ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ထံသို့ အာဏာသိမ်းစစ်ကောင်စီက အပစ်အခတ်ရပ်စဲရေး သဝဏ်လွှာပေးပို့သည်ဆိုခြင်းမှာ သတင်းအတုသာဖြစ်ကြောင်း KIA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
စစ်ကောင်စီ ညှိနှိုင်းကွပ်ကဲရေးဗဟိုက KIA တပ်မတော် (လိုင်ဇာ)သို့အပစ်ရပ်စဲရေး သဝဏ်လွှာပေးပို့သည်ဆိုသည့် သတင်းကို အွန်လိုင်း သတင်းဌာနအချို့အပါ အဝင် လူမှုကွန်ရက်စာမျက်နှာ၌ သတင်းဖော်ပြ ဖြန့်ဝေမှုများ ရှိနေသည်။
ယင်းနှင့်ပတ်သက်၍ ဗိုလ်မှူးကြီးနော်ဘူအား မေးမြန်းရာ၎င်းက “အဲဒါ ကျွန်တော်မသိပါဘူး စာလည်းမရောက်ဘူး။ သတင်းလည်းမရောက်ဘူး။ ရေးတာက ကျွန်တော်ထင်တာ ဘာမှ မှန်ကန်မှုမရှိပါဘူး ။ တပ်မတော်ဘက်မှာလည်း အဲဒါမျိုးလိပ်စာတွေမရှိပါဘူး။ ကျွန်တော်တို့ဘက်မှာလည်းအဲဒါမျိုးလိပ်စာလည်းမရှိပါဘူး။ သူရေးတဲ့ ပုံစံက စာလုံးစာသားတွေက တစ်လုံးမှမှန်ကန်မှုမရှိပါဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
KIO/KIA အဖွဲ့အစည်းသည် စစ်အာဏာရှင်ဆန့်ကျင်ရေးကို ပြည်သူလူထုနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည် အဖွဲ့အစည်းဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်စခန်းများ၊ ရဲစခန်းများ၊စစ်ကောင်စီယာဉ်တန်းများကို မကြာခဏတိုက်ခိုက်လျက် ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည်။
