စစ်ကောင်စီအဖွဲ့ဝင် လေး ဦး၊ စစ်ကောင်စီဝန်ကြီး ကိုးဦး နှင့် စစ်ကောင်စီဝင် ဗိုလ်ချုပ်နှစ် ဦး၏ သားသမီး သုံးဦးကို ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှု စာရင်းသို့ ထည့်သွင်းလိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ကြေညာသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က မြန်မာပြည်သူများအပေါ် ရက်ရက်စက်စက် ဖိနှိပ်မှုများ ဆက်လက် လုပ်ဆောင်နေပြီး ဒီမိုကရေစီ ပြန်လည် အသက်ဝင်လာရေးအတွက် ဆောင်ရွက်ရန် ငြင်းဆန်နေမှုများအား တုံ့ပြန်သည့် အနေဖြင့် နိုင်ငံခြားရေး ဝန်ကြီး Marc Garneau မှ အထူး စီးပွားရေး စီမံဆောင်ရွက်ချက်များ (မြန်မာနိုင်ငံ) ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ အရ လူပုဂ္ဂိုလ် (၁၆) ဦးနှင့် အဖွဲ့အစည်း (၁၀) ဖွဲ့အား အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ရန် ယနေ့ ထုတ်ပြန်လိုက်သည်ဟု ရန်ကုန်မြို့ရှိ ကနေဒါသံရုံးက ထုတ်ပြန်သည်။
အဆိုပါ လုပ်ဆောင်ချက်များမှာ ဗြိတိသျှ၊ အမေရိကန် ပြည်ထောင်စုတို့နှင့် ညှိနှိုင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး မကြာသေးမီက ဥရောပ သမဂ္ဂက ပြုလုပ်ခဲ့သော ဆောင်ရွက်ချက်များနှင့်လည်း ကိုက်ညီသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
တပ်မတော်မှ ၎င်းတို့၏ လုပ်ရပ်များကို ပြင်ဆင်ခြင်း မပြုပါက အရေးယူမှုများ ဆက်လက် ပြုလုပ်သွားမည် ဟူသည့် G7 အဖွဲ့တွင် ကျွန်ုပ်တို့ ကတိကဝတ် ပြုထားသော အချက်များနှင့်လည်း ကိုက်ညီပါသည်ဟု ထုတ်ပြန်သည်။ထို့အပြင် ယခု နောက်ဆုံး အရေးယူပိတ်ဆို့မှုက တပ်မတော်ကို တာဝန်ခံခိုင်းမည် ဖြစ်ပြီး မြန်မာပြည်သူများ လိုလားသည့် ဒီမိုကရေစီ ပြန်လည် ရရှိစေရေးအတွက် ကူညီပေးသွားမည် ဟူသည့် အချက်များ အပေါ် ကျွန်ုပ်တို့၏ မယိမ်းယိုင်သော သံန္နိဌာန်ကိုလည်း ပြသလိုက်ခြင်း ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
တပ်မတော်က ၎င်းတို့၏ လုပ်ရပ်များကို ပြင်ဆင်ရန် ငြင်းဆန်နေပါက ကျွန်ုပ်တို့၏ မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းကာ အခြားသော အရေးယူ ဆောင်ရွက်ချက်များကိုလည်း ထပ်မံ လုပ်ဆောင်သွားပါမည်ဖြစ်ပြီး လက်နက်ရောင်းဝယ်မှု ပိတ်ဆို့ခြင်း အပါအဝင် အလားတူ လုပ်ဆောင်ချက်များကိုလည်း ဆောင်ရွက်ကြရန် ကနေဒါ နိုင်ငံက အခြားနိုင်ငံများကို တိုက်တွန်းလိုပါသည်ဟု ပါရှိသည်။
ရက်စက်ကြမ်းကြုပ်သော စစ်တပ် အုပ်ချုပ်မှုကို မြန်မာပြည်သူများသည် အထင်ကြီး လေးစားဖွယ် ကောင်းစွာပင် ကြံ့ကြံ့ခံ ရင်ဆိုင်ရန် သံန္နိဌာန် ချမှတ်ထားကြောင်း ရက်ပေါင်း (၁၀၀) ကျော် ပြသခဲ့ပြီး ကနေဒါ နိုင်ငံသည် မြန်မာပြည်သူများ၊ ၎င်းတို့၏ ငြိမ်းချမ်းသော၊ အားလုံး ပါဝင်သော ဒီမိုကရေစီ အနာဂတ်ကို လိုလားသည့် ဆန္ဒများနှင့် ထပ်တူ ရပ်တည်လျက် ရှိပါသည်ဟု ဖော်ပြထားသည်။
ထို့အပြင် မြန်မာနိုင်ငံ အရေးကို တုံ့ပြန်ရန် လုပ်ဆောင်နေသည့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)၏ အဓိကကျသော အခန်းကဏ္ဍကို၏လည်း အသိအမှတ်ပြုပြီး သဘောတူညီချက် (၅) ချက် အလျင်အမြန် အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် ကနေဒါ နိုင်ငံက အာဆီယံနှင့် လက်တွဲကာ လုပ်ဆောင်သွားရန် အသင့် ရှိနေပါသည်ဟု ပါရှိသည်။
“တပ်မတော်ကို ၎င်းတို့၏ မြန်မာပြည်သူများအပေါ် အကြမ်းဖက်နေမှုများအား ရပ်တန့်ရန် နိုင်ငံတကာမှ ကြိမ်ဖန်များစွာ တောင်းဆိုခဲ့သော်လည်း တပ်မတော်က ၎င်းတို့၏ လုပ်ရပ်ကို ပြောင်းလဲလိုစိတ် မရှိကြောင်း ထင်ထင်ရှားရှား ပြသခဲ့သည်။ အကျပ်အတည်းကို အဆုံးသတ်ရန်၊ ဒီမိုကရေစီ နည်းလမ်းကျသော အရပ်သား အုပ်ချုပ်မှုကို ပြန်လည်ထားရှိရန် ရည်ရွယ်၍ အားလုံးပါဝင်သော နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု တစ်ခု လုပ်ဆောင်နိုင်စေဖို့ အာဆီယံ အဖွဲ့နှင့် ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့တို့က ကြိုးပမ်းနေသည့်အပေါ် ကနေဒါနိုင်ငံက ကူညီပေးသွားရန် အသင့် ရှိနေပါသည်။ မြန်မာပြည်သူများ ဒီမိုကရေစီ ပြန်လည် ရရှိရေးနှင့် ၎င်းတို့နိုင်ငံ လွတ်လပ်ရေးအတွက် ဆက်လက် တိုက်ပွဲဝင်နေသည့်အလျောက် ကနေဒါနိုင်ငံကလည်း မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေပြီး နောက်ထပ် လုပ်ဆောင်ချက်များ ထပ်မံ လုပ်ဆောင်သွားရန်လည်း တွန့်ဆုတ်နေလိမ့်မည် မဟုတ်ပါ။”ဟု ကနေဒါနိုင်ငံခြားရေး ဝန်ကြီး Marc Garneauက ပြောသည်။
ထို့အပြင် ဗြိတိန်အစိုးရက မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း (MGE) ကို အရေးယူပိတ်ဆို့မှုအသစ်ဆောင်ရွက်ခြင်းဖြင့် မြန်မာအာဏာသိမ်းစစ်အစိုးရအား ထပ်တိုးအရေးယူမှုကို ယနေ့ ကြေညာသည်။
ယခု နောက်ဆုံးချမှတ်လိုက်သော ဒဏ်ခတ်ပိတ်ဆို့မှုများသည် ကလေးသူငယ်များကိုသတ်ဖြတ်မှုအပါအဝင် မြန်မာပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ရှိသော အာဏာသိမ်းစစ်အစိုးရအတွက် အဓိက ရန်ပုံငွေရင်းမြစ်များကို ဖြတ်တောက်ပစ်ရန် ရည်ရွယ်သည်ဟု ဖော်ပြထားသည်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေါမနစ်ရဲဘ်က “မြန်မာအာဏာသိမ်းစစ်အစိုးရက ဒီမိုကရေစီကိုချေဖျက်ပြီး လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်တွေနဲ့ ပြည်သူတွေကို ဖိနှိပ်နေဆဲဖြစ်ပါတယ်။ ယူကေက မဟာမိတ်နိုင်ငံတွေနဲ့လက်တွဲပြီး စစ်တပ်ရဲ့ ဘဏ္ဍရေးလက်လှမ်းမှီရရှိနေမှုကို ပိတ်ဆို့နိုင်တဲ့ ဒဏ်ခတ်အရေးယူမှုတွေချမှတ်ဖို့နဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရှင်သန်နိုင်ရေးအတွက် ဆောင်ရွက်နေပါတယ်” ဟု ပြောကြားသည်။
ယင်းကျောက်မျက်ပိုင်ဆိုင်မှုများကို ပိတ်ဆို့အရေးယူခြင်းသည် ယူကေတွင် MGE က ပိုင်ဆိုင်သော သို့မဟုတ် ထိန်းချုပ်ထားသော ငွေကြေး သို့မဟုတ် စီးပွားရေးအရင်းအမြစ်များနှင့် ပတ်သက်ဆက်နွယ်မှုများ ဆောင်ရွက်ခြင်းကို ဟန့်တားကာကွယ်ပေးသည်။ MGE ကို ငွေကြေး သို့မဟုတ် စီးပွားရေးရင်းမြစ်များ ပံ့ပိုးမည့်သူများကိုလည်း တားမြစ်ထားနိုင်သည်ဟု ထုတ်ပြန်သည်။
မကြာသေးမီက ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့က မြန်မာနိုင်ငံသို့ လက်နက်ရောင်းချမှုကို ရပ်ဆိုင်းကြောင်း ကြေညာချက်ကို ယူကေ၊ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတို့က ကြိုဆိုပြီး ယူကေနှင့် G7 နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံသို့ လက်နက်ရောင်းချမှုအားလုံးကို ချက်ချင်းရပ်ဆိုင်းရန် ထပ်လောင်းပြောဆိုပြီး နိုင်ငံတကာအသိုင်းအဝိုင်းအား အလားတူအစီအမံများ လုပ်ဆောင်ရန် တိုက်တွန်းသည်ဟု ဖော်ပြထားသည်။