ကရင်ပြည်နယ် မြဝတီမြို့မှာ ဒီကနေ့ည ၉ နာရီခွဲအချိန်က အပြင်ထွက်လာတဲ့ ကားတစ်စီးကို နယ်ခြားစောင့်တပ် (BGF) က လိုက်လံပစ်ခတ်ခဲ့တယ်လို့ ကြားသိရပါတယ်။
ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ မြ၀တီမြို့မှာ အကြမ်းဖက်စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့၀င်တွေက မြို့တွင်းလမ်းပေါ် ဂိတ်ချပြီး လုံခြုံရေးဆောင်ရွက်နေတဲ့အချိန်ဖြစ်ပွားခဲ့တာပါ။ ကားတစ်စီးက စစ်ဆေးရေးဂိတ်နားရောက်ခါနီးမှ ပြန်လှည့်ထွက်သွားလို့ လိုက်လံပစ်ခတ်ဖမ်းဆီးရခဲ့တယ်လို့ BGF က တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။
“ဖမ်းလို့မမိပါဘူး။ ဂိတ်မှာလုံခြုံရေးလုပ်ထားတာ သူကရောက်တယ်ဆိုတာနဲ့ ပြန်လှည့်ပြီးတော့ ပြေးတာ။ ကျနော်တို့လိုက်တာရော မမိဘူးရော။ ကျနော်တို့ဇုန်နားအထိ ရောက်ခဲ့တယ်” လို့ နယ်ခြားစောင့်တပ် အရာရှိတစ်ဦးက ဆိုပါတယ်။
မြ၀တီမြို့ခံတစ်ဦးရဲ့ပြောကြားချက်အရကတော့ မောင်းနှင်ထွက်ပြေးသွားတဲ့ကားရဲ့ နောက်ကို နယ်ခြားစောင့်တပ်ကားတွေက သေနတ်နဲ့ လိုက်လံပစ်ခတ်ခဲ့တာကို တွေ့မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။
ကားအနောက်ကနေလိုက်ပြီး မြ၀တီ ကုန်သွယ်ရေးဇုန်နားအထိ လိုက်ဖမ်းခဲ့ပေမယ့် ဖမ်းလို့မမိဘူးလို့ အဲ့ဒီနယ်ခြားစောင့်တပ်အရာရှိရဲ့ ပြောကြားချက်အရ သိရပါတယ်။