အာဏာသိမ်းစစ်ကောင်စီက လူသားစိတ်ကင်းမဲ့ပြီး သွေးဆာနေသော အကြမ်းဖက်လုပ်ရပ်များ ကျူး လွန်နေသော်လည်း လူ့အခွင့်အရေးကို တန်ဖိုးထားသည့် ပြည်သူများ၏ ဆုံးဖြတ်ချက်နှင့် ရဲရင့်မှုကို မတားဆီးနိုင်ကြောင်း အမျိုးသားညီညွတ်ရေအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။
ယနေ့(ဒီဇင်ဘာ ၁၀ရက်)ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့သို့ ယာယီသမ္မတက သဝဏ်လွှာပေးပို့ရာ ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ် သည်။
တိုင်းပြည်အား လက်နက်အားကိုးဖြင့် အကြမ်းဖက်အုပ်ချုပ်လိုသည့် အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်ကြောင့် ဒီဇင်ဘာ၁၀ရက်အထိ အပြစ်မဲ့ပြည်သူ ၁,၃၂၃ဦး သတ်ဖြတ်ခံရပြီး ကျဆုံးခဲ့ကြောင်း၊ ဥပဒေမဲ့ဖမ်းဆီးမှုကြောင့် ထောင်နှင့်ချီသည့်ပြည်သူများ ချုပ်နှောင်ခံနေရဆဲဖြစ်ကြောင်း ယာယီသမ္မတက ပြောသည်။
မကြာမီက ဖြစ်ပျက်ခဲ့သည့် ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်တွင် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူငယ်များအား ကားဖြင့်တိုက်သတ်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်၊ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး မြို့နယ်တွင် အပြစ်မဲ့ပြည်သူ ၁၁ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့သည့် လူမဆန်သည့် လုပ်ရပ်အပြင် မြို့လုံးကျွတ် မီးလောင်တိုက်သွင်း ဖျက်ဆီးခဲ့သည့် လုပ်ရပ်များအားလုံးသည် လူသားစိတ်ကင်းမဲ့ပြီး သွေးဆာနေသော အကြမ်းဖက်လုပ်ရပ်များအထိ စစ်ကောင်စီက ကျူးလွန်လျက်ရှိကြောင်း သက်သေပြနေသည်ဟု ၎င်းက ဆိုသည်။ယင်းသို့ကျူးလွန်မှုများကြောင့် ဒုတိယကမ္ဘာစစ်အတွင်းက ဖြစ်ရပ်များကို ပြန်လည်အမှတ်ရစေသည်ဟု ယာယီသမ္မတက ပြောသည်။

Public Service Announcement
သို့သော် လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားသည့် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ ပြည်သူများ၏ ခိုင်မာသောဆုံးဖြတ်ချက်များနှင့် လေးစားလောက်သည့် ရဲရင့်မှုများကို အကြမ်းဖက်စစ်ကောင်စီအနေဖြင့် မတားဆီးနိုင်ကြောင်း၊ ယုံကြည်ချက်ကို အခြေခံထားသည့် CDM လှုပ်ရှားမှုနှင့် အသွင်အမျိုးမျိုးဖြင့် စစ်အာဏာရှင်အား ဆန့်ကျင်လျက်ရှိသည့် သပိတ်စစ်ကြောင်းများ ရှိနေဆဲဖြစ်သည်ဟု ယာယီသမ္မတက ပြောသည်။
တော်လှန်စစ်ကိုဆင်နွဲနေကြသည့် တိုက်ပွဲဝင်သူရဲကောင်းများနှင့် ပြည်သူ့ရင်ခွင်ကို နေ့စဥ် ကူးပြောင်း လာလျက်ရှိသည့်တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ၏ သတင်းများကလည်း အကြမ်းဖက် စစ်ကောင်စီအတွက် တုန်လှုပ်စရာဖြစ်နေကြောင်း၊ တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင်လျက် ရှိသည့် သံတမန် တိုက်ပွဲများကလည်း စိတ်အား တက်စရာ ကောင်းနေသလို နေဦးတော်လှန်ရေးအတွက် နည်းလမ်းပေါင်း စုံဖြင့် လှူဒါန်းကူညီနေသူများသည်လည်း ချီးကျူး ဂုဏ်ပြုစရာကောင်းလှကြောင်း ၎င်းက ဆိုသည်။
တပြိုင်နက်တည်းမှာပင် လူ့အခွင့်အရေးအတွက် အသက်ကိုရင်းပြီး အသွင်သဏ္ဍာန်အမျိုးမျိုးဖြင့် တိုက်ပွဲဝင်လျက်ရှိကြသည့် လူထုကို တိုက်ပွဲများအားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရက ကျေးဇူးတင် အသိအမှတ်ပြုကြောင်း ယာယီသမ္မတက ပြောကြားသည်။
အမျိုးသားညီညွတ်ရေးအစိုးရကလည်း အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်ကြေညာ ချက် ထုတ်ပြန်ရာ ယခုကဲ့သို့သော နေ့ထူးနေ့မြတ်တွင် စစ်အာဏာရှင်စနစ်ကို တွန်းလှန်ဆန့်ကျင်နေကြသော မြန်မာပြည်သူများ၏ လူ့အခွင့်အရေးအပေါ် တန်ဖိုးထားမှု၊ မိမိနှင့် အခြားသူများ၏ လူ့အခွင့်အရေး မဆုံးရှုံးစေရေးအတွက် အဆုံးအထိခုခံတွန်းလှန်နေမှုများကို အလေးအနက် မှတ်တမ်းတင်လိုကြောင်း ဖော်ပြသည်။
မိမိတို့သည် လူ့သမိုင်းတွင် ဆိုးရွားလှသော အကြမ်းဖက်စစ်အာဏာရှင်စနစ်နှင့် ရင်ဆိုင်ခဲ့ကြရ၊ ရင်ဆိုင်နေကြရသော်လည်း လူ့အခွင့်အရေးကို မြတ်နိုးတန်ဖိုးထားမှုများသည် စိုးစဉ်းမျှ လျှော့ကျသွားခြင်းမရှိကြောင်း ဖော်ပြနေသည့် ပြယုဂ်ပင်ဖြစ်သည်ဟုလည်း အမျိုးသားညီညွတ်ရေး အစိုးရက ထုတ်ပြန်သည်။
၂၀၂၁ နွေဦးတော်လှန်ရေးသည် မြန်မာနိုင်ငံ၏ သမိုင်းတလျောက်တွင် တည်ရှိခဲ့သည့် မမျှတမှုများကို အပြီးတိုင်ဖြေရှင်းကျော်လွှားပြီး ပြည်သူအားလုံး၏ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာကို အာမခံနိုင်မည့် လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းနှင့် တရားမျှတခြင်းပြည့်ဝသော ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ကို တည်ဆောက်နိုင်ရန် ရည်သန်သည့် တော်လှန်ရေးဖြစ်ကြောင်းလည်း အသိပေးသည်။
ထိုသို့သော ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ကို ထူထောင်နိုင်ရန်အတွက် အရေးအကြီးဆုံး အချက်မှာ နိုင်ငံတကာ ရာဇဝတ်မှုများနှင့် အကြမ်းဖက်လုပ်ရပ်များကို စနစ်တကျနှင့် ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေသည့် အကြမ်းဖက် စစ်အုပ်စုကို ဖယ်ရှားနိုင်ရန်ဖြစ်သည်ဟု ဆိုသည်။
မြန်မာ ပြည်သူများကလည်း အကြမ်းဖက်စစ်အုပ်စုကို နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်နေလျက် ရှိသည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် များစွာလေးစား ဂုဏ်ယူမိကြောင်း ဖော်ပြ သည်။
မြန်မာပြည်သူများသည် လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းနှင့် တရားမျှတခြင်းတို့ကို ခံစားခွင့်ရရန် ထိုက် တန်သည်ထက်မက ထိုက်တန်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လည်း တော်လှန်ရေး တာဝန်များကို ဦးလည်မသုန် ထမ်းရွက်၍ ထိုတန်ဖိုးနှုန်းစံများကို အာမခံနိုင်သော နိုင်ငံတော်တစ်ရပ်ကို တည်ထောင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထပ်လောင်း သန္နိဌာန် ပြုသည်ဟု ထုတ်ပြန်ခဲ့သည်။


















































