အိန္ဒိယက အကြမ်းဖက်မြန်မာစစ်ကောင်စီကို ကူညီထောက်ပံ့မှုများအား ချက်ချင်းရပ်တန့်ရန် အရပ်ဘက် အဖွဲ့အစည်းနှစ်ခုက တောင်းဆိုထုတ်ပြန်သည်။
မြန်မာစစ်တပ်၏ ရာဇဝတ်မှုများတွင် အိန္ဒိယအစိုးရ၏ နက်ရှိုင်းစွာ ပါဝင်ပတ်သက်နေမှုနှင့် နေပြည်တော်သို့ ရောက်ရှိနေသည့် အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်၏ ခရီးစဉ်ကို ကန့်ကွက်ရှုတ်ချကြောင်း Justice for Myanmar နှင့် India for Myanmar တို့က ယနေ့(ဒီဇင်ဘာ ၂၃ရက်)ထုတ်ပြန်သည်။
“နိုင်ငံခြားရေးဝန်ကြီး Harsh Vardhan Shringla ၏ မြန်မာနိုင်ငံခရီးစဉ်သည် စစ်ကောင်စီအား တရားဝင်မှု ပေးနေခြင်းပင်ဖြစ်သည်”ဟု Justice for Myanmar က ဆိုသည်။
India for Myanmar ကလည်း အိန္ဒိယကုမ္ပဏီများ၏ မြန်မာစစ်တပ်နှင့်ပတ်သက်ဆက်နွယ်နေသည့် စီးပွားရေးလုပ်ငန်းများကိုရပ်ဆိုင်းရန် ၊ မြန်မာစစ်တပ်အား စစ်လက်နက်ပစ္စည်းများ ပံ့ပိုးနေမှုကို အချိန်မဆိုင်းဘဲရပ်တန့်ရန်၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG တာ၀န်ရှိသူများနှင့် ဆုံတွေ့ရန် တောင်းဆိုသည်။

Public Service Announcement
ထို့အပြင် ချင်းပြည်နယ်မှ အိန္ဒိယသို့ရွေ့ပြောင်းကြရသည့် အရပ်ဘက်အဖွဲ့အစည်းများ၏ အသံကို နားထောင်ကာ စစ်ဘေးရှောင်ပြည်သူများအရေး ထိထိရောက်ရောက်ဆောင်ရွက်ရန် အိန္ဒိယအစိုးရကို India for Myanmar က တောင်းဆိုထားသည်။
မြန်မာပြည်သူများကြုံတွေ့နေရသည့် အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များအား အိန္ဒိယ ပြည်သူများ ပိုမိုသိရှိလာပြီး ဒီမိုကရေစီအရေး ပူးပေါင်းဆောင်ရွက်မှုများ နှင့် မြန်မာပြည်သူများအပေါ် ပါ၀င်ကူညီမှုများ တိုးမြှင့်စေရန်အတွက် ၂၀၂၁အောက်တိုဘာလတွင်စတင်စုစည်း၍ #
India4Myanmar လှုပ်ရှားမှုအား စတင်ခဲ့ခြင်းဖြစ်သည်India4Myanmar လှုပ်ရှားမှုသည် လွတ်လပ်အမှီခိုကင်းသည့် လှုပ်ရှားမှုဖြစ်ပြီး မြန်မာပြည်နှင့် အိန္ဒိယ ပြည်ရှိ ဒီမိုကရေစီ ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊ ပညာရှင်များနှင့် အဖွဲ့အစည်းကိုယ်စားလှယ်များ ချိတ်ဆက်ပါ၀င်လျက်ရှိသည်ဟုထိုအဖွဲ့ကကြေညာထားသည်။


















































