ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ပဲခူးတိုင်း က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အကျဉ်းထောင်မှာကိုဗစ်ကူးစက်ခံရပြီး ဒီနေ့မနက်အစောပိုင်းက ကွယ်လွန်သွားတယ်လို့ ဒီချုပ် လွှတ်တော်ကိုယ်စားလှယ်တွေဆီကသိရပါတယ်။
ကွယ်လွန်သွားသူဟာ ပဲခူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖြစ်သလို ပဲခူးမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ရွှေဖြစ်ပါတယ်။
ဦးညွှန့်ရွှေ ကွယ်လွန်သွားတာနဲ့ပတ်သက်ပြီး ပဲခူးတိုင်း ၊အုတ်တွင်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုက သူရဲ့ဖေ့ဘွတ်ခ်မှာ “အခုတော့ထောင်ထဲမှာ Covid ဖြင့်ကြွေလွင့်ခဲ့ရပီ” လို့ ရေးသားထားတာတွေ့ရပါတယ်။
ဦးညွှန်ရွှေဟာ ကွယ်လွန်ချိန်မှာအသက် ၇၅ နှစ်ရှိပြီဖြစ်ကာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက ဖမ်းဆီးခံခဲ့ရတာပါ။
အဲဒီနောက်ပဲခူးကျိုက်ဇကော်အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတာဖြစ်ပြီး ကိုဗစ်ကူးစက်ခံရလို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက် ကလိဆေးရုံကို ပို့ဆောင်ကုသခဲ့တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာလည်း ဒီချုပ်ပါတီရဲ့ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဉာဏ်ဝင်းမှာ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အင်းစိန်အကျဉ်းထောင်မှာကိုဗစ်ကူးစက်ခံရပြီး ရန်ကုန်ဆေးရုံကြီးမှာကုသမှုခံယူနေစဉ် ကွယ်လွန်ခဲ့ရပါတယ်။