ကချင်လက်နက်ကိုင်အဖွဲ့(KIO/KIA) ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အင်ဘန်လနှင့် စစ်ကိုင်းတိုင်းဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တာဝန်ရှိသူအချို့ အွန်လိုင်းမှ ဆွေးနွေးခဲ့ကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေး အမည်ရှိ Facebook စာမျက်နှာက ယနေ့ ဖော်ပြခဲ့ရာ ယင်းသို့ တွေ့ဆုံမှုမျိုး မကြားမိကြောင်း KIO/KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောသည်။
“ ကျွန်တော်ထင်တာ အခုအချိန်မှာက ကျွန်တော်တို့ကကိုဗစ်ရောဂါ ပြန့်နှံ့နေလို့ အပြင်တောင်မထွက်ဘူး ဖြစ်နေတာ။ ဆိုတော့ တွေ့ဆုံဆွေးနွေးတယ်ဆိုတာကတော့ ကျွန်တော်တော့ မကြားမိဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ထီးချိုင့် ပြည်သူ့ကာကွယ်ရေး အမည်ရှိ Facebook စာမျက်နှာသည် ထီးချိုင့်ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့(PDF)၏ စာမျက်နှာ အစစ်မဟုတ်ဘဲ အတုသာဖြစ်ကြောင်း ထီးချိုင့် PDFနှင့် နီးစပ်သူဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ ထီးချိုင့် ကာကွယ်ရေးအမည်ရှိ စာမျက်နှာသည် တိုက်ပွဲသတင်းများကိုလည်း မဟုတ်မမှန်ဖော်ပြမှုများ ပြုလုပ်နေကြောင်း ၎င်းကဆိုသည်။