Connect with us

Hi, what are you looking for?

News

အကျဥ်းထောင်တွေထဲ ရှင်သန်နေကြမယ်လို့ မျှော်လင့်ရင်းစောင့်ရသူတွေ

တကယ်တော့ ထောင်ဝင်စာတွေ့တာက ၂၀၂၀ ဧပြီလထဲက ကိုဗစ်ကြောင့်ပိတ်ထားခဲ့တာဖြစ်လို့ အခု စစ်ကောင်စီအာဏာသိမ်းချိန်မှာ မတရားဖမ်းဆီးခံထားရတဲ့ အကျဥ်းသားရော အချုပ်သားတွေပါ ထောင်ဝင်စာတစ်ကြိမ်မှတွေ့ခွင့်မရလို့ ဖမ်းခံရထဲက ဒီကနေ့အထိ မိသားစုတွေတွေ့ခွင့်မရကြပါဘူး။

ကိုဗစ်အခြေအနေအကြောင်းပြချက်နဲ့ ဖမ်းဆီးခံတွေနဲ့ မိသားစုဝင်တွေကြား အဆက်အသွယ်တွေပြတ်တောက်နေတာကြာပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသား မိသားစုဝင်တွေက ပြောပါတယ်။
ထောင်ထဲမှာ ကိုဗစ်ကြောင့်သေဆုံးတဲ့သတင်းတွေကြားနေရသလို ထောင်အပြောင်းရွှေ့တွေသတင်းတွေလည်းကြားရလို့ စိတ်ပူတဲ့အကြောင်းပြောကြပါတယ်။

“ထောင်ဝင်စာပစ္စည်းပို့တာတော့ရတယ်။ ထောင်စာပို့စာယူကနေ နေကောင်းကျန်းမာကြောင်းစာတစ်ခါရထားတာကြာပြီ။ အဲဒီနောက်ပိုင်း ဘာမှမကြားရတော့ စိတ်ပူတယ်” လို့ အင်းစိန်အကျဥ်းထောင်မှာ မိသားစုဝင် ၃ ဦး ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား မိသားစုဝင် ဒေါ်ခိုင်ခိုင်အေး က ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီမတရားဖမ်းဆီးခံရပြီး အကျဥ်းထောင်ထဲမှာ ကိုဗစ်ရောဂါကူးစက်ခံရလို့သေဆုံးသွားသူတွေထဲမှာ ဒီချုပ်ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း၊ ပဲခူးတိုင်း ဒီချုပ်ပါတီတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးညွှန်ရွှေနဲ့ မန္တလေးက ခွဲစိတ်ဆရာဝန်ကြီးဒေါက်တာမောင်မောင်ငြိမ်းထွန်းတို့လည်း ပါဝင်ပါတယ်။

“သေသွားရင်ဒီတိုင်း မိသားစုမပြောဘဲ သဂြိုဟ်ပစ်လိုက်တာမျိုးတော့မလုပ်လောက်ပါဘူး။ ထောင်ထဲမှာ အသက်ရှင်ပြီး ကောင်းကောင်းရှိနေမှာပါ လို့ပဲ တွေးရတယ်။ အဆက်သွယ်လုံးဝမရှိတာ တစ်လကျော်ပြီ ” လို့ နိုင်ငံရေးအကျဥ်းသား အကိုအတွက် စိတ်သောက ရောက်ရကြောင်း မခင်နွယ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အကျဉ်းထောင်တွေမှာကိုဗစ် ကူးစက်ခံရသူဟာ ၃၇၅ ဦးရှိပြီး သေဆုံးသူ ၆ ဦးရှိခဲ့တယ်လို့ စစ်ကောင်စီက ပြီးခဲ့တဲ့ဇူလိုင်လ ၂၁ ရက်ကထုတ်ပြန်ခဲ့ပါတယ်။

ထောင်ထဲမှာ သမီးဖြစ်သူ ကိုဗစ်ကူးစက်ခံခဲ့ရတာကိုကြားသိရပေမယ့် ဘယ်လိုအခြအနေရှိနေလဲ အမေဖြစ်သူရော ကူးခံရလားဆိုတာတွေကို မသိရဘူးလို့ ဇနီးရော သမီးကြီးပါ ဖမ်းဆီးခံထားရတဲ့ ဦးစိုးဌေးက ပြောပါတယ်။

” သမီးကြီးက အချုပ်ထောင်ထဲမှာ ကိုဗစ်ဖြစ်တယ်ဆိုတာ မိတ်ဆွေတွကတဆင့် သိခဲ့ရတာ။ သိသိချင်းဆေးတွေဘာတွေပို့ပေးဖို့ လုပ်တော့လည်း လက်မခံခဲ့ဘူး။ နောက် ၂ ရက် ၃ ရက်လောက်နေတော့ သူ့အမေရှိတဲ့ အချုပ်ဘက်ကို ပို့လိုက်တယ်လို့ သိရပြီး ကျွန်တော်ဘာမှမကြားရတော့ဘူး ” လို့ သမီးငယ်လေးနဲ့အတူ လွတ်မြောက်နယ်မြေရောက်နေတဲ့ ဦးစိုးဌေးက ပြောပါတယ်။

အခုသားအမိနှစ်ယောက်လုံး အိုးဘိုထောင်ကိုပို့လိုက်ပြီလို့ သိထားရတယ်လို့လည်း ဆိုပါတယ်။
ကိုဗစ်ကြောင့် ထောင်ဝင်စာတွေပိတ်ထားပေမယ့် ဒီရက်မှာ ထောင်အပြောင်းအရွှေ့တွေလည်းရှိနေတယ်လို့ နိုင်ငံရေးအကျဥ်းသားတွေအရေးလိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောပါတယ်။

အခုထောင်ပြောင်းတာက မာရှယ်လောမြို့နယ်တွေထဲမှာ ၅၀၅ (က) နဲ့ ဖမ်းဆီးစွဲဆိုခံရသူတွေဖြစ်ပြီးတော့ မာရှယ်လောမြို့နယ်တွေမှာ စွဲဆိုခံရတဲ့သူဆိုရင် စစ်ခုံရုံးနဲ့ စစ်တာဖြစ်တဲ့အတွက် ရှေ့နေဌားပိုင်ခွင့်မရှိဘဲထောင်တန်းချခံရသူတွေဖြစ်တယ်လို့ သိရပါတယ်။

” ထောင်ကို ဆက်စပ်မေးမြန်းစုံစမ်းကြည့်ရသလောက်ကတော့ အမျိုးသမီး အယောက် ၃၀ ပါတယ်။ အမျိုးသားပါ၊ မပါ တော့မသိရဘူး။ ကြားရတဲ့သတင်းကတော့ သာယာဝတီထောင်ဆို ၅ ယောက်၊ မြင်းခြံဆိုလည်း ၅ ယောက်၊ သရက်ဆိုလည်း ၅ ယောက်ပို့တယ်။ အဲလို ပို့တာက အမျိုးသမီး အယောက် ၃၀ လို့အကြမ်းဖျင်းသိရတယ်” လို့ အဲဒီတရားလွှတ်တော်ရှေ့နေက ပြောပါတယ်။

အဲလိုထောင်အပြောင်းအရွှ့တွေကတော့ မိသားစုဝင်တွေကို အကြောင်းကြားတာမျိုးရှိတယ်လို့ ဆိုပါတယ်။

တကယ်တော့ ထောင်ဝင်စာတွေ့တာက ၂၀၂၀ ဧပြီလထဲက ကိုဗစ်ကြောင့်ပိတ်ထားခဲ့တာဖြစ်လို့ အခု စစ်ကောင်စီအာဏာသိမ်းချိန်မှာ မတရားဖမ်းဆီးခံထားရတဲ့ အကျဥ်းသားရော အချုပ်သားတွေပါ ထောင်ဝင်စာတစ်ကြိမ်မှတွေ့ခွင့်မရလို့ ဖမ်းခံရထဲက ဒီကနေ့အထိ မိသားစုတွေတွေ့ခွင့်မရကြပါဘူး။

Video Confrencing နဲ့ ရုံးထုတ်တာတွေကတော့ မိသားစုဝင်တွေနဲ့ နိုင်ငံရေးအကျဥ်းသားတွေကြား တစ်ခုတည်းသောဆက်သွယ်ရေးလက်ကြောင်းလည်းဖြစ်ပါတယ်။

ရုံးချိန်းတွေမှာ မိသားစုဝင်တွေသွားလို့မရပေမယ့် ရှေ့နေတွေကတဆင့်ပဲ ကိုယ့်မိသားစုဝင်ကျန်းမာရေးအခြေအနေကို သိခွင့်ရကြတာဖြစ်ပါတယ်။ ဒါပေမယ့် ကိုဗစ်အကြောင်းပြပြီး Video Confrencing ရုံးချိန်းတွေကိုပါ နားထားတာကြောင့် မိသားစုဝင်တွေ ရှေ့နေတွေက တဆင့်တောင် သတင်းစကားမကြားရတာဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားမိသားစုဝင်တွေက ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တောင် ရုံးချိန်းတွေရပ်နားထားလို့ သူ့ ရှေ့နေအဖွဲ့ နဲ့ တွေ့ခွင့်မရတာကြောင့် အဆက်အသွယ်ပြတ်နေတာ ခြောက်ပတ်ကြာရှိပြီဖြစ်ပါတယ်။

“လူချင်းက ဖမ်းသွားပြီးထဲက တစ်ခါမှ မတွေ့ရသေးဘူး။ ရုံးထုတ်တာတွေရပ်လိုက်တော့ ရှေ့နေတွနဲ့လည်းမတွေ့ရတော့ ကျန်းမာလားဘာလားလည်း အဆက်သွယ်မရတော့ဘူး။ ရုံးမထုတ်တော့ ထောင်ထဲမှာ အတူတူရှိနေတဲ့ သားအမိ မောင်နှမချင်းတွေလည်းမတွေ့ရဘူး” လို့ ဒေါ်ခိုင်ခိုင်အေး က ပြောပါတယ်။

စစ်တပ်အာဏာသိမ်းချိန်ကနေ ဒီကနေ့အထိ ဖမ်းဆီးခံထားရသူ ၇၆၀၀ ကျော်ရှိပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင်ဖမ်းဆီးခံထားရသူတွေကို ဘယ်နေရာတွေမှာ ဖမ်းဆီးခံထားရတယ်ဆိုတာကို မသိရဘဲ မိသားစုတွေ၊ ရှေ့နေတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့စုံစမ်းပြီးမှသာ သိရတဲ့ အခြေအနေဖြစ်တယ်လို့ AAPP အတွင်းရေးမှုး ဦးတိတ်နိုင်က ပြောထားပါတယ်။

မိသားစုဝင် ၆ ဦး တစ်ကွဲတပြားနဲ့ တစ်နေရာဆီရှိနေတဲ့ ဦးစိုးဌေးကတော့ အခုလိုပဲ ပြောပါတယ်။
“သမီးကြီးနဲ့သူ့အမေက ထောင်ထဲမှာ၊ သားငယ်က တစ်နေရာ၊ သားကြီးကတစ်နေရာ၊ ကျွန်တော်တို့သားအမိက တစ်နေရာ ဆိုပေမယ့် ဘာပဲ ပြောပြော အကုန်လုံးအသက်ရှင်နေသေးတယ်လို့ ယူဆရတယ်။ အသက်ရှင်နေကြသေးရင်တော့ တစ်ချိန်ချိန်မှာ ပြန်တွေ့နိုင်သေးတယ်”

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။