အာဏာသိမ်းစစ်ကောင်စီရဲ့ ဗဟိုဘဏ်က ဘဏ်တွေပိတ်သိမ်းမယ်ဆိုတာ ကောလာဟလသာဖြစ်ပြီး ဘဏ်တွေကို ယုံကြည်စိတ်ချစွာဆက်လက်သုံးစွဲနိုင်တယ်လို့ဒီနေ့ ကြေညာလိုက်ပေမယ့် ဘဏ်တွေအပေါ် ယုံကြည်မှုတက် မလာဘဲ ကျပ်ငွေတန်ဖိုး ပိုကျဆင်းလာပါတယ်။
ဒီနေ့ ငွေလဲလှယ်ရေးဈေးကွက်မှာ တစ်ဒေါ်လာ ၁၇၄၀ ကျပ်ဈေးပေါက်ခဲ့ပါတယ်။ဒါဟာ ကျပ်ငွေတန်ဖိုးစံချိန်တင်ကျဆင်းလာတာဖြစ်ပါတယ်။စစ်တပ်က အာဏာမသိမ်းခင် ဇန်နဝါရီလကုန်မှာ တစ်ဒေါ်လာ ၁၃၃၇ ကျပ်သာရှိခဲ့တာကြောင့် ခြောက်လကျော်အတွင်း တစ်ဒေါ်လာ ၄၀၃ ကျပ်အထိ ကျပ်ငွေတန်ဖိုးကျသွားတာပါ။
ရာခိုင်နှုန်းအားဖြင့်ဆိုရင် ၃၀ ရာခိုင်နှုန်းကျော်ကျဆင်းသွားတာဖြစ်ပြီး ကျပ်ငွေတန်ဖိုးစံချိန်တင်ကျဆင်းတာဖြစ်ပါတယ် ။ဒေါ်လာဈေးကစံချိန်တင်တက်နေပေမယ့် ဈေးကွက်ထဲမှာ ဒေါ်လာကဝယ်မရဘူးလို့လည်းငွေကြေးလဲလှယ်ဝန်ဆောင်မှုလုပ်နေသူတွေက ပြောပါတယ်။
ဒေါ်လာတန်ဖိုးကျအောင်စစ်ကောင်စီကခြောက်လကျော်အတွင်းဒေါ်လာ သန်း ၁၀၀ ကျော်ထုတ်ရောင်းခဲ့တယ်လို့လည်းဆိုပါတယ် ။တစ်ကယ်ထုတ်ရောင်းတာဟုတ်၊မဟုတ်မသိရပေမယ့် ဒေါ်လာဈေးမကျဘဲကျပ်ငွေတန်ဖိုးပဲစံချိန်တင်ကျဆင်းနေတာဖြစ်ပါတယ်။
ဘဏ်အချို့ပိတ်သိမ်းဖို့စီစဥ်နေတယ်လို့ ဒီရက်ပိုင်းသတင်းထွက်နေချိန်မှာပဲ စစ်ကောင်စီက သြဂုတ် ၁၂ က ရှေ့အပတ်တစ်ပါတ်လုံး(သြဂုတ် ၁၆-၂၀)ဘဏ်တွေပိတ်မယ်လို ကြေညာလိုက်တဲ့အခါ ဘဏ်တွေပိတ်တာနောက် ကွယ်မှာ ပြသာနာအကြီးကြီးရှိနိုင်တယ်လို့ မှန်းဆချက်တွေ ၊သုံးသပ်မှုတွေထွက်ပေါ်လာပါတယ်။
ဒါ့ကြောင့် ဒီနေ့ဘဏ်တွေမှာ ငွေထုတ်သူပိုများလာပါတယ်။ ဒီနေ့မှာတော့ စစ်ကောင်စီက တစ်သောင်းတန် ၊ငါးထောင်တန်တွေဖျက်သိမ်းမယ့်ကောလာဟာလမဟုတ်ပါဘူး၊ ဘဏ်တွေပိတ်မှာမဟုတ်ဘူး ယုံကြည်စွာအသုံးပြုနိုင်တယ်လို့ ကြေညာပါတယ်။

“သူတို့ကြေညာရင်သေချာပြီ၊ ဘဏ်တွေအခြေအနေမကောင်းတော့ဘူး” လို့ ဘဏ်ဝန်ဆောင်မှုသုံးစွဲသူတစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ဗဟိုဘဏ်ပြောရင် ပြည်သူအများစုက မယုံကြည်ကြပါဘူး။
ဘဏ်ဝန်ဆောင်သူသုံးစွဲသူတစ်ဦးကလည်း ပြည်သူတွေက ဘဏ်တွေကိုယုံကြည်စွာအသုံးပြုနိုင်လို့သာပြောတာ အရင်ကတည်းက ဘဏ်တွေမှာ ကိုယ့်ပိုက်ဆံကိုယ်ထုတ်တာတောင် ထုတ်ချင်သလောက်ထုတ်မရဘူးလို့ပြောပါတယ်။
“ဘဏ်ဝန်ဆောင်မှုတွေက ပုံမှန်ပေးနိုင်နေတာကြနေတာပဲ”လို့သူက ပြောပါတယ်။
လက်ရှိပြည်သူတွေက ဘဏ်ကကိုယ့်ငွေကိုပြန်ထုတ်တဲ့ ကြို ဘိုကင်လုပ်ဖို့လိုသလို သတ်မှတ်ပမာဏသာထုတ်နိုင်တာဖြစ်ပါတယ်။
ဗဟိုဘဏ်က သြဂုတ် ၁၃ နေ့ခင်းပိုင်းမှာ အဲလိုကြေညာပေမယ့် ဘဏ်တွေမှာ ဒီနေ့ငွေထုတ်သူအခါတိုင်းနေ့တွေထက်ပိုများနေပါတယ်။
စစ်ကောင်စီရဲဗဟိုဘဏ်က ဘဏ်တွေငါးရက်ပိတ်တာက အရင်အစိုးရရုံးပိတ်ရက်တွေမှာပါဘဏ်တွေက ဖွင့်ခဲ့လို့ ကိုဗစ်ရောဂါကူးစက်ခံရသူများလို့နားတာပါလို့ BBC သတင်းဌာနကိုဖြေထားပါတယ်။ စစ်ကောင်စီကကုန်ကြမ်းပြတ်နေလို့ ငွေစက္ကူသစ်မရိုက်နိုင်တော့ဘူးလို့သတင်းကျယ်ကျယ်ပြန့်ပြန့်ထွက်နေပေမယ့် ငွေစက္ကူသစ်တွေပုံမှန်ရိုက်နေတယ်လို့လည်း Myanmar Now သတင်းဌာနကိုလည်းဖြေထားပါတယ်။
