ထရန်ဆယ်လ်ဗေးနီးယန်း နယ်မြေဟောင်းမှာ တည်ရှိပြီး တောအုပ်ထဲက ကျောက်ဆောင် တစ်ခုပေါ် တည်ထားတဲ့ ဘရန်း ရဲတိုက်ကြီးဟာ ကမ္ဘာကျော် သွေးစုပ်ဖုတ်ကောင် ဝတ္ထုထဲက အဓိက ဇာတ်ဆောင် နယ်စားကြီး ဒရက်ကူလာ နေထိုင်ခဲ့တဲ့ နေရာအဖြစ် လူသိများပါတယ်။ ဒီရဲတိုက်ကြီးဟာ နာမည်ရင်းထက် ဒရက်ကူလာ ရဲတိုက်ကြီးဆိုပြီး နာမည်ပိုကြီးပါတယ်။ စာရေးဆရာ ဘရမ်း စတိုကာ ရေးသားခဲ့တဲ့ ဝတ္ထုထဲက သွေးစုပ်ဖုတ်ကောင်ဟာ ရက်စက် ကြမ်းတမ်းလွန်းတဲ့ နယ်ူစားဟောင်း ဗလက်ဒ်နဲ့ သူ့ရဲ့ ရဲတိုက်ကြီးကို အခြေတည်ထားတာလို့ စာပေသမိုင်း ပညာရှင်တွေက ယုံကြည်ကြပါတယ်။
ဘူခါရက်ခ်မြို့တော် မြောက်ပိုင်းမှာ တည်ရှိတဲ့ ၁၄ ရာစုလက်ရာ ရဲတိုက်ကြီးဟာ ဒရက်ကူလာ နေထိုင်ခဲ့တဲ့ နေရာအဖြစ် ကျော်ကြားပြီး နှစ်စဉ် ကမ္ဘာလှည့် ခရီးသည်တွေ အများအပြား လာရောက် လည်ပတ်လေ့ ရှိပါတယ်။ အခုတော့ ဒီနေရာကို ကာကွယ်ဆေးထိုး စင်တာအဖြစ် အသုံးပြုတော့မှာပါ။ ရဲတိုက်ကြီးကို လာရောက် လည်ပတ်တဲ့ ဧည့်သည်တွေ အနေနဲ့ သူတို့ရဲ့ ခန္ဓာကိုယ်ထဲကို သွေးစုပ်ဖုတ်ကောင် အစွယ်တွေ စိုက်ဝင်မလာပေမယ့် ဆေးထိုးအပ် စိုက်ဝင်လာတာနဲ့တော့ ကြုံတွေ့ရပါလိမ့်မယ်။
ရိုမေးနီးယား အစိုးရဟာ နိုင်ငံအနှံ့မှာ ကာကွယ်ဆေး ထိုးနှံမှု အစီအမံတွေ အရှိန်မြှင့်ဖို့ ကြိုးစားနေပြီး ဘရန်း ရဲတိုက်ကြီးမှာလည်း ဆေးပညာရှင်တွေက အခြေစိုက်ပြီး လာရောက်လည်ပတ်သူတွေကို ဆေးထိုးပေးဖို့ စီစဉ်ခဲ့တာပါ။ အစိုးရဟာ စက်တင်ဘာလ မတိုင်ခင် နိုင်ငံလူဦးရေ ၁၀ သန်းလောက်ကို ကာကွယ်ဆေး ထိုးနှံနိုင်ဖို့ ကြိုးစားနေပါတယ်။
နယ်စားကြီး ဗလက်ဒ်ဟာ ရက်စက် ကြမ်းကြုတ်ပြီး သူအုပ်စိုးခဲ့ရာ ဝါလာချီရာ ဒေသမှာ လူပေါင်းများစွာကို တံကျင်လျှိုပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သူအဖြစ် ထင်ရှားပါတယ်။ သူ့ရဲ့ နည်းလမ်းပေါင်းစုံနဲ့ ရက်စက် ကြမ်းကြုတ်မှုတွေအကြောင်း မှတ်တမ်းတင် ရေးသားမှုတွေဟာ ဥရောပ စာပေသမိုင်းမှာ လူသိများပြီး စာရေးဆရာ စတိုကာက ဒရက်ကူလာ ဇာတ်ကောင်ကို ဖန်တီးရာမှာ ဗလက်ဒ်ကို အဓိက ကိုးကားခဲ့တယ်လို့ သိရပါတယ်။