Connect with us

Hi, what are you looking for?

News

စစ်ကောင်စီအုပ်ချုပ်သည့်ငါးလအတွင်း ပြည်သူများ ကျီးလန့်စာစားဘ၀ရောက်သွားဟု PPST ခေါင်းဆောင်ယွက်စစ်ပြော

စစ်ကောင်စီအုပ်ချုပ်သည့် ၅လ သက်တမ်းကာလအတွင်း ပြည်ထောင်စုကြီး အေးချမ်းတည်ငြိမ်မှု ကင်းမဲ့ပြီး တိုင်းရင်းသားပြည်သူလူထုတို့ကို အစစ အရာရာ အတိဒုက္ခဖြစ်စေခဲ့သည်ဟု အပစ်ရပ် ဆယ်ဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဥ် ဦးဆောင်အဖွဲ့(PPST) အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားသည်။

“ကျီးလန့်စာစားနေရတဲ့ ဘ၀မျိုးကို တွန်းပို့စေခဲ့ပါတယ်” ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌလည်း ဖြစ်သူ ဗိုလ်ချုပ်ကြီး ယွက်စစ်က စစ်ကောင်စီအုပ်ချုပ်သည့် ကာလတွင် ပြည်သူများ၏ အခြေအနေကို မီးမောင်းထိုးပြသည်။

NCA လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင်ဆယ်ဖွဲ့ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် PPST အစည်းအဝေးကို ယနေ့ ဇူလိုင် ၁ရက်တွင် စတင်ကျင်းပရာ ဗိုလ်ချုပ်ကြီးယွက်စစ်က မိန့်ခွန်းပြောကြားခဲ့ပြီး ပြည်သူလူ ထုများ၏ လူနေမှု ဘ၀အခြေအနေ ပုံမှန်ပြန်ဖြစ်ရေး PPSTက နည်းလမ်းရှာရမည်ဟု ဆိုသည်။

ယခုအစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုး(NU) နှင့်ပတ်သက်၍ အပစ်ရပ်ဆယ်ဖွဲ့အကြား ဘုံသဘောထား ချမှတ်နိုင်ရေး ဆွေးနွေးမည်ဖြစ်သကဲ့သို့ PPST ဦးဆောင်မှု အခန်းကဏ္ဍကိုလည်း ဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် အစည်းအဝေး၌ NCA ထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များနှင့်မထိုးရသေးသည့် အဖွဲ့များ ပါဝင်သော စစ်ရေးနိုင်ငံရေးတပ်ပေါင်းစု တစ်ခု ဖြစ်ပေါ်လာရေး ဆက်လက် ညှိနှိုင်းသွားရန် ရှိကြောင်း PPST အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ယနေ့မနက်ပိုင်းက ပြောကြားထားသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်းအကြား တိုက်ပွဲဖြစ်ပွားနေမှုကိုလည်း ယခု PPST အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်သည်။

ရှမ်းမြောက်တွင် ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သော RCSS နှင့် SSPP တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

“မိမိတို့ ညီနောင်တိုင်းရင်းသားအချင်းချင်းအကြား စစ်ရေးပွတ်တိုက်မှုတွေမှာ အဖွဲ့အစည်းတချို့တွေက နောက်ကွယ်ကနေ နိုင်ငံရေးအရ ပါဝင်ပတ်သက်နေလို့ ဒီစစ်ရေး ပွတ်တိုက်မှုတွေဟာ ပိုမိုကျယ်ပြန့် ကြီးမားလာနိုင်ပြီး တစ်နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးကိုပါ ရိုက်ခတ်လာစေနိုင်တာကို သတိပြုစေလိုကြောင်း ပြောကြားလိုပါတယ်” ဟု RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်ကပြောသည်။

SSPPနှင့် RCCS အကြား တိုက်ပွဲတွင် SSPP ဘက်က ၀လက်နက်ကိုင်အဖွဲ့(UWSA) ပါဝင်တိုက်ခိုက်နေသည်ဟူသော သတင်းများ ဖော်ပြလာချိန်တွင် RCSS ဥက္ကဋ္ဌက အထက်ပါ အတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

PPST အစည်းဝေးကို မနက်ဖြန် ဇူလိုင် ၂ရက်ထိ ကျင်းပရန်လျာထားပြီး PPST ယာယီအဖွဲ့ခေါင်းဆောင်အဖြစ်မှ နုတ်ထွက်လိုကြောင်း ဗိုလ်ချုပ်ကြီးယွက်စစ်၏ အဆိုပြုချက်ကိုလည်း ဆွေးနွေးသွားမည်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။