ချောင်းဦးမြို့အနီး စစ်ကောင်စီတပ်မှကားတစ်စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ခြောက်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိကြောင်း Young Fighters People’s Defence Force Of Myaung(YFPDF)က ယနေ့(ဒီဇင်ဘာ ၁၈) ထုတ်ပြန်သည်။
ယမန်နေ့(ဒီဇင်ဘာ ၁၇)က စစ်ကိုင်းဘက်မှ မုံရွာဘက်သို့လာသော စစ်တပ်ကားကို ချောင်းဦးမြို့အနီး ငါ့ရှန်ရွာနှင့် နတ်ရေကန်ကြားတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“စစ်ကိုင်း မှ မုံရွာလာသော စခကားများကို ဒီဇင်ဘာ ၁၇ ရက်တွင် ချောင်ဦးမြို့မရောက်ခင် ငါ့ရှန်ရွာနဲ့ နတ်ရေကန်ရွာကြားတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး ၆ကောင် ဘဝကူးသွားပြီး လိုက်ပွဲ ၂ ပွဲ အသင့်ရှိနေပါသည်”ဟု ထုတ်ပြန်ချက်က ဆိုသည်။
လက်ရှိအခြေအနေတွင် ခရီးသွားမိဘပြည်သူများအနေဖြင့် ခရီးလမ်းပိုင်းများအသုံးပြုလိုပါက သက်ဆိုင်ရာ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ သတင်းပို့ခြင်းဖြင့် ပူးပေါင်းပါဝင်စေလိုပြီး သို့မှသာ မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားမည်ဟုလည်း YFPDF တာဝန်ရှိသူက ပြောသည်။

Public Service Announcement
“ကျွန်တော်တို့ တပ်ဖွဲ့ဝင်များသည် ပြည်သူနှင့်အတူရပ်တည်ကာ ပြည်သူ့အသက်အိုးအိမ် စည်းစိမ်တို့ကို အတက်နိုင်ဆုံးနှင့် အထိအခိုက် အနည်းဆုံးဖြစ်အောင် တိုက်ပွဲများဖော်ဆောင် သွားပါမယ်။ အားတင်းထားပါ။ စိတ်မပျက်ပါနဲ့။ အရေးတော်ပုံအောင်ရမည်”ဟု ၎င်းက ဆက်ပြောသည်။
အထက်ပါတိုက်ခိုက်မှုကို မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Myaung People`s Defense Force TGR)နှင့် Young Fighters People’s Defence Force Of Myaung-YFPDF မဟာမိတ်နှစ်ဖွဲ့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
(ချောင်းဦးမြို့ တစ်နေရာအား ဒီဇင်ဘာ ၁၀ ရက်ကတွေ့ရစဥ်၊ ဓာတ်ပုံ -CJ)


















































