ရန်ကုန်မြို့ ခရမ်းမြို့နယ် နှင့် သာကေတမြို့နယ်တို့မှ အပြစ်မဲ့ပြည်သူနှစ်ဦးထပ်မံကျဆုံး၍ စစ်အာဏာရှင် တော်လှန်ရေး(နွေဦးတော်လှန်ရေး)ကာလအတွင်း ကျဆုံးခဲ့ရသူစုစုပေါင်းမှာ ယမန်နေ့အထိ ၁၀၁၆ ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်သည်။
အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး ထိုအရေအတွက်ထက် ပိုများနေနိုင်သည်ဟု အေအေပီပီက ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယမန်နေ့ (ဩဂုတ် ၂၄) ည ၁၀ နာရီခန့်တွင် ရန်ကုန်တိုင်း ခရမ်းမြို့၊ အမှတ်(၈) ရပ်ကွက်တွင် နေထိုင်သော ကိုမင်းအောင်သည် ၎င်း၏အမေအိမ်ကို ဝင်လည်ပြီးအိမ်သို့ ပြန်လာစဉ် ခရမ်းရဲစခန်းရှေ့မှ ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားချိန်၌ အကြမ်းဖက်စစ်အုပ်စု၏ တပ်များက ပစ်ခတ်၍ ဖမ်းဆီးခဲ့သည်။ ထို့နောက် ရိုက်နှက်၍ နှိပ်စက်သောကြောင့် ကိုမင်းအောင်မှာ ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် အကြမ်းဖက်စစ်အုပ်စုမှ ဩဂုတ်လ ၂၁ ရက်နေ့တွင် ဖမ်းဆီး သွားခဲ့သော ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်မှ ရူပဗေဒကျူရှင်ဆရာ ဦးစိုးပိုင် (ခ) ဦးကျော်ခိုင်ဝင်းသည် စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်ခံရခြင်းကြောင့် ဩဂုတ်လ ၂၃ ရက်နေ့ ညဦးပိုင်းတွင် ကျဆုံးသွားခဲ့ကြောင်း ဖော်ပြထားသည်။
ယမန်နေ့ (ဩဂုတ် ၂၄) ညနေပိုင်းတွင် စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏တပ်များ ဝင်ရောက်လာခဲ့ပြီး PDFဟု စွပ်စွဲခြင်းခံထားရသည့် အစ်ကိုဖြစ်သူကို ဖမ်းဆီးရမိခြင်း မရှိသည့်အတွက် ညီမဖြစ်သူ မအိသန္တာဖြိုးကို ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် ကျေးရွာထိပ်ရှိ ကွမ်းယာဆိုင်မှ ဒေသခံရွာသား ကိုနဂါးကိုလည်း ဖမ်းဆီးသွားခဲ့ကြောင်း ထပ်မံဖော်ပြထားသည်။

Public Service Announcement
မကွေးတိုင်း ရေနံချောင်းမြို့တွင်နေထိုင်သည့် အသက် ၁၉နှစ်အရွယ် ဓာတုဗေဒပထမနှစ်ကျောင်းသူ မဆုပြည့်အောင်ကို အရပ်ဝတ်ရဲများမှ ယမန်နေ့ (ဩဂုတ် ၂၄ ရက်) နံနက် ၁၀ နာရီ အချိန်တွင် နေအိမ်အတွင်း ဝင်ရောက် ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် အာဏာဖီဆန်ရေးလှုပ်ရှားမှုပြုလုပ်ထားသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ပြည်သူ့ဆေးရုံမှ ဓာတ်မှန်ဆရာ ကိုအိုက်ဇော်ကို PDF များနှင့် ဆက်သွယ်သည်ဟု စွပ်စွဲကာ အကြမ်းဖက်စစ်အုပ်စုမှ ဟုမ္မလင်းမြို့ရှိ နေအိမ်တစ်အိမ်၌ ယမန်နေ့ (ဩဂုတ် ၂၄) ညနေပိုင်းက ဖမ်းဆီးသွားခဲ့ကြောင်းပါရှိသည်။


















































