စစ်ကောင်စီရဲ့ ရေနံနဲ့သဘာ၀ဓာတ်ငွေ့ကဏ္ဍကို အဓိကအရေးယူဒဏ်ခတ်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။
NUG ဟာ ‘စီးပွားရေးပိတ်ဆို့မှုမူဝါဒ’ ကို နိုဝင်ဘာ ၉ ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်ခဲ့ပြီး အဲဒီမူဝါဒ လမ်းညွှန်ထဲမှာ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်တပ်စီးပွားရေးနဲ့ပတ်သက်တဲ့လုပ်ငန်း တွေထဲက ရေနံနဲ့သဘာ၀ဓာတ်ငွေ့ကဏ္ဍကို ပထမဦးစားပေးအဖြစ် အရေးယူဒဏ်ခတ်ဖို့ ဖော်ပြ ထားပါတယ်။
ဒုတိယဦးစားပေးအဖြစ် သတ္တုတွင်းကဏ္ဍ၊ တတိယဦးစားပေးအဖြစ် ဘဏ်လုပ်ငန်း တို့ကို ဖော်ပြ ထားပြီး စစ်တပ်နဲ့ပတ်သက်တဲ့ ငွေကြေးလွှဲပြောင်းမှုတွေကိုတားဆီးဖို့ နိုင်ငံတကာဘဏ်တွေကို ပိတ်ဆို့ခြင်းက စစ်တပ်ရဲ့လက်နက်ဝယ်ယူမှုကိုထိခိုက်စေကာ တိုင်းပြည်ရဲ့ဝင်ငွေတွေကို သူတို့ ကိုယ်ပိုင်အကျိုးစီးပွားအတွက် သုံးစွဲနေမှုကို ကာကွယ်စေနိုင်တယ်လို့ NUG က ဆိုပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီရဲ့ လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်မှုကျူးလွန်တဲ့ ဆောင်ရွက်ချက်တွေကို ကူညီပံ့ပိုးနေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ရပ်ဆိုင်းဖို့၊ စစ်ကောင်စီ(ဒါမှမဟုတ်) စစ်တပ်ကို ဝင်ငွေပေးနေတဲ့ငွေပေးချေမှုအားလုံးကို ရပ်ဆိုင်းထားဖို့၊ စစ်ခေါင်းဆောင်တွေနဲ့ သူတို့နဲ့ပတ်သက်ဆက်နွယ်နေသူတွေကို ပြည်ဝင်ခွင့်ပိတ်ပင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို NUG ကတောင်းဆိုပါတယ်။
နောက်ပြီး မြန်မာနိုင်ငံကနေ ထွက်ခွာတဲ့စီးပွားရေးလုပ်ငန်းတွေအနေနဲ့ သင့်လျော်တဲ့နစ်နာကြေးကို ဝန်ထမ်းတွေကို ပေးရမယ်လို့လည်း NUG က တိုက်တွန်းပါတယ်။
