ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် အခြေစိုက်ခလရ(၅၈) တွင် တပ်လုံခြုံရေးအတွက် ထောင်ထားသည့် မိုင်းနင်းမိ၍ စစ်သားဇနီးအချို့ သေဆုံးဒဏ်ရာရခဲ့ကြောင်း ကချင်ဒေသခံတစ်ဦးက ပြောသည်။
“မနေ့က ဖြစ်တာ။ လုံခြုံရေးယူရင်းနဲ့ သူတို့နေရာထဲမှာပဲ သူတို့မိုင်းပြန်ထိတာ။ အကုန်လုံးချိန်းလိုက်တဲ့ အခါကျတော့ ဘယ်မှာမိုင်းထောင်ထားမှန်းမပြောထားကြတဲ့အခါကျတော့ နင်းမိသွားတဲ့သဘော။ နှစ်ယောက်သေ၊ တစ်ယောက်ဒဏ်ရာရတယ်လို့ ပြောတယ်”ဟု ဒေသခံက ပြောသည်။

အဆိုပါ တပ်ရှိ စစ်သားများရှေ့တန်းထွက်နေချိန် ၎င်းတို့၏ဇနီးများကို လုံခြုံရေးယူခိုင်းထားခြင်းဖြစ်သည်ဟု ဆိုသည်။
“ရဲဘော်အမျိုးသမီးတွေကလည်း အကုန်စစ်သားတွေပဲလေ။စစ်သားပဲလုပ်ခိုင်းထားတာ။ စခန်းမှာ ရှိတဲ့ ရဲဘော်တွေက မရှိတော့ဘူး။ စစ်သမီးတွေပဲရှိတာ။ သူတို့က လုံခြုံရေးယူရင်းနဲ့ စစ်ဝတ်စစ်စားနဲ့ပဲ ဖြစ်တာလို့ ပြောတယ်”ဟု ဒေသခံက ပြောသည်။
ဒေသတွင်းသတင်းဌာန Kachinwaves က ခလရ(၅၈) ပေါက်ကွဲမှုဖြစ်စဉ်ကို ဖော်ပြရာ၌ စစ်သားဇနီးများ ၎င်းတို့အမျိုသားများထောင်ထားသည့် မိုင်းနင်းမိပြီး ၃ဦးသေနှစ်ဦးဒဏ်ရာရသည်ဟု ဆိုသည်။ တပ်စခန်းအနီးရှိ ၎င်းတို့၏ အမျိုးသားများ စိုက်ပျိုးထားသည့် စိုက်ခင်းထဲသွားစဥ် မိုင်းနင်းမိခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement
အဆိုပါ ခလရ(၅၈)တပ်ကို ဇူလိုင် ၂၉ရက်က ကချင်လက်နက်ကိုင်အဖွဲ့(KIA) လာရောက်တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ခဲ့သည်။ ထို့နောက်ပိုင်းတွင် KIAက လာရောက်တိုက်ခိုက်ခြင်းမရှိတော့သော်လည်း အဆိုပါတပ်မှ လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်မှုများ မကြာခဏ ပြုလုပ်ခဲ့၍ အရပ်သားအချို့သေဆုံးထိခိုက်ကာ နေအိမ်နှင့် အိမ်မွေးတိရိစ္ဆာန်များ ပျက်စီးမှု ဖြစ်ခဲ့သည်။ အနီးတစ်၀ိုက်ရှိ ကျေးရွာများမှ ဒေသခံများလည်း စစ်ဘေးတိမ်းရှောင်နေကြရသည်။
ဓာတ်ပုံ – Kachinwaves
