အရာတော်မြို့နယ် သစ်ကျင်းကြီးကျေးရွာရှိ NLD လက်ထက်အုပ်ချုပ်ရေးမှူး၏ နေအိမ်အပါအဝင် နေအိမ်ငါးလုံးကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
အောက်တိုဘာ ၂၀ရက်က အကြမ်းဖက်ကောင်စီ၏ သစ်ကျင်းကြီးကျေးရွာအနီးရှိ (၃၆၉ အမြှောက်တပ်ရင်း၊ အရပ်ခေါ် သစ်ကျင်းကြီးတပ်)က ဝင်ရောက်မီးရှို့ခဲ့ခြင်းဖြစ်သည်။
“စစ်တပ်ကို လှမ်းခေါ်ပြီး သတင်းပေးတဲ့လူက ကြံ့ဖွတ်အုပ်ပြုတ် ရွှေထွန်းဆိုတဲ့ကောင်ပါ။ ရွာမှာ သူနဲ့အဆင်မပြေတဲ့သူတွေကို သတင်းလိုက်ပေးနေတာ။ စစ်တပ်ကလည်း သစ်ကျင်းကြီးမှာဆိုတော့ နီးတော့ချက်ချင်းလာပြီး မီးရှို့သွားတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။
နေအိမ်မီးရှို့ခံရသည့် သစ်ကျင်းကြီးကျေးရွာ ဒေသခံများမှာ လက်ရှိတွင် ထွက်ပြေးတိမ်ရှောင်နေကြရသည်။
အောက်တိုဘာ ၁၅ရက်လည်း အရာတော်မြို့နယ်မကျည်းကန်ရွာရှိ ဘုရားအလှူငွေများကို စစ်ကောင်စီကလုယူပြီး နေအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့သည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အားကောင်းသော စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီက ထိုးစစ်ဆင်နေပြီး အပြစ်မဲ့ပြည်သူများကို အုပ်စုလိုက်သတ်ဖြတ်ခြင်း၊နေအိမ်များ မီးရှို့ခြင်းနှင့် အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာကျူးလွန်ခြင်းစသော စစ်ရာဇဝတ်မှုများစွာရှိနေကြောင်း လူမှုအဖွဲ့အစည်းများက ထောက်ပြထားသည်။