ချင်းပြည်နယ် ထန်တလန်နှင့်ဟားခါးမြို့၌ စက်တင်ဘာ ၁၈ရက်က ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့၍ သေဆုံးဒဏ်ရာရသူများရှိခဲ့ပြီး နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြရသည်။
ထန်တလန်မြို့၌ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF)နှင့် စစ်ကောင်စီတပ်တို့ စက်တင်ဘာ ၁၈ရက်က အပြန် အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လက် နက်ကြီးများ အသုံးပြု၍ အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ဟု CDF ပြောရေးဆိုခွင့်ရှိသူက ပြော သည်။
“ဟားခါးလည်း ဒီလိုပဲ လက်နက်ကြီးနဲ့ ပစ်ခတ်တာပေါ့။ ကျွန်တော်တို့ CDFနဲ့ ပစ်ခတ်မှုဖြစ်တယ်။ အဲဒီ ပစ်ခတ်မှုဖြစ်လိုက်တာနဲ့ သူတို့ တစ်ခါတည်းနဲ့ လက်နက်ကြီးနဲ့ ပစ်တာ။”ဟု ၎င်းက ဆိုသည်။
ဟားခါးမြို့၌ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်ဒဏ်ရာ ရသူများရှိခဲ့ပြီး နေအိမ်အချို့ ပျက်ဆီးခဲ့သည်ဟု CDF ပြောရေးဆိုခွင့်ရှိသူက ပြော သည်။

Public Service Announcement
“ထန်တလန်ကျတော့ သူတို့ တမင်တကာ မီးရှို့တာပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီမှာ သူတို့နေရာယူနေတာ။ သူတို့နေရာကနေလောင်တာ။သူတို့က ဆိုင်ခန်းတွေကို ဖောက်ပြီးတော့ ပစ္စည်းတွေယူတယ်” ဟု CDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
အဆိုပါ မီးလောင်ရာနေရာသို့ မီးငြိမ်းသတ်ရန်လာရောက်သည့် နှစ်ခြင်းခရစ်ယာန်လူငယ်များကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ရာ သင်းအုပ်ဆရာတစ်ဦး သေဆုံးခဲ့ကြောင်း ချင်းနှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်က ထုတ်ပြန်သည်။ စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့သူမှာ ထန်တလန်ရာပြည့်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သင်းအုပ်ဆရာ ပါစတာ ကျုံးဗျက်ဟုမ်း ဖြစ်သည်

အဆိုပါ သင်းအုပ်ဆရာတော်၏ နာရီ၊ ဖုန်းနှင့် မင်္ဂလာရွှေလက်စွပ်ကိုလည်း စစ်ကောင်စီတပ်က လက်ချောင်းဖြတ်၍ လုယူသွားကြောင်း တုန်လှုပ်ခြောက်ခြား၊ နာ ကြည်းဖွယ်ရာ တွေ့ရှိရသည်ဟု ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ဆိုသည်။
စစ်ကောင်စီ၏ ပြုမူလုပ်ဆောင်မှုများသည် လက်ရှိ ဖြစ်ပွားနေသည့် ပြည်တွင်း နိုင်ငံရေး ပဋိပက္ခများထက်ပင် ပိုမိုရှုပ်ထွေးကြီးမားသော ဘာသာရေးနှင့်လူမျိုးရေး အသွင်ဆောင်သည့် ပြည်တွင်း ပဋိပက္ခများ ဖြစ်ပေါ်လာစေနိုင်သောကြောင့် အပြင်းအထန် ရှုတ်ချကန့်ကွက်သည်ဟုလည်း သဘောထား ထုတ်ပြန်ခဲ့သည်။
ထန်တလန်နှင့် ဟာခါး၌ အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး ပစ္စည်းများယူဆောင်ခဲ့သည့် စစ်ကောင်စီတပ်၏ကျူးလွန်မှုကို နိုင်ငံတကာခုံရုံး၌တရားစွဲနိုင်ရေးလုပ်နေသည်ဟု CDFက ပြောသည်။
“ဒီလိုမျိုးလက်နက်ကြီးတွေသုံးပြီးတော့ အရပ်သားပြည်သူတွေ ဆီ ထင်ရာစိုင်း ပစ်ခတ်တာတော့ အရပ်သား ပြည်သူတွေအသက်အန္တရာယ် ဂရုမစိုက်ဘူးဆိုတဲ့ သဘောပါပဲ” ဟု CDF ပြောရေးဆိုခွင့် ရှိသူက ဆိုသည်။
စစ်ကောင်စီတပ်၏ နိုင်ငံတကာစစ်ဥပဒေချိုးဖောက်မှု လုပ်ရပ်များကို မှတ်တမ်းတင်ထားသည်ဟု ၎င်းက ဆိုသည်။

“ဆိုင်ရာဆိုင်ရာတွေဆီကို ပိုပေးပြီးတော့ နိုင်ငံတကာခုံရုံးမှာ တရားစွဲနိုင်အောင်လည်း လုပ်ထားတယ်” ဟု CDF ပြောရေးဆိုခွင့်ရှိသူကပြောသည်။
စစ်ကောင်စီလက်ချက်ကြောင့် ထန်တလန်မြို့၌ နေအိမ် အဆောက်အဦ ၁၉လုံး မီးလောင်ကျွမ်းခဲ့ပြီး ဟားခါး၌ နေအိမ် ၃လုံးထက်မနည်း ပျက်ဆီးခဲ့သည်ဟု CDF တာဝန်ရှိသူက ပြောသည်။
CDFနှင့် စစ်ကောင်စီတပ်တို့သည် ဟားခါး- ထန်တလန် လမ်း၌ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး မြို့ပေါ် ၌ ပစ်ခတ်မှုများလည်း ဖြစ်ပွားလာနေသည်။


















































