေ။ ဒီလိုလုပ်လေ သူစစ်ရာဇဝတ်မှုတွေ ကျူးလွန်ရင်းနဲ့ စစ်ခုံရုံးကိုပြန်တက်ရမယ်ဆိုတာ ဒါရှင်းနေတာပဲလေ။

မေး- မင်းအောင်လှိုင်ဟာ သူလက်မှတ်ရေးထိုးခဲ့တဲ့ NCA ရဲ့ အနှစ်သာရတွေကိုသူကိုယ်တိုင် ချိုးဖောက်ပြီး အာဏာသိမ်းခဲ့တာ့ NCA ဟာ ပျက်ပြယ်သွားပြီ လိုက်နာစရာအကြောင်းမရှိတော့ဘူးလို့ KNUက ရှင်းရှင်းလင်းလင်းပြောပြထားတာတွေ့ရတယ်။ NCA အတိုင်း ဆက်သွားဖို့ မျှော်လင့်နေတဲ့ EAO အချို့အပေါ် ဘာပြောလိုသလဲ။

ဖြေ-NCAနဲ့ပတ်သက်ပြီးတော့ ကျနော်တို့က ရှင်းရှင်းလေးပဲလေ။ မင်းအောင်လှိုင်ကိုယ်တိုင်က သူလက်မှတ်ရေးထိုးခဲ့တယ်။ အဲဒီ သူလက်နဲ့ရေးခဲ့တာကို သူ့ခြေထောက်နဲ့ပဲ ၂၀၂၁ ဖေဖော်ဝါရီလ ၁ရက်နေ့မှာပဲ သူ့ခြေထောက်နဲ့ ဖျက်ဆီးခဲ့တယ်။ အဲဒါပြီးတဲ့နောက် မှာ ဘာမှ ရှည်ရှည်ဝေးဝေး ပြောနေစရာမလိုဘူး။ အဲဒီ ကတည်းက NCA ကအဆုံးသတ်ပြီဆိုတာ ကျနော်ကိုယ်တိုင်က တောက်လျှောက်ပဲ ပြောနေတာပဲ။ အဲဒါကြောင့်မို့လို့ ပြောချင်တာကတော့ ဘာမှ ဆက်လုပ်လို့မရတော့ဘူးအဲဒီအပိုင်းမှာ။ အဲဒါကြောင့်မို့စစ်အာဏာရှင် ကျရှုံးရေးအတွက်ပဲ ဆက်ပြီးတော့ တွန်းသွားတာရှိတယ်။ ဆိုတော့ အဲဒီ အပိုင်းမှာ ပြောရမယ်ဆိုရင် တစ်ခုပဲရှိတာက အဲဒီအပေါ်မှာ ဆက်ပြီးတော့ လုပ်သွားလို့ရသေးပါတယ်ဆိုတဲ့ အဖွဲ့တွေကလည်း ရှိသေးတယ်။ ဒါပေမဲ့ ကျနော်တို့ ဘာမှ မပြောလိုပါဘူး။ ကျနော်တို့ ရှင်းရှင်းလင်းလင်းမြင်တာကတော့ အင်မတန် မဲမှောင်လှတဲ့ မဟူရာညကြီးထဲမှာ ကိုယ့်မျက်လုံးကို ပိတ်(ပိတ်စ)နဲ့တစ်ခါတည်း စည်းထားပြီးတော့ လျှောက်သွားနေတဲ့ လူပုံစံနဲ့ အရမ်းတူတယ်။ဘာဖြစ်လို့လည်း ဆိုတော့ ရှေ့မှာ ခလုတ်တိုက်မလား၊ ရှေ့မှာ ချောက်ထဲ ကျမလား၊ ရှေ့မှာ သစ်ပင်နဲ့ ပြန်တိုက်မိမလားဆိုတာ ဘာမှ မမြင်ဘဲနဲ့ လျှောက်သွားနေတဲ့ လူတွေနဲ့အတူတူပဲ။ အဲဒါကြောင့်မို့လို့ ဘာမှ မပြောလိုတော့ဘူး။ ကျနော်တို့ ဘက်မှာကတော့ နေ့ခင်းမှာ လမ်းသွားသလိုပဲ ဘာကို မြင်နေရလဲ ဘယ်နားမှာ ခရီးဆုံးမယ်ဆိုတာ ရှင်းရှင်းလင်းလင်း မြင်နေရတယ်။ အဲဒါကြောင့် ကိုယ်သွားမယ့်လမ်း ရဲရဲသတ္တိအပြည့် ကိုယ်ယုံကြည်မှု အပြည့်နဲ့ရှိတယ်ဆိုတာကို ပြောချင်တယ်။

မေး-အခုစစ်ကောင်စီကိုတစ်နိုင်ငံလုံးမှာတိုက်နေတယ်။ စစ်ရေး၊ နိုင်ငံရေး အဘက်ဘက်က ကျရှုံးနေတယ်ဆိုတဲ့ အခြေအနေမှာ ​တော်လှန်​ရေးအဖွဲ့​တွေက တော်လှန်ရေးအောင်မြင်ဖို့ ဘာလုပ်သင့်တယ်လို့ မြင်ပါသလဲ။

ဖြေ-ဒီကနေ့မှာဘာလုပ်သင့်လည်းဆိုတော့ အဓိက အချက်က ကျနော်တို့ အချင်းချင်းကြားမှာ စည်းလုံးညီညွတ်မှုက ဆက်ထိန်းထားရမယ်။ ကျနော်တို့လှုပ်ရှားမှုတိုင်းလှုပ်ရှားမှုတိုင်းမှာနိုင်ငံရေးအရရော ၊စစ်ရေးအရရော ဟန်ချက်ညီညီလုပ်သွားဖို့တော့လိုတယ်။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေအချင်းချင်း ကျနော်တို့ စည်းကမ်းလိုက်နာမှုအပိုင်းမှာ ပိုပြီးတော့ကောင်းသထက်ကောင်းအောင် လုပ်သွားဖို့တော့ရှိတယ်။ အထူးသဖြင့် လူထုဆန့်ကျင်ရေးတွေ မလုပ်မိဖို့သိပ်အရေးကြီးတယ်။ လူထု ဆန့်ကျင်ရေးလုပ်သွားပြီဆိုရင် အဲဒီ အဖွဲ့ရဲ့ကျရှုံးမှုကလာပြီနော်။ အဲဒါ သတိပေးချင်တယ်။အဲဒါကြောင့်မို့ ဒီနေ့ဒီအခါမှာ ကျနော်တို့ အောင်မြင်မှုတွေရလာတယ်။ ဒါပေမဲ့ ဒီအောင်မြင်မှုတွေ ဆက်ထိန်းထားပြီးတော့ ကျနော်တို့ အပြီး သတ် အောင်ပွဲ ဆင်နိုင်တဲ့အထိဆိုရင်တော့ ကျနော်တို့ လိုအပ်ချက်က ပြည်သူလူထုရဲ့ ထောက်ခံမှုကို အပြည့်အ၀ လိုအပ်ပါတယ်။ ဒီနေ့ဒီကာလမှာ ကျနော်တို့ ဆင်နွှဲတဲ့ စစ်ပွဲက ပြည်သူလူထုအားနဲ့သွားနေတာဖြစ်တယ်။ အဲဒါကြောင့်မို့လို့ လူထုဆန့်ကျင်ရေးကို မလုပ်မိဖို့ အင်မတန်အရေးကြီးတယ်။လူထု အင်အားဟာ မခမ်းနိုင်တဲ့ အင်အားတွေဖြစ်တယ်။ ကျနော်တို့ဘာတွေလိုချင်လဲ လိုချင်တဲ့ ဆေးဝါးကိရိယာပဲလိုချင်သလား၊ ဆေးဝါးတွေပဲလိုချင်သလား ကျနော်တို့ လက်နက်လိုချင်လား၊ကျနော်တို့ ငွေကြေးပဲ လိုချင်လား ကျနော်တို့လိုချင်တာ အကုန်လုံးက လူထုဆီကပဲလာတာဖြစ်တယ်။ အဲဒါကြောင့်မို့လို့ တခြားအင်အားတွေဖြစ်တဲ့ နိုင်ငံတကာရဲ့ ပံ့ပိုးမှုဆိုတာ အရန်အင်အားပဲဖြစ်တယ်။ ကျနော်တို့ လက်ရှိ ကြုံတွေ့နေရတဲ့ အနေအထားက ဒါအရန်အင်အားပဲ။ ပထမဦးဆုံး ကျနော်တို့ရဲ့ လူထုထောက်ခံမှုနဲ့ ကျနော်တို့ ဒီပွဲတွေကို ပြသနိုင်ရမယ်။ ဆိုလိုတာက ဘယ်ပွဲမှာ ဘယ်လောက်ထိ လက်စွမ်းပြနိုင်ပြီလဲ ။ ဒါတွေလက်စွမ်းပြနိုင်ပြီဆို နိုင်ငံတကာရဲ့ ပံ့ပိုးမှုက နောက်မှလိုက်လာမှာဗျ။အဲဒါတွေကအဓိက ကျတယ်။ အဲဒါကြောင့်မို့ ကျနော်တို့ ဘက်မှာ နိုင်ငံတကာကို အလွန်အကျူး မျှော်လင့်မထားဖို့တော့လိုတယ်။

မေး။ ။ နိုင်ငံတကာ အကူအညီတွေ မရသေးတဲ့ အခြေအနေအောက်မှာ ပြည်သူလူထုတွေနဲ့ တိုင်းရင်းသား​တော်လှန်​ရေးတပ်တွေ၊ PDF တွေ ပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေတာ အောင်မြင်မှု​တွေရလာတာ တွေ့ရတယ်။ ဒီအပေါ် ဘယ်လိုမြင်မိလဲ။ NDAAလိုဟာ အပါအဝင် နိုင်ငံတကာ အကူအညီတွေကရော တစ်ကယ်​ရောရနိုင်တယ်ထင်ပါသလား ။

ဖြေ-ကျနော်တို့မှာ အခုတော့အမေရိကန် ပြည်ထောင်စုကနေ NDAA ဆိုတာ ကတော့ ဥပဒေအရ ကွန်ကရက်မှာ အတည်ပြုတယ်။သမ္မတကလည်း လက်မှတ်ထိုးထားတာရှိတယ်။ ဒါပေမဲ့ ဒါတွေလုပ်ရမယ့်လုပ်ထုံးလုပ်နည်းတွေကများတယ်။ စပြီးတော့ စကားပြောရမယ် ညှိနှိုင်းရမယ်။ သူ့အစိုးရ အဖွဲ့ထဲမှာတင်မပြီးဘူး။ သူ့ကွန်ကရက်နဲ့ ပြန်ညှိရတဲ့ အပိုင်းတွေရှိတယ်။နောက်ပြီး အစိုးရထဲမှာ ဌာနတစ်ခုနဲ့ တစ်ခုက မတူဘူး အဲဒါ ပြန်ညှိရတဲ့အပိုင်းတွေရှိတယ်။ အဲဒီလုပ်ထုံးလုပ်နည်းတွေက အများကြီး ရှိတဲ့အပေါ်မှာကတော့ တစ်လကြာမလား တစ်နှစ်ကြာမလား ကျနော်တို့ပြောလို့မရဘူး။ ဒါပေမဲ့ အဲဒီအတောအတွင်းမှာ ကျနော်တို့လုပ်ရမယ့်အလုပ်က ရပ်ထားလို့မရဘူး။ အဲဒါကြောင့်မို့လို့ ပြည်သူလူထုထောက်ခံမှုက သိပ်အရေးကြီး တယ်။ ဒီကြားထဲမှာလူထု ဆန့်ကျင်မှုကို မခံရဖို့ဆိုတာ အမြဲတမ်းသတိထားရမယ်။ လူထုဆန့်ကျင် ရေးမလုပ်မိဖို့ အင်မတန်သတိထားရမယ့်အလုပ်ဖြစ်တယ်။ ဒါကတော့ တကယ်အရေးကြီးတဲ့ အချက်ပဲ။ ဒီဟာတွေလိုက်လျှောက်နိုင်မယ်ဆိုရင်ကျနော်တို့တော်လှန်ရေးမှာ အင်မတန်မြန်ဆန်တဲ့ ဖြစ်ပေါ်ပြောင်းလဲမှု တွေဖြစ်ပေါ်လာမှာပဲ။ စောစောက ကျနော် ပြောသလိုပဲ ကျနော်တို့လိုချင်တဲ့ စစ်ရေးပံ့ပိုးမှုတွေ၊ ကျနော်တို့လိုချင်တဲ့ဘဏ္ဍာရေးပံ့ပိုးမှုတွေ၊ကျနော်တို့ လိုချင်တဲ့ ဆေးဝါးတွေက ဘယ်မှာမှ မရဘူး လူထုဆီက ပဲရမှာ။ အဲဒါတွေအကုန်လုံးက လူထုသာလျင် အခရာပဲ။ ဒီပွဲကကျနော်တို့က အတွေ့အကြုံနဲ့ ရင်းပြီးပြောတာ။

ကျနော်တို့ တော်လှန်ရေး နှစ် ၇၀ လုံးလုံးမှာ ဘယ်နိုင်ငံတကာမှ ဟက်ဟက်ပက်ပက်ကူညီတာမရှိဘူး။ လူသားချင်းစာနာထောက်ထားမှု အကူအညီ ဒုက္ခရောက်နေတဲ့ ကျနော်တို့လူထုတွေ မငတ်မပြတ်အောင် ကူညီတာက လွဲလို့ တခြားဘာမှ မကူညီဘူး။ အဲဒါ ကျနော်တို့ သိဖို့လိုတယ်။ အဲဒီ လူသားချင်းစာနာထောက်ထားမှု အကူအညီတောင်မှ လမ်းကြောင်းမတည့်တဲ့ဟာနဲ့လျှောက်လုပ်ပြီးနောက်ဆုံးကျ အဲဒါတောင် မရဘူးဆိုရင် ကိုယ့်အတွက်အများကြီး ဒုက္ခပေးလာနိုင်စရာ အကြောင်းရှိတယ်။ အဲဒါကို သတိထားဖို့တော့လိုတယ်။ ဆိုလိုတာက ဒီနေ့ဒီကာလမှာဒုက္ခရောက်နေတဲ့ ကိုယ့်လူထုတွေကရင်ဒေသမှာ ၆သိန်းကျော်ပြီ တစ်ပြည်လုံးမှာ ၂သန်း ကျော်တယ်။ အဲဒီလူထုနိုင်ငံတကာ ကြွေးမယ်ဆိုရင် ကျနော်တို့တခြား ဘက်မှာ ပိုပြီးအာရုံစိုက်လာနိုင်မယ်။ စစ်ရေးဘက်မှာရော တခြားတိုက်ပွဲတွေမှာ ပိုပြီးအာရုံစိုက်လာနိုင်မယ်။ အဲဒါတွေနဲ့တခါတည်း လုံးလည်ချာလည် ပြီး တခါတည်းပြန်ပြီး အလုပ်ရှုပ်နေမယ်ဆိုရင် တော်တော်ကြီး ခရီးဖင့်နေမယ်။ အဲဒါကိုလည်း ရန်သူက သိတယ်။စစ်ကောင်စီက ကောင်းကောင်းသိတဲ့အပေါ်မှာ လူထုကိုကောင်းကောင်း ဒုက္ခပေးတယ်။လူထုဟာ ကျနော်တို့အင်အားဖြစ်တာနဲ့အညီ အဲဒီ အင်အားကို သူတို့က ရိုက်ချိုးပစ်လိုက်တာ။ အဲဒါကြောင့် မို့ဗုံးနဲ့လိုက်ကြဲတာ မီးရှို့သတ်ဖြတ်တာ၊ နောက်ပြီး လက်နက်ကြီးနဲ့လျှောက်ပြီးထုပြီး မဆီမဆိုင်နဲ့ လူထုကို ပစ်မှတ်ထားပြီးလုပ်တယ်ဆိုတာ အဲဒါကျနော်တို့ အင်အားကိုဖျက်ဆီးပစ်လိုက်တာ။ ဒါပေမဲ့ ဒီအင်အားဟာ ကိုယ့်အင်အားဟာ ကိုယ့်အင်အားပါပဲ ဒါပေမဲ့ထိန်းသိမ်းထားဖို့တော့လိုတယ်။

မေး-တဖက်မှာလည်း ကရင်လက်နက်ကိုင်အဖွဲ့အချို့ အပါအဝင် တော်လှန်ရေးအဖွဲ့အမည်ခံ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက စစ်ကောင်စီနဲ့ စကားပြောနေတာ အပစ်ရပ်ထားတာ၊ တော်လှန်ရေးမှာ ပါသလိုလို မပါသလိုလို လုပ်နေတာ​တွေလည်း​တွေ့ရပါတယ်။ ဒီအချိန်မှာ ပြတ်ပြတ်သားသား ဖြစ်ဖို့ ဘာပြောလိုပါသလဲ။

ဖြေ-ကျနော်စောစောကပြောသလိုပေါ့နော် ဒီပွဲက အခုလက်ရှိမှာကျနော်တို့ကရင်ရယ်၊ ကချင်ရယ်၊ ကရင်နီရယ် ချင်းရယ်နောက်ပြီး မကွေး၊ စစ်ကိုင်း ဒါကအဓိက သာပဲ။ ကျန်တဲ့ အဖွဲ့တွေအများကြီးရှိပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေ။ စစ်ကောင်စီကိုလုံး၀ မကြိုက်ဘူးဆိုတာကျနော်တို့ လေးလေးနက်နက် ယုံကြည်တယ်။ ဒါပေမဲ့ ထဲထဲဝင်ဝင် ပြောင်ပြောင်တင်းတင်း မပါလာဘူးဆိုပေမယ့်လို့ကိုယ် ပါနိုင်တဲ့ အနေအထားမှာပါကြပါလို့ ပြောချင်တယ်။ သူ့အကြောင်းနဲ့သူရှိတယ်။ သူတိုက်ရိုက်မပါနိုင်တဲ့ အနေအထားရှိတယ် ဒါကလည်း ဘာမှ အပြစ်ပြောစရာ မလိုဘူး။ သူလုပ်နိုင်တဲ့ အနေအထားမှာလုပ်ပါ။ ကျနော်တို့ တော်လှန်ရေးကို မဆန့်ကျင်ဘူးဆိုရင်တော့ကူနိုင်တဲ့ အနေအထားမှာကူကြပါ။ ဘေးက ကူတာပဲ ပြောပြော နောက်က ကူတာပဲ ပြောပြော အရေးမကြီးဘူး။ကူဖို့ပဲလိုတယ်။ ဘယ်လိုနည်းနဲ့ပဲ ကူကူ ကျနော်တို့တော်လှန်ရေးက ရှေ့ရောက်ဖို့ပဲ။ ကျနော်တို့ကိုယ်တိုင်ကတော့ရှေ့ကသွားပြီး လုပ်မယ်ဗျာ။ ပွဲခင်းထဲကို မထွက်လာချင်တဲ့သူတွေကတော့ ဘေးကပဲ ကူကူ နောက်ကပဲ ကူကူ၊ ရှေ့ကပဲ ကူကူ ၊ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော်တို့ကို အဟန့်အတား မလုပ်ဘူးဆိုရင် တော်ပါပြီ။ကျနော်တို့က ဘယ်လိုပဲ ဖြစ်ဖြစ် စစ်အာဏာရှင်စနစ် ဘယ်အာဏာရှင်စနစ် မဆို ပြုတ်ကျရေးအတွက် ဒီတိုင်းပြည်အပြောင်းအလဲတစ်ခုပေါ့ ။ ကျနော်တို့ ဒေသချည်းပဲ အပြောင်းအလဲမဟုတ်ဘူး တိုင်းပြည်တစ်ပြည်လုံးရဲ့ အပြောင်းအလဲကို ဦးစားပေးလုပ်တဲ့အခါ ရှေ့ကနေပဲ သွားမယ် ဘယ်တော့မှ နောက်ကနေ မနေဘူး။ အဲဒါကြောင့်မပါလာသေးဘူးဆိုရင် ဖြစ်နိုင်တဲ့နည်းနဲ့ ကူကြပါလို့ပဲ ကျနော်ပြောချင်တယ်။

မေး။ ။ အခုအချိန်မှာ မင်းအောင်လှိုင်နဲ့ စစ်အုပ်စုရဲ့ ထွက်ပေါက် ပေါ့နော် အကောင်းဆုံးအခြေအနေက ဘာဖြစ်တယ်ဆိုတာ သူတို့ကို သတင်းစကားပါးလိုပါသလဲ။တော်လှန်ရေး အဆုံးအဖြတ် တိုက်ပွဲတွေ မကြာမီရှိလာနိုင်တော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဘာသတင်းစကား ပေးလိုပါသလဲ။

ဖြေ။ ။ နောက်ဆုံးအနေနဲ့ စစ်ကောင်စီဘက်ကို ကျနော် ပြောချင်တာကတော့ အချိန်ကတော့ ရှိပါသေးတယ်။ အချိန်က မရှိတာတော့ မဟုတ်ဘူး ရှိပါသေးတယ်။ ဒါပေမဲ့နည်းတော့ နည်းသွားပြီဗျ။ ဘာဖြစ်လို့လဲဆိုရင်ကျနော်တို့ တောင်းဆိုချက်ထဲမှာ အဓိက အချက်ထဲမှာ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုတာပါတယ်လေ။

ကျနော်တို့ဘက်ကိုကူးပြောင်းလာမယ်ဆိုရင် ကျနော်တို့ လမ်းဖွင့်နေတုန်းပါပဲ။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်နော် အဲဒီမှာ တကယ့်လူမျိုးသုဉ်းသတ်ဖြတ်မှုတို့ တကယ့် စစ်ရာဇဝတ်မှုကြီးတွေကျူးလွန်မယ်ဆိုင်တော့ ကျနော်တို့မှာရှိတဲ့ တရားစီရင်ရေးစနစ်နဲ့ပဲရင်ဆိုင်သွားရမယ်။ကျနော်တို့ အသားလွတ်ကြီး ခွင့်လွှတ်မှာမဟုတ်ဘူး။ သူ့နည်းလမ်းတကျနဲ့ သွားရမှာတော့ဖြစ်တယ်။ ဒါပေမဲ့ အဲဒီလိုမှ မဟုတ်ဘဲ ဆက်ပြီးတော့ မိုက်တွင်းနက်မယ်ဆိုရင်တော့ အဆုံးသတ်ရမယ့်ဇာတ်လမ်းကသိပ်ပြီးတော့ ကောင်းမှာ မဟုတ်ဘူးဆိုတာရှင်းနေတာပဲလေ။ ကမ္ဘာမှာလည်းသာဓကတွေအများကြီးရှိခဲ့ပါတယ်။ အင်မတန်မှ ကြီးကျယ်ပြီးတော့ သူ့ကိုယ်သူကြီးကျယ် ခမ်းနားတဲ့ အာဏာရှင်ကြီးတွေဖြစ်တဲ့ ဆဒမ်ဟူစိန်တို့ ၊လစ်ဗျားက ကဒါဖီတို့ ဆိုတာလည်း ဒီလိုပါပဲနိုင်ငံတကာဖိအားပြည်တွင်းဖိအား ဘယ်လောက်ရှိရှိ ဂရုမစိုက်ဘူးဆိုတဲ့သူတွေကလည်းနောက်ဆုံးကြတော့ လည်း မိုက်တွင်းနက်ပြီး အသေဆိုးနဲ သေသွားတယ်ဆိုတာကျနော်တို့မြင်နေရတာပဲ။ အဲဒါကြောင့်မို့လို့ကျနော်ပြောချင်တာက အချိန်တော့ရှိပါသေးတယ် ဒါပေမဲ့ အချိန်တော့နည်းနေပြီ။ အဲဒီနည်းနေတဲ့အချိန်မှာတန်ဖိုးထားပြီးတော့ ကျနော်တို့ဘက် အထူးသဖြင့်ပြည်သူဘက်ကို ကူးပြောင်းလာမယ်ဆိုရင် ဝမ်းပမ်းတသာနဲ့လက်ခံကြိုဆိုသွားမှာပဲဆိုတာ နောက်ဆုံးအနေနဲ့ ပြောချင်တယ်။ကျေးဇူးတင်ပါတယ်။

-အခုလို​ဖြေကြား​ပေးတာကျေးဇူးတင်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။