Connect with us

Hi, what are you looking for?

LuduNwayOo

News

Wave Money နဲ့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုတွေ Yoma Strategic ရပ်နား

Wave Moneyနဲ့ ပတ်သက်လို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုတွေ သက်တမ်း ထပ်တိုးမှာ မဟုတ်ကြောင်း Yoma Strategic ကုမ္ပဏီက ကြေညာခဲ့ပါတယ်။

စင်ကာပူ အခြေစိုက် စီးပွားရေး လုပ်ငန်းစုကြီးဟာ တရုတ်ရဲ့ Ant Financial ကုမ္ပဏီ၊ Telenor Group၊ ရိုးမဘဏ်တို့နဲ့ ပူးပေါင်းပြီး Digital Money Myanmar Limitedအတွက် ထည့်ဝင် မြှုပ်နှံထားကြပါတယ်။ ဒီကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ လူသုံးများတဲ့ ဒစ်ဂျစ်တယ် ငွေလွှဲစနစ် Wave Moneyကို ပိုင်ဆိုင်ထားပါတယ်။

အခုတော့ Yoma Strategicက Wave Moneyနဲ့ ပတ်သက်လို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှု သဘောတူညီမှုဆိုင်ရာ သတ်မှတ် ကာလကို သက်တမ်း ထပ်မတိုးဖို့ ဆုံးဖြတ်ခဲ့သလို ကုမ္ပဏီရဲ့ ရှယ်ယာတွေ လက်လွှဲ ဝယ်ယူရေး ကိစ္စကိုပါ ဆိုင်းငံ့ထားလိုက်ကြောင်း သိရပါတယ်။ မူလ သတ်မှတ်ကာလဟာ ဧပြီ ၃၀ မှာ သက်တမ်း ကုန်ဆုံးခဲ့ပါတယ်။

Yoma Strategicဟာ Ant Financialနဲ့ ပူးပေါင်းပြီး Wave Moneyအတွက် ဒေါ်လာ ၇၃.၅ သန်း ထပ်မံ မြှုပ်နှံသွားမယ်လို့ ပြီးခဲ့တဲ့နှစ်၊ မေလက ကြေညာခဲ့ပါတယ်။ သဘောတူညီမှုတွေအရ Ant Financialဟာ Digital Money Myanmar Limitedရဲ့ ရှယ်ယာ ဝေစုတစ်ခုကို ပိုင်ဆိုင်လာခဲ့ပါတယ်။

Yoma Strategicက Wave Moneyနဲ့ လက်တွဲမှုကို ရပ်နားထားပေမယ့် မြန်မာနိုင်ငံမှာ နောက်ထပ် ငွေကြေးဝန်ဆောင်မှုဆိုင်ရာ အခွင့်အလမ်းတွေအတွက် ဆက်လက် စူးစမ်း ရှာဖွေနေဦးမယ်လို့လည်း ထည့်သွင်း ကြေညာသွားပါတယ်။