ထိုင်းနိုင်ငံရှိ အကြီးဆုံးမြန်မာဒုက္ခသည်စခန်း မယ်လတွင် ယမန်နေ့ညက ထိုင်းအာဏာပိုင်များနှင့် မြန်မာဒုက္ခသည်များအကြားပဋိပက္ခဖြစ်ခဲ့ရာ အဆိုပါဒေသတစ်၀ိုက်ကို ထိုင်းစစ်တပ်က နေရာယူထိန်းထားကြောင်း ကရင်ဒုက္ခသည်ကော်မတီ(KRC) အတွင်းရေးမှူး ဆရာဘွယ်စေးက လူထုနွေဦးသို့ ပြောသည်။
ဒီဇင်ဘာ ၁၄ရက်က မယ်လစခန်း၌ နေထိုင်သည့် မြန်မာဒုက္ခသည် လူငယ်အချို့က နှာခေါင်းစည်းမတပ်ဘဲ သွားလာသည့်အပေါ် ထိုင်းတာဝန်ရှိသူက အရေးယူသည်ဟုဆိုကာ ဆိုင်ကယ်ပေါ်မှ ရေခဲသေတ္တာကို ခြေဖြင့်ကန်ခြင်း၊ ဆိုင်ကယ်သိမ်းခြင်း ပြုလုပ်ခဲ့၍ စခန်းရှိ လူငယ်များ စုဝေးပြီး ထိုင်းအာဏာပိုင်များ၏ ကားများနှင့် ရုံးအဆောက်အဦများကို ဖျက်ဆီးခဲ့သည်ဟုဆို သည်။

ဒုက္ခသည်စခန်း ပဋိပက္ခဖြစ်စဉ်တွင် ထိုင်းအာဏာပိုင်များက သေနတ်ပစ်ဖောက် ဖြိုခွင်းခဲ့သော်လည်း လူစုမခွဲသွား၍ ထိုင်းတာဝန်ရှိသူများ စခန်းမှ ထွက်ပြေးသွားခဲ့ကြောင်း၊ လက်ရှိတွင် အဆိုပါဒေသရှိ ထိုင်းစစ်တပ်က ထိန်းထားပြီး ပြဿနာဖြေရှင်းရန် စီစဉ်နေကြောင်း ဆရာဘွယ်စေးက ပြောသည်။

“အခုလောလောဆယ်တော့ ထိုင်းတပ်က အဲဒီစခန်းရဲ့ အနီးလေးမှာရှိတဲ့ တပ်က လာပြီးတော့ အခြေအနေကို ထိန်းထားလိုက်တယ်။ထိန်းထားပြီး လောလောဆယ် တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ အုပ်ချုပ်ရေးပိုင်းနဲ့ ဆိုင်တဲ့ပုဂ္ဂိုလ်တွေ ဒုက္ခသည်နဲ့ ဆိုင်တဲ့ပုဂ္ဂိုလ်တို့ အဖွဲ့အစည်းတို့ သူတို့စောင့်နေတယ်။ ဘယ်သူမှ ဘယ်အဖွဲ့မှတော့ မသွားသေးဘူး။ ဥပမာ UNHCR တို့လည်း သူတို့တာဝန်ရှိတယ်။ ဒါပေမဲ့ ဘယ်အဖွဲ့မှာတော့ မသွားသေးဘူးပေါ့။ ဒါကြောင့် စောင့်နေတုန်းပဲ။ ကျွန်တော်တို့လည်း အပြင်မှာနေပြီးတော့ နားထောင်နေတုန်းပဲ။ သူများမခေါ်ရင်လည်း သွားလို့မရဘူး”ဟု ဆရာဘွယ်စေးက ပြောသည်။

Public Service Announcement

အဆိုပါ ပဋိပက္ခဖြစ်စဉ်တွင် ဒုက္ခသည်စခန်းရှိ ပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
လွန်ခဲ့သည့် ဆယ်စုနှစ်များက ကရင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ကရင်တိုင်းရင်းသားအများစုအပါအဝင် မြန်မာဒုက္ခသည်များ ထိုင်းနိုင်ငံဘက်သို့ထွက်ပြေးတိမ်းရှောင်နေကြရပြီး လက်ရှိအချိန်ထိ ကရင်ဒုက္ခသည် စခန်း ၇ခု ကရင်နီဒုက္ခသည်စခန်း ၂ခု စုစုပေါင်း စခန်းကိုးခုတွင် လူဦးရေ ၈သောင်းကျော်ရှိသည်ဟု ဆိုသည်။ အဆိုပါ စခန်း ၉ခု၌ မယ်လစခန်းသည်လူဦးရေ ၃၇၀၀၀ ကျော်ဖြင့် အကြီးဆုံးဒုက္ခသည်စခန်းဖြစ်သည်။
ယခင် ပြည်သူ့အစိုးရလက်ထက်တွင် ထိုင်းရှိ မြန်မာဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး ဆောင်ရွက်မှုများ ရှိသော်လည်း ကိုဗစ်ကပ်ရောဂါ ကာလအခြေအနေနှင့် အာဏာသိမ်းမှုတို့ကြောင့် နေရပ်ပြန်ရေးမှာ ပိုမိုအခက် အခဲ ဖြစ်ပေါ်နေသည်။


















































