မြန်မာနိုင်ငံအခြေအနေဟာ အလွန်စိတ်ပူစရာဖြစ်ပြီး အလွန်ဆိုးရွားနေတယ်လို့ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်က လုံခြုံရေးကောင်စီကို တင်ပြပါတယ်။
မနေ့က(ဇွန် ၁၈)ကျင်းပခဲ့တဲ့ ကုလလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲမှာ အထူးကိုယ်စားလှယ် ခရစ္စတင်းရှယန်နာဘာဂျီနာက တင်ပြခဲ့တာဖြစ်ပြီး အချိန်မီထိပ်တန်းဦးစားပေးကူညီမှုနဲ့ အရေးယူမှုလုပ်ဆောင်ဖို့ ကောင်စီကို တောင်းဆိုခဲ့ပါတယ်။
“အရပ်သားပြည်သူအားလုံးအတွက် မြေပြင်အခြေအနေဟာ စိုးရိမ်ဖွယ်ရာပါပဲ။ ဘာလို့လဲဆိုတော့ ကျန်းမာရေးစနစ်က လုံးဝပြိုလဲသွားပြီ၊ နောက်ပြီး စားနပ်ရိက္ခာဖူလုံရေးကလည်း အန္တရာယ်ရှိနေပါတယ်” ဟု အထူးကိုယ်စားလှယ်က ဆိုပါတယ်။
အခုအခြေအနေအတိုင်း ဆက်ဖြစ်နေပါက လာမယ့်နှစ်မှာ လူဦးရေတစ်ဝက်ခန့်ဟာ ဆင်းရဲမွဲတေမှုမျဥ်းအောက် ရောက်ရှိနိုင်တယ်လို့လည်း မစ္စစ်ရှယန်နာဘာဂျီနာက သတိပေးပါတယ်။
“နိုင်ငံရေးအကျဥ်းသားတွေ မြန်နိုင်သမျှမြန်မြန် ပြန်လွှတ်ပေးရေးနဲ့ အထူးသဖြင့် အကြမ်းဖက်မှုကို ဆန့်ကျင်ရေးမှာ ကောင်စီအနေနဲ့ ညီညွတ်ကြဖို့ ကျွန်မတိုက်တွန်းလိုပါတယ်”ဟု ၎င်းက ဆက်ပြောပါတယ်။