အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်ဖီဆန်တဲ့တပ်မတော်သားတွေထဲမှာ အမျိုးသမီးအရာရှိတစ်ဦးပါဝင်လာပြီး နောင်လာမယ့်နေ့ရက်တွေမှာသိက္ခာရှိစွာနေထိုင်သွားချင်လို့ ပြည်သူဘက်မျက်နှာမူခဲ့တာဖြစ်တယ်လို့ CDM ပြုလုပ်လာသူ ဗိုလ်ကြီးမေပိုးက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းချိန်ကစလို့ တရားမျှတမှုမရှိတဲ့ လုပ်ရပ်တွေ၊ ပြည်သူတွေကိုအကြောင်းမဲ့ သတ်ဖြတ်တာတွေကို ဘယ်လိုမှလက်ခံလို့မရတဲ့အတွက် တော်လှန်ရေးမှာ ပူးပေါင်းပါဝင်ဖို့ ပြည်သူလူထုဘက် မျက်နှာမူလာတာဖြစ်တယ်လို့ ဗိုလ်ကြီးမေပိုးက ပြောကြောင်း People’s Soldiers ပြည်သူ့စစ်သားများအဖွဲ့ကထုတ်ပြန်ပါတယ်။
“တပ်မတော်ကပြည်သူတွေကိုတင်မကဘူး တပ်မတော်သားအချင်းချင်းလည်း ဖိနှပ်မှုမျိုးစုံရှိတဲ့အတွက်ကြောင့်တပ်တွင်းမှာလည်း စစ်ကောင်စီကိုစွန့်ခွာချင်သူတွေများပြားလာပါပြီ” လို့ ဗိုလ်ကြီးမေပိုးက ပြောပါတယ်။
နောင်လာမယ့်အနာဂတ်မှာ စစ်သားဆိုတာနဲ့ ပြည်သူတွေက မုန်းတီးနေတာမျိုးမဖြစ်ရအောင်၊ ဒီလိုပြဿနာတွေကိုဖန်တီးတဲ့ အာဏာရှင်တွေကို အမြစ်ပြတ်အောင် တပ်မတော်သားအားလုံး ပူးပေါင်းပါဝင်ဖို့လိုအပ်တယ်လို့လည်း ဗိုလ်ကြီးမေပိုးက တိုက်တွန်းပါတယ်။

Public Service Announcement
ပြည်သူ့စစ်သားများအဖွဲ့ဟာ ပြည်သူ့ဘက်ရပ်တည်ခဲ့တဲ့ တပ်မတော်သားကောင်းတွေနဲ့ ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။
ပြည်သူ့စစ်သားများအဖွဲ့ဟာ Defection Strategy ကို NUG အစိုးရအား တင်ပြနိုင်ခဲ့ပြီးနောက် NUG က “ တပ်မတော်သားနှင့်စပ်လျဉ်းသော မူဝါဒ” ထုတ်ပြန်ပေးခဲ့တယ်လို့ People’s Soldiers အဖွဲ့ ထုတ်ပြန်ထားပါတယ်။
အဲဒီနောက်မှာ NUG အစိုးရရဲ့ အမြော်အမြင်ရှိရှိ ဆောင်ရွက်ချက်တွေ ၊ ပြည်သူတွေရဲ့ နွေးထွေးစွာ ကြိုဆိုမှုတွေကြောင့် Defection Strategy ကို ပိုမိုလက်ခံလာကြပြီး NUG အစိုးရကွပ်ကဲမှုနဲ့ ပြည်သူ့ရင်ခွင် အစီအစဉ်ပေါ်ပေါက်လာခဲ့တယ်လို့ ဆိုပါတယ်။


















































