မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှ အပြစ်မဲ့ပြည်သူတစ်ဦးနှင့် ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်မှ အပြစ်မဲ့ပြည်သူ တစ်ဦးထပ်မံကျဆုံးခဲ့၍ စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယနေ့အထိ၁၀၀၉ ဦးအထိရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်သည်။
အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး ထိုအရေအတွက်ထက် ပိုများနေနိုင်ကြောင်း ဖော်ပြထားသည်။
ဖေဖော်ဝါရီ၁ ရက်မှ ယနေ့ (ဩဂုတ်လ ၂၁ ရက်)အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၅၇၈၇) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၅၅) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်း ထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၈၄) ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်သည်ဟု ထပ်မံဖော်ပြထားသည်။
သြဂုတ်၁၈ ရက် ညနေပိုင်းတွင် အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များသည် မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာအတွင်းကို ဝင်ရောက်စီးနင်းခဲ့ပြီး ကျန်းမာရေးမကောင်းသည့်အတွက် ရွာမှ ထွက်ပြေးတိမ်း ရှောင်ခြင်း မပြုနိုင်ဘဲ ကျန်ခဲ့သည့် အသက် ၇၂ နှစ်အရွယ် ဦးကံထောက်ကို ထိုးကြိတ်ကန်ကျောက်၍ ရိုက်နှက် နှိပ်စက်သွားခဲ့သည်။ ဦးကံထောက်သည် ရိုက်နှက်နှိပ်စက်ခြင်းခံရသည့်ဒဏ်များကြောင့် ယနေ့ (ဩဂုတ် ၂၁) နံနက်ပိုင်းတွင် ကျဆုံးသွားခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement
သြဂုတ် ၁၉ ရက်မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်ရှိ အဆောင်တစ်ခုကို အကြမ်းဖက်စစ်အုပ်စုမှ PDF တပ်ဖွဲ့ဝင်များရှိသည်ဟုဆိုကာ အင်အားအများအပြားဖြင့် ဝင်ရောက် စီးနင်းချိန်တွင် လူငယ်တစ်ဦးဖြစ်သူ ကိုလင်းလင်းထွန်း (ခေါ်) ဘိုဖြူသည် ပြတင်းပေါက်မှ ခုန်ချ၍ထွက်ပြေးရန် ကြိုးစားစဉ် ပစ်ခတ်ခြင်းခံခဲ့ရပြီး ဝမ်းဗိုက်ကိုကျည်ထိမှန်ကာ နေရာတွင်ပင် ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် အခြားလူငယ် တစ်ဦး ဖြစ်သော မနှင်းအိခိုင်သည်လည်း ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ယမန်နေ့ (သြဂုတ် ၂၀)တွင် ရှမ်းပြည်နယ် မူဆယ်မြို့တွင်နေထိုင်သည့် ဦးထွန်းဝင်း၏နေအိမ်၌ သားဖြစ်သူကို ဝင်ရောက်ရှာဖွေရာ မတွေ့ရှိသောကြောင့် ကိုဗစ်-၁၉ ကူးစက်ခြင်းခံထားရသော ဖခင်ဖြစ်သူဦးထွန်းဝင်းကို အကြမ်းဖက်စစ်အုပ်စုမှ ဖမ်းဆီးသွားကြောင်း ဖော်ပြထားသည်။


















































