အမေရိကန်တစ်ဒေါ်လာကို ၂,၁၂၀ ကျပ်နှင့် ရွှေတစ်ကျပ်သားကို ၁,၉၃၀,၀၀၀ကျပ်ဖြင့် သမိုင်းတလျှောက် အမြင့်ဆုံးစံချိန်တင်ဈေးနှုန်းများဖြစ်လာကြောင်း ပြည်တွင်းလုပ်ငန်းရှင်များထံမှ သိရသည်။
နိုင်ငံအနှံစစ်ရေးတင်းမာလာခြင်း၊ နိုင်ငံ့စီးပွားရေး ယိုယွင်းပျက်စီးလာခြင်း နှင့် နိုင်ငံရေးမတည်ငြိမ်မူများကြောင်း ဈေးကွက်အတွင်း ဒေါ်လာနှင့် ရွှေအဝယ်များနေပြီး ဈေးနှုန်းများလည်း တရှိန်ထိုးမြင့်တက်နေသည်ဟု ရွှေဆိုင်ပိုင်ရှင်များနှင့် ငွေလဲလုပ်ငန်းဆောင်ရွက်နေသူများကပြောသည်။
“အရင်တုန်းကလို ဒေါ်လာအနွမ်းတွေ၊တံဆိပ်ပါတာတွေ မယူတာမရှိတော့ဘူး။ အဟောင်းအနွမ်းတွေ အစအကုန်ဝယ်နေရတယ်”ဟု ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။
ဈေးကွက်အတွင်း ရွှေဝယ်စုသူနှင့် ဒေါ်လာဈေး၊ကမ္ဘာရွှေဈေးမြင့်တက်လာခြင်းကြောင့် အခေါက် ရွှေတစ်ကျပ်သားကို ၁၉,၃၀၀,၀၀၀ကျပ်အထိမြင့်တက်လာခြင်းဖြစ်သည်ဟု ငွေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

Public Service Announcement

စက်တင်ဘာ ၁ ရက်တွင် အခေါက်ရွှေတစ်ကျပ်သားကို ၁,၇၀၃,၅၀၀ကျပ်သာရှိသော်လည်း ရက်နှစ်ဆယ်ကျော်အတွင်း အခေါက်ရွှေတစ်ကျပ်သားကို ကျပ် နှစ်သိန်းကျော်မြင့်တက်လာခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။ နိုင်ငံအနှံစစ်ရေးတင်းမာလာမူနှင့် စစ်ကောင်စီ၏ နိုင်ငံကို ထိန်းချုပ်နိုင်မူမရှိတော့ခြင်းကြောင့် ကျပ်ငွေအပေါ်တွင်လူထုက မယုံကြည်တော့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
“ဒေါ်လာဈေးဘာဆက်ဖြစ်လာမလဲဆိုတာ ဘယ်သူမဆိုခန့်မှန်းလို့ရနေပြီပဲလေ။ စစ်တပ်သာဆက်အုပ်ချုပ်ရင် ဒေါ်လာဈေးက ဒီထက်မကတက်လာမှာပဲ”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။
ဒေါ်လာဈေးကျဆင်းစေရန် စစ်ကောင်စီဗဟိုဘဏ်က တစ်ဒေါ်လာကို ၁,၇၅၀ကျပ်ဝန်းကျင်ဖြင့် နိုင်ငံတော်အရံငွေများကိုထုတ်ရောင်းခဲ့သော်လည်း ဒေါ်လာဈေးမှာနေ့စဉ်မြင့်တက်လျက်ရှိသည်။
အာဏာမသိမ်းခင်က တစ်ဒေါ်လာကို ၁,၃၃၇ကျပ်နှင့် ရွှေတစ်ကျပ်သားကို ၁၃၂၀၀၀၀ကျပ်သာရှိခဲ့သည်။


















































