ပြင်သစ်နဲ့ ဥရောပသမဂ္ဂတို့ဟာ စစ်တပ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့
မြန်မာ့အကြပ်အတည်းကို အဆုံးသတ်ဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကတိကဝတ်ပြုထားကြောင်း ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
အဲဒီကတိပြုချက် အောင်မြင်ဖို့ ဦးစားပေးအချက်တွေဖြစ်တဲ့ အားလုံးပါဝင်သောတွေ့ဆုံဆွေးနွေးမှုဖြစ်ပေါ်ရေး၊ ရခိုင်ပြည်နယ်အတွင်းအပါအဝင် လိုအပ်တဲ့ပြည်သူတွေဆီ လူသားချင်းစာနာထောက်ထားမှုအကူအညီများရောက်ရှိရေးနဲ့ မတရားမှုတွေကျူးလွန်သူများ အပြစ်ကင်းလွန်ခွင့်ရရှိ နေမှုကို တိုက်ဖျက်ခြင်း စတာတွေကို ဆက်လက်ကြိုးပမ်းလုပ်ဆောင်သွားမယ်လို့ ပြင်သစ်သံရုံးရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပနေတဲ့ တချိန်တည်းမှာ “ရိုဟင်ဂျာအကျပ်အတည်း – ရေရှည်တည်တံ့ခိုင်မြဲသောဖြေရှင်းချက်အတွက်မရှိမဖြစ်လိုအပ်ချက်များ” ဆိုတဲ့ နိုင်ငံတကာအစည်းအဝေးကို ဘင်္ဂလားဒေ့ရှ်က ဦးဆောင်ပြီး ပြင်သစ်၊ ဥရောပသမဂ္ဂတို့ရဲ့ အထောက်အကူနဲ့စက်တင်ဘာလ ၂၂ ရက်မှာ အွန်လိုင်းကနေ ကျင်းပခဲ့ပါတယ်။
အဲဒီအစည်းအဝေးကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး၊ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး၊ အီးယူအဖွဲ့ဝင်နိုင်ငံတွေက သံအမတ်ကြီး တွေနဲ့OIC အတွင်းရေးမှူးချုပ် တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

Public Service Announcement
အစည်းအဝေးမှာ မြန်မာပြည်သူတွေရဲ့အကျိုးစီးပွားအတွက်နဲ့ လူနည်းစုတွေရဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့၊ အားလုံးအတွက်အာမခံချက်ရရှိဖို့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီလုပ်ငန်းစဉ်ကို ပြန်လာရေး လိုအပ်ကြောင်း ပြင်သစ်က အလေးထားပြောကြားခဲ့တယ်လို့ ဆိုပါတယ်။


















































