မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ကျောက်ဆည်လေးရွာမှ စစ်တပ်သတင်းပေး ဒလန်တစ်ဦး ယနေ့နံနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ကျောက်ဆည်လေးရွာမှ ဦးဇော်ခိုင်သည် ကျေးရွာသို့ စစ်ကောင်စီလက်နက်ကိုင်အဖွဲ့များ လာရောက်တိုင်း စစ်ကောင်စီတပ်များကို အကူအညီပေးခဲ့သူဖြစ်သည်ဟု ၎င်း ကဆိုသည်။
“မနက် ၉နာရီ ဝန်းကျင်လောက်မှာ သေနတ်နဲ့ အပစ်ခံရတာ။ ကြာပင်ရွာနဲ့ ကျောက်ဆည်လေးရွာကြားမှာ။ အဲဒီမှာ တောင်ပေါ်တက်တဲ့ တောလမ်းမှာ ဖြစ်တာ။ သေတယ်လို့ ယူဆရတယ်။ တစ်ရွာလုံးကတော့ သူ့ကို ဒလန်လို့ သတ်မှတ်ထားတာ။ ကျောက်ဆည်လေးရွာမှာ ဖြစ်စဉ်တွေ ဖြစ်တိုင်း ဖြစ်တိုင်းမှာ ဒီလူက ဖုန်းဆက်ခေါ်တာတို့ လက်ညိုးထိုးပြတာတို့ လုပ်တယ်” ဟု ဒေသခံက ပြောသည်။
မည်သည့်အဖွဲ့က ပစ်ခတ်သည်ကို မသိရသေးကြောင်း ၎င်းက ဆိုသည်။ ဦးဇော်ခိုင်သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် ကျေးရွာသို့ စစ်ကောင်စီ လက်နက်ကိုင်များ ရောက်ရှိလာပြီး သေနပစ်ဖောက်ခြင်း ဒေသခံအချို့ကို ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ယနေ့ညနေပိုင်းတွင် ရွာမှ ပြန်ထွက်သွားပြီဟုသိရကြောင်း ဒေသခံက ပြောသည်။

Public Service Announcement
